အံ့ဘုန်းမြတ် (၂၇ ဇန်န၀ါရီ ၂၀၁၁) (ဒီဗွီဘီ)
ပြည်တွင်းမှာထုတ်ဝေနေတဲ့ ဂျာနယ်တွေထဲက ဂျာနယ်အချို့ကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစီစစ်နှင့် မှတ်ပုံတင်ဌာနက ပိတ်ပင်မှုတွေပြုလုပ်လိုက်ပြီး ဂျာနယ်တစောင်ကိုတော့ ပြင်းထန်စွာသတိပေး လိုက်တယ်လို့သိရပါတယ်။ ဒီကနေ့မှာပဲ မော်နီတာဂျာနယ်ရဲ့ ပုံနှိုပ်ထုတ်ဝေခွင့်ကို ၃၁.၁.၂၀၁၁ ကနေ ၁၄.၂.၂၀၁၁ ရက်နေအထိ နှစ်ပတ်နဲ့ ဟယ်လိုဂျာနယ်ကို ပုံနှိုပ်ထုတ်ဝေခွင့် တပတ်ပိတ်ပင်လိုက်တာဖြစ်ပြီး The First ဂျာနယ်ကို ပြင်းထန်စွာ သတိပေးလိုက်တာ ဖြစ်တယ်လို့ စီစစ်ရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။
ဒီဂျာနယ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျင်းပပြုလုပ်ခဲတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်မင်္ဂလာ ညစာစားပွဲမှာ တက်ရောက်လာကြတဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကို ဆင်ဆာပိတ်ပင်မှုများ မလုပ်ပဲ ပုံနှိုပ်ထုတ်ဝေခဲ့တာ ကြောင့် အခုလို အရေးယူ ပိတ်ပင်ခံရတာဖြစ်တယ်လို့လည်း စီစစ်ရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။ ဒီလိုပိတ် ပင်ခံရတဲ့အပေါ် ပိတ်ပင်ခံရတဲ့ ဂျာနယ်တစောင်ရဲ့ တာဝန်ခံအယ်ဒီတာတဦးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က အနုပညာရှင်တွေမှ မဟုတ်ပါဘူး။ အပြင်က မိန်းကလေးတွေလည်း ဒီအတိုင်းပဲ ၀တ်နေကြတဲ့ခေတ်မှာ အနုပညာရှင်တွေ ၀တ်တာက ဘာမှမဆန်းတဲ့ ခေတ်ရောက်နေပါပြီ။ အဲဒါကို ကျွန်တော်တို့က ခေတ်ရဲ့ တကယ့်သရုပ်မှန်ကိုပြချင်တာပါ။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှုဆိုတာ သူနေရာသူရှိတာပဲ။ ဘုရားပေါ်တော့ ဘယ်သူမှ အဲဒီလိုမတတ်ဘူးလေ။ သူ့နေရာနဲ့သူ ခေတ်နဲ့အညီ ၀တ်စားတာကို ကျွန်တော်တို့ဖော်ပြတယ်။ စာနယ်ဇင်းတိုင်း ခေတ်သမိုင်းဆိုတာ တင်ပြချင်ကြတာချည့်ပါ။ ဒီလိုဖော်ပြလို့ အရေးယူခံရတွေလည်း မထူးဆန်းတော့ပါဘူး။ အခုလည်း ဒီလိုလုပ်တဲ့အတွက် ဒီလိုအရေးယူခံရတယ်ပေါ့ဗျာ။ ဒါလည်းသမိုင်းတစ်ခုဖြစ်သွားတာပေါ့။”
ပိတ်ပင်ခံခဲ့ရတဲ့ ဂျာနယ်တွေထဲက မော်နီတာဂျာနယ်ကို ဦးမြတ်ခိုင်က ဦးဆောင်ထုတ်ဝေနေတာဖြစ်ပြီး ဟလိုဂျာနယ်ကိုတော့ ဗိုလ်ချုပ်သက်နိုင်ဝင်းရဲ့ သမက် ကိုရန်ပိုင်ဝင်းက ထုတ်ဝေနေတာဖြစ်ပါတယ်။ မြန်မာပြည်က စာနယ်ဇင်းလောကမှာ စာပေစီစစ်ရေးက မကြာခဏဆိုသလို ဂျာနယ်တွေကို အခုလို ပိတ်ပင်လေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု သတင်းဓာတ်ပုံတွေကို ဖော်ပြခဲ့ကြတဲ့ ဂျာနယ် ၁၀ ဆောင်ထက် မနည်းကိုလည်း ပိတ်ပင်ခဲ့ဘူးပါတယ်။ ဒီလိုဂျာနယ်တွေကို စာပေစီစစ်ရေးက ပိတ်ပင်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် နအဖစစ်အစိုးရက မကြာခင်မှာ ခေါ်ယူမယ့် လွှတ်တော်နောက်ပိုင်း အစိုးရသစ်လက်ထက်မှာလည်း စာနယ်ဇင်းဆိုင်ရာ ဖိနှိုပ်မှုတွေ ဆက်လက်ပြုလုပ်နေဦး မှာသာဖြစ်တယ်လို့ အခြားစာနယ်ဇင်းအသိုင်းက ပုဂ္ဂိုလ်အချို့ကလည်း သုံးသပ်ပြောဆိုကြပါတယ်ခင်ဗျာ။
Leave a Reply