အံ့ဘုန်မြတ် ၄ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)
ခေတ်နဲ့စနစ်တွေကို သရော်ထားတဲ့ ပျက်လုံးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိနေတဲ့ ဒါရိုက်တာမောင်မျိုးမင်း ဦးဆောင်တဲ့ ထာဝရနှင်းဆီအဖွဲ့သားတွေရဲ့ ဖျော်ဖြေပွဲတခုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ (Menara Pgrm) ခန်းမမှာ ဒီကနေ့ နေ့လယ် ဒေသစံတော်ချိန် ၁ နာရီကစတင်ပြီး ကပြဖျော်ဖြေခဲ့တာပါ။ ဒီလို ကပြဖျော်ဖြေနေတာနဲ့ပတ်သက်ပြီး ပြဇာတ်ဆရာအဖြစ် တာဝန်ယူ ထားတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က အခုလို ပြောပါတယ်၊
“Menara Pgrm ခန်းမမှာ ကျနော်တို့ ထာဝရနှင်းဆီအဖွဲ့ကပြ ဖျော်ဖြေနေပါတယ်။ ကျနော်တို့ ဒီထဲမှာ နေတိုး၊ မိုးမိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဘို၊ ရဲလေး ဒါက လူရွှင်တော်တွေပေါ့။ မင်းသမီးတွေကတော့ ဖူးစုံ၊ မေကဗျာ၊ မိုးယုစံတို့ ပါလာ ပါတယ်။ ၂၀၁၁ အကယ်ဒမီပွဲကို ကျနော်တို့ ပျက်လုံးလေးတွေ ထုတ်ထားတာ ရှိပါတယ်။ အဲဒီ ပျက်လုံးလေးတွေကို ပရိသတ်တွေလည်း သဘောကျတယ် ထင်ပါတယ်။”
ဒီဖျော်ဖြေပွဲကို မလေးရှားနိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုး ၁၀၀၀ ကျော်လောက် လာရောက် အားပေးခဲ့ကြပြီး ပျက်လုံးတွေကိုလည်း အထူးအားပေးခဲ့ကြတယ်လို့လည်း ဒါရိုက်တာမောင်မျိုးမင်းက ဆိုပါတယ်။ ဒီလိုပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေကို လှည့်လည် ဖျော်ဖြေပေးနေတဲ့အပေါ်ကိုလည်း ဒါရိုက်တာမောင်မျိုးမင်းက ခုလို ပြောပြပါတယ်။
“သူတို့တွေအားလုံးကိုပေါ့နော် ကိုယ်ချင်းစာတယ်။ အဝေးကို ရောက်နေတဲ့အချိန်မှာ ဘာပဲပြောပြော မြန်မာပြည်ကို သတိရတယ်။ ရွှေတိဂုံဘုရားကို သတိရမယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကို သတိရမယ်။ မြန်မာ့ပွဲလမ်းသဘင်တွေကို သတိရမယ်ပေါ့နော် သတိရစရာတွေ အများကြီး ရှိတယ်။ အဲဒီလိုပဲ ကျနော်တို့ ဒီမှာ သူတို့အတွက် ထွက်ပေါက်တခုအနေနဲ့ရော၊ သူတို့အတွက် ကျေနပ်မှုတခုအနေနဲ့ရော အချိန်ခဏလေး အတွင်းမှာပဲဖြစ်ဖြစ် မြန်မာပြည်ကို ပြန်ရောက်ရသလို၊ မြန်မာအနုပညာရှင်တွေနဲ့ တွေ့ရတယ်ဆိုတဲ့ ပီတိကို ခံစားနိုင်အောင်လို့ ကျနော်တို့ လာပြီးတော့ ဖျော်ဖြေတင်ဆက် ကပြခြင်း ဖြစ်ပါတယ်။”
ထာဝရနှင်းဆီ အဖွဲ့သားတွေအနေနဲ့ လာမယ့် ၆ ရက်နေ့မှာလည်း မလေးရှားနိုင်ငံ ပီနမ်မှာလည်း ကပြဖျော်ဖြေကြဦးမှာ ဖြစ်ပါတယ်။
Leave a Reply