● ဒီကနေ့တော့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတဲ့ သူတွေအတွက် ဖက်ဆစ်စစ်တပ်တို့ရဲ့ ဖခင်ကြီး ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလက ဖက်ဆစ်ဂျပန်တွေနဲ့ သူတို့ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေ အကြောင်း သမိုင်းဖြစ်ရပ်မှန်တွေကို ဖော်ထုတ် ရိုက်ကူးထားတဲ့ The Children of Huang Shi (2008) မြန်မာစာတမ်းထိုး ဇာတ်ကားနဲ့အတူ ရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်း နောက်ခံအကြောင်းအရာတွေကို မျှဝေပေးလိုက်ရပါတယ်။

● ဒုတိယ-တရုတ်-ဂျပန်စစ်ပွဲ (1937–1945) ကာလတွေက ဗြိတိန်လူစွန့်စား လူငယ် သတင်းထောက် ဂျော့ခ် ဟော့ဂ်ျ (George Hogg) ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကနေဒါရုပ်ရှင်ဒါရိုက်တာ ရော်ဂျာ စပေါ့တာစ်ဝုတ်ဒ် (Roger Spottiswoode) က ရိုက်ကူးပုံဖော် ဖန်တီးထားတဲ့ ၁၂၅ မိနစ်ကြာ ကမ္ဘာစစ်သမိုင်းနောက်ခံ အထ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားတစ်ကားပါ။
ဖက်ဆစ်စစ်တပ်နဲ့ “သတ်ရှို့လု” မူဝါဒ (The Three Alls Policy)

ဂျပန် စစ်သားများက သတ်ဖြတ်ခဲ့သော ၊ တရုတ် အရပ်သား များ၏ အလောင်းများနှင့် ပြည့်နေသော အစုလိုက်အပြုံလိုက် သင်္ချိုင်းတစ်ခုဖြစ်သည်။
● ဒီလိုသမိုင်းဖြစ်ရပ်တွေကို ပြန်လည်ပုံဖော်ထားတဲ့ထဲမှာတော့ “သတ်ရှို့လု” လို့ လူသိများတဲ့ ဂျပန်မြေလှန်ဝါဒ (The Three Alls Policy) ရဲ့ဆိုလိုရင်းဖြစ်တဲ့ “အားလုံးကို သတ်၊ အားလုံးကို မီးရှို့၊ အားလုံးကို လုယက်” (kill all, burn all, loot all) ဆိုတာတွေကို တရုတ်စစ်မြေပြင်မှာ ဖက်ဆစ်ဂျပန်တွေ ဘယ်လို အသုံးချခဲ့လဲ ဆိုတာတွေကိုလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ တွေ့မြင်ကြရမှာပါ။
● ဆိုတော့ ဒီနေရာမှာ ဂျပန်တွေရဲ့ ဖက်စစ်နယ်ချဲ့စနစ်မှာ အဓိကကျင့်သုံးခဲ့တဲ့ “သတ်ရှို့လု” လို့ခေါ်တဲ့ ဂျပန်မြေလှန်ဝါဒ (The Three Alls Policy) နဲ့အတူ ဆောင်ရွက်ခဲ့တဲ့ စစ်ရာဇ၀တ်မှု (War Crimes) တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crimes Against Humanity) တွေထဲက အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (Mass Killings) တွေအကြောင်းကို အနည်းငယ်လောက် ပြောပြဖို့ လိုအပ်လာပါတယ်..
● ဒုတိယကမ္ဘာစစ်ရဲ့ ပစိဖိတ်ဒေသနဲ့အတူ ဒုတိယ တရုတ်-ဂျပန်စစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်စစ်တပ်ဟာ လူပေါင်း ၃ သန်းကနေ ၁၀ သန်းကျော်အထိ သတ်ဖြတ်ခဲ့တာပါ။ ဒီထဲမှာ အများစုမှာ တရုတ်လူမျိုး ၆ သန်းနဲ့အတူ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အခြားအင်ဒိုချိုင်းနားဒေသခံတွေနဲ့အတူ ဥရောပ၊ အမေရိကန်နဲ့ သြစတြေးလျ စစ်သုံ့ပန်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
—————————————
ဖက်ဆစ်စစ်တပ်ရဲ့ အမြစ်ဖြတ်တာကို ခံခဲ့ကြရရာဝယ်
● အခုတင်ဆက်ပေးနေတဲ့ The Children of Huang Shi (2008) ရုပ်ရှင် အခြေတည်ရာ တရုတ်နိုင်ငံ တစ်ခုတည်းထဲမှာတင် အဲ့ဒီ ၁၉၃၇-၄၅ ခုနှစ် ဂျပန်တို့ရဲ့ စစ်ဆင်ရေးတွေအတွင်း တရုတ်လူမျိုး ၃.၉ သန်းလောက် သေဆုံးခဲ့ပြီး အများစုဟာ အရပ်သားတွေဖြစ်ကာ လက်နက်ကိုင်ပြောက်ကျားခုခံစစ် ဆင်နွှဲခဲ့ကြတဲ့ တရုတ်ကွန်မြူနစ်နဲ့မျိုးစစ် လက်နက်ကိုင်တွေပါ ပေါင်းရင်း တရုတ်စုစုပေါင်း ၁၀.၂ သန်း လောက်အထိ သေဆုံးခဲ့ကြရတာပါ။

