စာနယ်ဇင်း, ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, သမ္မတ, အစိုးရအဖွဲ့, ရွေးကောက်ပွဲ, နိုင်ငံရေး

ပြည်ထောင်စုနေ့အခမ်းအနား သတင်းသမားများ သတင်းယူခွင့်ရ


အံ့ဘုန်းမြတ် ၄ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

လာမယ့် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၆၄) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်တွင်း၊ ပြည်ပ သတင်းသမားတွေ တက်ရောက်သတင်းယူခွင့်ရရှိမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။ လွှတ်တော် အရပ်ရပ်ကနေ တင်မြှောက်လိုက်တဲ့ သမ္မတ၊ ဒုတိယသမ္မတတွေပါ တက်ရောက်မယ့် နေပြည်တော် မြို့တော်ခန်းမမှာ ၁၂ ရက်နေ့ နံနက် ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်သတင်းယူဖို့ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေက သတင်းထောက်တွေနဲ့ မြန်မာပြည် အခြေစိုက် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ်ခေါ်ထားတာပါ။

ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်း ထောက်တွေ အနေနဲ့ကတော့ နိုင်ငံခြား သတင်းထောက်များ အသင်းကနေ သတင်းယူဖို့ ပြန်ကြားရေး ၀န်ကြီးဌာနကို လျှောက်လွှာတွေ တင်သွင်းထားကြပြီး ဖြစ်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်တွေက အယ်ဒီတာတွေကို စာပေစိစစ်ရေး ညှန်ကြားရေးမှူး ဗိုလ်မှူးမျိုးမြင့်မောင် ကိုယ်တိုင် ဖိတ်ကြားနေတာဖြစ်ပြီး ဂျာနယ်တိုက် အတော်များများကတော့ နေပြည်မှာရှိတဲ့ သတင်း ထောက်တွေကို တက်ရောက် သတင်းယူဖို့ စေလွှတ်တာ တွေလည်း ရှိနေပါတယ်။ သတင်းထောက်တွေ အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ သမ္မတသစ်တွေ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံခွင့် ရရှိနိုင်မှာ ဖြစ်တယ်လို့ ဦးကိုကို (စက်မှုတက္ကသိုလ်) က ဆိုပါတယ်။

“ကျနော်ထင်တာတော့ အစိုးရအဖွဲ့သစ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေနဲ့တွေ့ခွင့် ရနိုင်မယ် ထင်တယ်။ အခု လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရမယ်လို့ ကြားတယ်။ ကျနော်တို့က အခု ၂ ခြမ်းဗျ။ မနက်ပွဲနဲ့ ညစာစားပွဲပေါ့။ ညစာစားပွဲကော တက်ခွင့်ရမလားတော့ မသိဘူးခင်ဗျ။ ညစာစားပွဲကတော့ အခု ကျနော် ကြားနေတာကတော့ ကျနော်တို့ကတော့ သတင်းသမားအနေနဲ့ပဲ တက်လို့ရမယ့် ပုံစံမျိုးတော့ ရှိနိုင်တယ်။”

ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်သတင်းယူဖို့ ပြင်ဆင်နေတဲ့နိုင်ငံခြား သတင်းထောက် တဦးကလည်း အခုလို ပြောပါတယ်။

“၁၁ သွားရမှာလေ။ သူတို့ မနက်အစောကြီး ၇ နာရီမှာ လုပ်တာကိုး။ အဲဒီပွဲအမှီဆိုတော့ ၁၁ သွားမှ မီတာကိုး။ ညပွဲ မရှိရင်တော့ နေ့ပွဲနဲ့တင် ပြန်လာရမှာပေါ့။ ပုံမှန် ညစာစားပွဲက အဲဒီမှာမှ လူကြီးတက်မှာလေ။ တို့ကို မနက်ပိုင်း အခမ်းအနားတင်ပဲ ဖိတ်တယ်ဆိုရင် ညစာစားပွဲကျ မတက်ရပြန်ဘူး။ ပြည်ထောင်စုနေ့ အခမ်းအနားကတော့ ပြီးခဲ့တဲ့ နှစ်အထိကတော့ မြို့တော်ခန်းမဆိုတဲ့ နေရာမှာ လုပ်တာ။”

ပြည်ထောင်စုနေ့အခမ်းအနားကို လွှတ်တော်တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သမ္မတတွေလည်း တက်ရောက်ဖို့ရှိနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေက ဆိုပါတယ်။

“တက်ရောက်ခွင့်တော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် အန်ကယ့် အနေနဲ့လေ။ အဲဒီလိုပဲ ဖိတ်ပါလိမ့်မယ် အကုန်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်သစ်၊ အစိုးရသစ်၊ နောက်တခါ ခုနတုန်းက ကျနော်တို့ ပြည်ထောင်စုနေ့လို နိုင်ငံတော်ပွဲကြီးမှာ သူတို့ ဖိတ်ပါလိမ့်မယ်။”

အန်ကယ်ခင်ဗျ။ ဒီလွှတ်တော်ခေါ်ယူပြီးတော့ အစည်းအဝေးတွေ ကျင်းပပြုလုပ်နေတာတွေ၊ သမ္မတတွေ ရွေးချယ်တာတွေပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေကို သတင်းယူခွင့်တွေ၊ လောလောဆယ် ကန့်သတ်ထားတာတွေ ရှိနေတဲ့အတွက် သတင်းမီဒီယာလွတ်လပ်ခွင့် မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီလွှတ်တော်တွေ အပေါ်ကိုလည်း ဝေဖန်မှုတွေက ရှိတော့ အဲဒီအပေါ်ကိုကော အန်ကယ်ဘာများ ပြောကြားလိုတာမျိုး ရှိဦးမလဲ ခင်ဗျာ။

“အခုကတော့ အရေးကြီးတဲ့ ကဏ္ဍတွေ ပြီးသွားပြီ။ အဲဒါကလည်း တော်တော် fair (တရားမျှတမှု) ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော် ကျေကျေနပ်နပ် ဖြစ်ပါတယ်။ မီဒီယာတွေကိုလည်း သူ့ကဏ္ဍနဲ့ ဒီ ဒီဇိုင်းဆွဲ ကတည်းကိုက၊ ပြည်သူ့လွှတ်တော်ဆောက်ကတည်းကိုက အထဲကို မီဒီယာတယောက်မှ ၀င်ခွင့် မပေးထားပါဘူး။ ဟိုးအပေါ်မှာ သက်သက်ကို ရိုက်တဲ့အနေနဲ့ အပေါ်ကနေ သီးခြားပေးထားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒါကြောင့် အခုနတုန်းက အနီးကပ်က အချိန်တန်ရင်တော့ လူကြီးတွေ သင့်တော်တဲ့ အချိန်မှာတော့ သူတို့ ခွင့်ပြုပါလိမ့်မယ်။”

လက်ရှိအခြေအနေအရ မီဒီယာတွေမှာ လွှတ်တော်နဲ့ပတ်သက်ပြီး စာပေစိစစ်ရေးရဲ့ အကန့်အသတ်တွေ ကြားကပဲ ပုံနှိပ်ဖော်ပြခွင့်ရရှိနေတာ၊ သတင်းတွေကိုလည်း လွတ်လွတ်လပ်လပ် ရယူခွင့် မပေးတာတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

 

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: