အံ့ဘုန်းမြတ် ၄ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)
နိုင်ငံကို ၁၉ နှစ်ကျော် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်ရာထူးကနေ မကြာခင် အနားယူတော့မယ်လို့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ တပ်မတော်အရာရှိဟောင်း တွေက ပြောပါတယ်။
၁၉၉၂ ခုနှစ်ကနေ စတင်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) နဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရတို့ရဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၁၉ နှစ်ကြာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြာခင် သမ္မတအစိုးရ ဖွဲ့စည်းချိန်မှာ တပ်မတော်ရာထူးကနေ အနားယူပေးတော့မှာ ဖြစ်ပါတယ်။ သူနဲ့အတူ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးလည်း အနားယူတော့မှာ ဖြစ်တယ်လို့ တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ တပ်မတော် အငြိမ်းစားအရာရှိကြီးတဦးက ပြောပါတယ်။
“ဦးသန်းရွှေနဲ့ ဦးအေးနဲ့က နားမယ်လို့ ပြောကြတာပေါ့ဗျာ။ ပြောကြတဲ့ နေရာမှာလည်း တချို့ကျတော့လည်း သူ့မိန်းမ ဒေါ်ကြိုင်ကြိုင်က ဘာဘာညာညာပြောလို့တဲ့ ဆိုတော့ သူတို့က တရုတ်ပြည်လို စစ်ကော်မရှင် ဥက္ကဋ္ဌ ဆိုပြီးတော့များ အဲဒီလိုများ နေမလားပေါ့။ ကျနော်တို့လည်း အဲဒါတော့လည်း မပြောတတ်ဘူး။ သူတို့လည်း အသက် ၈၀ တောင် ရှိနေပြီ။ ၈၀ လောက် ရှိနေပြီပေါ့ဗျာ ဦးသန်းရွှေ ဆိုလို့ရှိရင်။ ဦးအေးဆိုလို့ရှိရင်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၁) ပဲဗျာ မရှိဘူး ဆိုရင် ၇၃-၇၄ လောက် ရှိနေပြီး ဦးအေးဆိုလို့ရှိရင်လည်းလေ။ အဲဒီတော့ သူတို့တတွေကတော့ နည်းနည်းပြောမယ်ဆိုရင်တော့ ကျနော်တို့ ကလေးစကား ပြောရရင်တော့ အနိုင်နဲ့ ပိုင်းပြီးတော့ သူတို့က ရှောင်ထွက်တော့မယ် ပုံစံမျိုး ကျနော်တို့က အဲဒီလိုပဲ မြင်တာပဲလေ။”
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း အခန်းအပိုဒ် ၂၀၁ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းအခန်းမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေအရ အသစ်ဖြစ်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်စိန်က ဦးဆောင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေ၊ ၀န်ကြီး တွေနဲ့အတူ ကာကွယ်ရေးဦးစီးချုပ်တွေက တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကြောင့်လည်း လက်ရှိ ကာကွယ်ရေဦးစီးချုပ်တွေ အနားယူတော့မှာ ဖြစ်နိုင်တယ်လို့လည်း အခြားနိုင်ငံရေးနဲ့ စစ်ရေးအကဲခက်အချို့က ဆိုပါတယ်။ ဒီလိုအနားယူမယ့် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် နေရာတွေအတွက် လျာထားမှုတွေလည်း တပ်မတော်အတွင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီနေရာတွေကို ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဖြစ်လာနိုင်ခြေရှိသလို ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့လည်း ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ အဲ့ဒီလို ခန့်မှန်းကြတဲ့ထဲက တပ်မတော်အငြိမ်းစားအရာရှိကြီးကပဲ အခုလို ပြောပါတယ်။
“အဲဒီ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုက တပ်ချုပ်နဲ့ ဒု-တပ်ချုပ်ဖြစ်မယ်ဆိုတာ ကျနော်တို့ နဂိုတုန်းကတော့ သူတို့ ပထမကတည်းက စာရင်း ပေးပြီးသား။ ပေးပြီးတော့ သူတို့ ၂ ယောက်ကို ရာထူးကို ဘာမှ မလုပ်ဘဲနဲ့ နေရာကို ချန်ထားပြီးတော့ သူတို့ကို မပေးဘဲနဲ့ ကျန်တဲ့လူတွေကို ပေးလိုက်တယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ ဘာတို့ကို ပေးလိုက်တာ။ သူတို့ကို နေရာပေးပြီးသားတွေ။ ဗိုလ်ချုပ်မင်းအောင်လှိုင်က ပေးပြီးသား၊ သူက အခုဗိုလ်ချုပ်ရွှေမန်းနေရာကို မင်းအောင်လှိုင်ကို ပေးလိုက်ပြီး။ ထည့်ပေး ပြီးပြီပေါ့ဗျာ အဲဒီမှာ သူတို့က ကျန်နေ တာပေါ့ဗျာ။ ကျန်တော့ ရာထူးကလည်း ဒု-ဗိုလ်ချုပ်ကြီး ပေးထားတယ်ဆိုတော့ အဲဒီအထဲမှာ သူရမြင့်အောင်က စစ်တက္ကသိုလ် အပတ်စဉ် (၁၈) က ဖြစ်ဖို့များ တယ်လို့တော့ ကျနော့်ကို အဲဒီလိုပဲ ပြောတယ်။”
အခုအနားယူတော့မယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ သမိုင်းဝင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို တပ်မတော်က အကြမ်းဖက်ဖြိုခွဲပြီး အာဏာသိမ်းခဲ့စဉ်မှာ ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့အတူ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တွေ ဖြစ်လာကြတာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ န၀တကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ အဖြစ် ပြောင်းလဲပြီး အခုအချိန်အထိ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
Leave a Reply