● အဲ့ဒီ သေဆုံးမှုတွေထဲက အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ၃ သိန်းခွဲလောက် သတ်ဖြတ်ခံခဲ့ကြရတဲ့ ၁၉၃၇-၃၈ ခုနှစ် နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်ခန်းတွေမှာ တွေ့မြင် ကြရမှာပါ။
● နိုင်ငံတကာစစ်ခုံရုံးရဲ့ တွေ့ရှိချက်တွေအရ နန်ကျင်းလူသတ်ပွဲအတွင်းမှာ အရပ်သားနဲ့ စစ်သုံ့ပန်းပေါင်း ၂ သိန်း ၆ သောင်းကနေ ၃ သိန်းခွဲလောက်အထိကို ဂျပန်စစ်တပ်က သတ်ဖြတ်ခဲ့တာပါ။ သတ်ဖြတ်ခဲ့တဲ့ အလောင်း ထောင်ပေါင်းများစွာကို မြှုပ်နှံထားတဲ့ မျက်မှောက်ခေတ် နန်ကျင်းမြို့လယ်ရဲ့ အနောက် တောင်ဘက်အရပ်ရှိ အလောင်းတစ်သောင်း၏တွင်း (Jiangdongmen – 江东门 ) နေရာမှာ အောက်မေ့ဖွယ် အထိမ်းအမှတ်ခန်းမတစ်ခုကို တည်ဆောက်ထားပြီး အဲ့ဒီခန်းမရဲ့ အဝင်မှာ သေဆုံးသူ ၃ သိန်းရဲ့ အမည်တွေကိုပါ မှတ်တမ်းတင်ထားတာကိုလည်း တွေ့ကြရမှာပါ။

● ဒီလို ဖက်ဆစ်ဂျပန်တွေရဲ့ ကျူးကျော်စစ်ကို အဲ့ဒီအချန်တွေက တရုတ်အမျိုးသားရေးပါတီ ကူမင်တန် (KMT) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (The National Revolutionary Army – NRA) နဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) လက်နက်ကိုင် တပ်ဖြစ်တဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (The People’s Liberation Army – PLA) တို့က သီးခြာစီ ပြောက်ကျားခုခံစစ်တွေကို ဆင်နွှဲခဲ့ကြတာပါ။

● အဲ့ဒီ တရုတ်ကွန်မြူနစ်တွေ ဦးဆောင်တဲ့ ပြောက်ကျားခုခံစစ်တွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ “သတ်ရှို့လု” လို့ လူသိများတဲ့ ဂျပန်မြေလှန်ဝါဒ (The Three Alls Policy) ကို ဂျပန် ဧကရာဇ် ဟီရိုဟီတို (Emperor Hirohito) ကိုယ်တိုင်က ခွင့်ပြုခဲ့ ဗိုလ်ချုပ် ယာဆူဂျီ အိုကာမူရာ (General Yasuji Okamura) ရဲ့ ခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖော် ခဲ့တာပါ။
● “သတ်ရှို့လု” မူဝါဒနဲ့ ဖက်ဆစ်ဂျပန်တို့ရဲ့ စစ်ဆင်ရေးတွေမှာ “ဒေသခံ အရပ်သား အားလုံးဟာ ဟန်ဆောင်နေတဲ့ ပြောက်ကျား ရန်သူတွေ” ဖြစ်တာကြောင့် “အသက် ၁၅ နှစ်နဲ့ ၆၀ ကြား အမျိုးသားအားလုံးဟာ ဖျက်ဆီးမှုတွေကို အဓိကလုပ်ဆောင်နေတဲ့ မဖြစ်မနေ ချေမှုန်းပြစ်ရမယ့် ပစ်မှတ်” တွေအဖြစ် သတ်မှတ်ပြီး စစ်ဆင်ရေး အကောင်အထည်ဖော်ခဲ့တာပါ။ ဒါအပြင် အဲ့ဒီစစ်ဆင်ရေး အကောင်အထည်ဖော်မှုတွေထဲမှာ ပြောက်ကျားတွေ မရွေ့လျားစေဖို့ မိုင်ပေါင်းထောင်နဲ့ချီဝေးတဲ့ ထိန်းချုပ်ထားတဲ့ နံရံတွေ၊ ကျောက်ခင်းတွေ၊ ကင်းမျှော်စင်တွေနဲ့ လမ်းတွေ တည်ဆောက်မှု တွေအပေါ်မှာလည်း ဗဟိုပြုထားတာဖြစ်ပါတယ်။
—————————————
ဂျော့ခ် ဟော့ဂ်ျ (George Hogg) ရဲ့ အောက်မေ့ဖွယ်
● “ဟွမ်ရှီမှ ကလေးများ” လို့ မြန်မာလို အဓိပ္ပါယ်ရတဲ့ The Children of Huang Shi (2008) ကို “ခါးခါးသီးသောပင်လယ်” – “ဟွမ်ရှီမှ လွတ်မြောက်ခြင်း” – “ပိုးလမ်းမပေါ်မှ ကလေးများ” စတဲ့ နာမည်တွေနဲ့လည်း လူသိများပါတယ်။
● ဆိုတော့ ဒီနေရာမှာ ဇာတ်လမ်းထဲက ဟွမ်ရှီ (သို့) ဟောင်ရှီမြို့ရဲ့ တည်နေရာ (Location) ကိုမိတ်ဆက် ပေးရမယ်ဆိုရင်တော့ မျက်မှောက်ခေတ်မှာတော့ ခရိုင်အဆင့် အုပ်ချုပ်ရေးမြို့ တစ်မြို့ဖြစ်ကာ တရုတ် နိုင်ငံအရှေ့တောင်ပိုင်းရှိ ဟူဘေးပြည်နယ်၊ ကိုဗစ် (၁၉) ကပ်ရောဂါစတင်ရာ ဝူဟန်မြို့နဲ့ ကီလို (၁၀၀) –မိုင် (၆၀) ကျော်အကွာ ယန်ဇီမြစ်ကမ်းဘေးမှာ တည်ရှိတာပါတယ်။

● စစ်ဘေး၊ အသက်ဘေးနဲ့ အငတ်ဘေးတို့အပြင် အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်နေကြရတဲ့ မိဘမဲ့ကလေး (၆၀) ကျော်ကို မိုင် ၁၀၀၀ လောက် ကွာဝေးတဲ့ ဘေးလွတ်ရာ နိုင်ငံအနောက်မြောက်ပိုင်း မွန်ဂိုလီးယားနယ်စပ် ဂန်စု (Gansu) ပြည်နယ်၊ ရှေးခေတ်ပိုးလမ်းမကြီးပေါ်ရှိ ရှမ်းဒန် (Shandan) ကို ဆီးနှင်းတွေ ဖုံးနေတဲ့တောင်တန်တွေနဲ့ သဲကန္တာတွေကိုဖြတ်ကာ ၃ လကြာ ခရီးရှည်ကြီး နှင်ကာ ပို့ဆောင်ပေးခဲ့တဲ့ ဗြိတိန်လူငယ်သတင်းထောက် ဂျော့ခ် ဟော့ဂ်ျ (George Hogg) ရဲ့ အောက်မေ့ဖွယ် လို့လည်း ဆိုနိုင်မှာပါ။
—————————————
ဇာတ်လမ်းအကျဉ်
● ၁၉၃၇ ခုနှစ် ဒုတိယ-တရုတ်-ဂျပန်စစ်ပွဲအကြောင်း သတင်းရေးဖော်ပြဖို့ တရုတ်နိုင်ငံကို ကမ္ဘာလှည့်ခရီးသွားအနေနဲ့ ရောက်ရှိနေတဲ့ အောက်စဖို့စ်တက္ကသိုလ်ဘွဲ့ရ ခရီးသွားသတင်းထောက် နောက်ပိုင်းတွေမှာတော့ စစ်ဘေးကြောင့် မိဘမဲ့တွေဖြစ်ခဲ့ရတဲ့ ကလေးငယ် (၆၀) ကျော်ကို ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့သူ ဗြိတိန်လူမျိုး လူစွန့်စား လူငယ် သတင်းထောက် ဂျော့ခ် ဟော့ဂ်ျ (George Hogg) အဖြစ် ဂျော်နသန် ရိုင်း မိုင်ယာစ် (Jonathan Rhys Meyers) က အဓိက သရုပ်ဆောင်ထားတာပါ။
● ဖက်ဆစ်ဂျပန်တွေရဲ့ သတင်းမီဒီယာဝင်ခွင့် ပိတ်ပင်ကန့်သက်ထားတဲ့ နန်ကျင်းမြို့ရဲ့ အခြေအနေကို သတင်းယူနိုင်ဖို့ ပရဟိတကူညီကယ်ဆယ်ရေးသမားဟန်ဆောင်ပြီး တစ်ရက်တာ သွားရောက်ခဲ့ရာက အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု (Mass Killings) တွေကို သတင်းဓာတ်ပုံတွေ ရိုက်ယူခဲ့ရာက ဂျပန်တို့ရဲ့ ဖမ်းဆီးတာခံရပြီး သေဒဏ်ချမှတ်ခံခဲ့ရတာပါ။

● ဒီလို ဂျပန်တို့ရဲ့ သေဒဏ် ခေါင်းဖြတ်သတ်တာကို ဂျော့ခ် ဟော့ဂ်ျ (George Hogg) ခံရလုနီးပါး အချိန်မှာ သူ့ရဲ့ မိတ်ဆွေဖြစ်လာမယ့် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချန်ဟန်ရှန် (Chen Hnsheng) ချိုယွန်-ဖက် (Chow Yun-fat) က ကယ်တင်ခဲ့တာပါ။

● အသက်ဘေးက လွတ်ခဲ့ပေမယ့် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဂျော့ခ် ဟော့ဂ်ျ (George Hogg) ကို ချန်ဟန်ရှန် (Chen Hnsheng) ကပဲ ဆေးဝါးကုသပေးဖို့ စီစဉ်ပေးရာက စစ်ပွဲတွေထဲက ရဲရင့်တဲ့ စွဲမက်ဖွယ် မြင်းစီးသူနာပြု သြစတြေးလျ လူစွန့်စားမလေး လီ ပီယာဆန် (Lee Pearson) ရာဒါဟာ မစ်ချယ်လ် (Radha Mitchell) နဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။
● အဲ့ဒီနောက်မှာတော့ စစ်ပွဲကြောင့် အိုးမဲ့ အိမ်မဲ့ မိဘမဲ့တွေ ဖြစ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့ကြရတဲ့ ခြောက်ဆယ်ကျော် လူငယ်တွေရှိတဲ့ Huang Shi က မိဘမဲ့ဂေဟာမှာ သူနာပြုဆရာမလေး လီ ပီယာဆန် (Lee Pearson) နဲ့အတူ ဆရာအဖြစ် လုပ်ကိုင်ရင်း ဂေဟာက ကလေးတွေအတွက် လုံခြုံရာ အရပ်ဆီ ပို့ဆောင်ပေးဖို့ အကြောင်းတွေ ဖြစ်ပေါ်လာတာပါ။

● အဲ့ဒီလို အသက်ဘေး၊ စစ်ဘေး၊ အငတ်ဘေးအပြင် တရုတ်မျိုးချစ် ပြောက်ကျားတပ်တွေရဲ့ ရဲဘော်အဖြစ် စုဆောင်းခံရနိုင်တဲ့ ဘေးစတဲ့ ဘေးအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မိဘမဲ့ကလေး (၆၀) ကို ဘေးလွတ်ရာဆီ ခေါ်ဆောင်သွားမယ့် ခရီးအတွက် ချမ်းသာပြီး ထင်ရှားသူတစ်ဦးဖြစ်တဲ့ မစ္စစ် ဝမ် (Mrs. Wang) မီရှယ်လ် ယိုဟ် (Michelle Yeoh) က ဘာတွေ ကူညီမယ်…

● ဆီးနှင်းတွေ ဖုံးနေတဲ့ တောင်တန်တွေနဲ့ သဲကန္တာတွေကို မိုင် ၁၀၀၀ လောက်ကို ၃ လကြာ လမ်းလျှောက်ပြီး ခရီးရှည်ကြီးတလျှောက် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချန်ဟန်ရှန် (Chen Hnsheng) ပံ့ပိုးကူညီမှုတွေက ဘယ်လိုတွေရှိမယ်…

● မိဘမဲ့ကလေးငယ်တွေကို အတူပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်ခဲ့ကြတဲ့ ဂျော့ခ် ဟော့ဂ်ျ (George Hogg) နဲ့ သူနာပြုဆရာမလေး လီ ပီယာဆန် (Lee Pearson) တို့ရဲ့ ချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်မလဲ ဆိုတာတွေကိုကတော့ ဒေါင်းလုတ်ချက်ချင်း လုပ်ပြီးတော့သာ ရှုစားလိုက်ကြပါလို့သာ ပြောရင်း အဆုံးသတ်လိုက်ရပါတယ်။
ABM 19 FEB 2022 – 035400AM
—————————————
● The Children of Huang Shi (2008) (မြန်မာစာတမ်းထိုးရုပ်ရှင်)
—————————————
Starring
—————————————
● ဂျော်နသန် ရိုင်း မိုင်ယာစ် (Jonathan Rhys Meyers) – ဂျော့ခ်ျ ဟော့ဂ် (George Hogg)
● ရာဒါဟာ မစ်ချယ်လ် (Radha Mitchell) – လီ ပီယာဆန် (Lee Pearson)
● ချိုယွန်-ဖက် (Chow Yun-fat) – ချန်ဟန်ရှန် (Chen Hnsheng)
● မီရှယ်လ် ယိုဟ် (Michelle Yeoh) – မစ္စစ် ဝမ် (Mrs. Wang)
—————————————
Directed
—————————————
● Roger Spottiswoode
—————————————
Written by
—————————————
● Jane Hawksley, James MacManus
—————————————
Budget
● USD $ 40 million
—————————————
Box office
—————————————
● USD $ 8.2 million
—————————————
Awards & nominations
—————————————
● AACTA Award for Best Production Design: Steven Jones-Evans (Nomination)
● AACTA Award for Best Costume Design: Kym Barrett & Wenyan Gao (Nomination)
● Australian Screen Music Award for Feature Film Scores: David Hirschfelder (Won)
● Young Artist Award for Best Performance in an International Feature Film – Leading Young ● Performers: Guang Li (Nomination)
—————————————
The Children of Huang Shi (2008) (မြန်မာစာတမ်းထိုးရုပ်ရှင်)
—————————————
● Megaup Download Link
—————————————
—————————————
● Blog URL Link
—————————————
Leave a Reply