ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

လွှတ်တော်သတင်း သတင်းဂျာနယ်များတွင် ပုံနှိပ်ဖော်ပြခွင့် ကန့်သတ်


အံ့ဘုန်းမြတ် ၂ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

နအဖစစ်အစိုးရက ၂၂ နှစ်တာအတွင်း ပထမဆုံးခေါ်ယူခဲ့တဲ့ လွှတ်တော်ဖွင့်ပွဲကို ပြည်တွင်း ပြည်ပမီဒီယာတွေကို ဖိတ်ခေါ်ခြင်း မရှိခဲ့သလို လွှတ်တော်သတင်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းထုတ် သတင်းဂျာနယ်တွေလည်း ကန့်သတ်ချက်တွေကြားကပဲ ထုတ်ဝေနေကြရပါတယ်။

လွှတ်တော်ဖွင့်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေကို သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ နည်းမျိုးစုံနဲ့ ရေးသားခဲ့ကြပေမယ့် အစိုးရအာဘော် သတင်းစာပါ အကြောင်းအရာတွေထက် ပိုပြီးဖော်ပြခွင့် မရရှိကြတာ ဖြစ်ပါတယ်။ ဒီလို ဖော်ပြခွင့်မရတာနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ခုလို ပြောပြပါတယ်။

“ဒီမှာ ဘာမှရေးမရဘူး။ ဘယ်လိုပါမလည်းဆိုရင် အရင်တုန်းကပုံစံပေါ့။ အရင်တုန်းက ပုံစံဆိုတာက သတင်းစာမှာပါသလောက် သတင်းစာထက်မပိုသော ဖော်ပြမှုလောက်ကတော့ ဖော်ပြကြပါတယ်။ ပေါ်ပြူလာမှာလည်း ပါတယ်။ ဆဲဗင်း ဒေးမှာလည်း ပါတယ်။ အခုဖော်ပြနေတာကတော့ သတင်းစာမှာ ဖော်ပြသလို ဘယ်သူတွေ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်တင်မြှောက် လိုက်တယ်။ အဲဒီနောက် ဒီနေ့ထွက်တဲ့ အစိုးရသတင်းစာမှာဆို ဒုသမ္မတလောင်း ဘယ်နှယောက်ပေါ့။ သတင်းစာမှာ ပါသလောက် အရေးကြီးတဲ့ နာမည်တွေ ဖော်ပြထားတယ်။”

သတင်းထောက်တွေအနေနဲ့ လွှတ်တော်တက်ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေထိုင်၊ တည်းခို၊ စာသောက်ရေးကိစ္စတွေအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွှတ်တော်နဲ့ဆိုင်ရာ ဥပဒေတွေအပြင် သမ္မတလောင်း အဆိုတင်သွင်းရေးကိစ္စတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပြီး ရေးသားခဲ့ကြပေ မယ့်လည်း ဖော်ပြခွင့်ကို စာပေစိစစ်ရေးက ခွင့်ပြုမပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဒီထဲက နိုင်ငံရေးအသားပေး ပြည်သူ့ခေတ်ဂျာနယ်မှာ လွှတ်တော်နဲ့ဆိုင်တဲ့ သတင်း၊ သတင်းဆောင်းပါး ၁၀ ပုဒ် ထက်မနည်း တင်ပြခဲ့ပေမယ့် တပုဒ်ပဲ စာပေ စိစစ်ရေးက ခွင့်ပြုခဲ့တယ်လို့ အဲဒီဂျာနယ်က အမည်မဖော်လိုတဲ့ အယ်ဒီတာတဦးက ဆိုပါတယ်။

လွှတ်တော်ဖွင့်ပွဲ သတင်းတွေကို စာပေစိစစ်ရေးက လွတ်လပ်စွာ ဖော်ပြခွင့် မပေးတဲ့အပေါ် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သလို မကြာသေးခင်က ဖွဲ့စည်းထားတဲ့ CPC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှု တက္ကသိုလ်) က အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် အခုနေခါမှာ သတင်းလွတ်လပ်ခွင့် မရသေးပါဘူးဗျာ။ ဒီလောက်ထိ မပေးသေးပါဘူးလို့ ပြောရင် အခု အစိုးရ မပြောင်းသေး ပါဘူးဆိုပြီး ကျနော်တို့ကို ဆင်ခြေပေးနိုင်တာပေါ့ သူတို့ဘက်က။ အခုနေခါမှာ ကျနော်တို့က စောင့်ကြည့်ရမယ်။ သူတို့အကယ်၍ အာဏာလွှဲပြောင်းပြီးသွားရင် တပ်မတော်အစိုးရ လက်ထက်ကနေ လွှတ်တော်ကိုအခြေခံတဲ့ အရပ်သားအစိုးရ ဒီမိုကရေစီကိုအခြေခံတဲ့ အစိုးရကို ရောက်သွားရင်တော့ ဘယ်လိုပုံစံမျိုး ပြောင်းလဲလာ မလဲ။ အဲဒါတော့ ကျနော်တို့စောင့်ကြည့်ရမယ်။ သို့သော် အခုလက်ရှိ အနေအထားအရ ဆောင်ရွက်နေတဲ့အနေအထားတွေကို ကြည့်ရမယ်ဆိုရင်တော့ ထိန်းသိမ်း ကွပ်ကဲမှုကတော့ နည်းနည်းလေး လိုတာထက် ပိုနေတယ်လို့ ကျနော်မြင်တယ်။ စိုးရိမ်စိတ်နဲ့ ထိန်းကွပ်မှုတွေ သိပ်များလွန်းအားကြီးတယ်လို့ ကျနော်မြင်တယ်။”

နောက်ပေါ်ပေါက်လာမယ့် အစိုးရသစ်လက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့် တွေ အခုထက် ပိုမိုရရှိလာမလားလို့ စာနယ်ဇင်းလောကသားတွေ မျှော်လင့်ခဲ့ကြပေမယ့်လည်း အပြောင်းအလဲတွေကတော့ ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ သတင်းဂျာနယ် အယ်ဒီတာက ဆိုပါတယ်။

“ဒီအတိုင်းပဲ သွားမှာပဲလေ။ ဘာလို့လဲဆိုတော့ ပြောင်းတယ်ဆိုတာက ဘာမှမတွေ့ရဘူး။ ပြောင်းတယ်ဆိုတဲ့ ဥစ္စာတွေ့ရဖို့က နာမည်တို့ဘာတို့ ပြောင်းရုံလောက်နဲ့ ဘယ်ရမလဲ။ တကယ်တကယ်ကို အပြောင်းအလဲလို့ ပြောနိုင်တဲ့အချက် အလက်တွေ အောက်ခြေမှာ ရှိလာရင်တော့ အပြောင်းအလဲလို့တော့ ပြောလို့ရမှာပေါ့။ ကျနော်တို့ နားလည်တာတော့ အပြောင်းအလဲ မဟုတ်သေးဘူး။”

ဒီလိုထိန်းချုပ်ကန့်သက်မှုတွေ များပြားနေတာကြောင့် ပြုပြင်ပြောင်းလဲရေးကာလတွေမှာ အစိုးရအနေနဲ့ မီဒီယာတွေကို လုပ်ကိုင်ခွင့်တွေ ပိုပေးဖို့ ဦးကိုကိုက အခုလို တောင်းဆိုထားပါတယ်။

“တကယ်လို့ အစိုးရအသစ်ပြောင်းဖို့အတွက်ဆိုရင်တောင်မှ ဒီအချိန်မှာ ကျနော်တို့ အတွက်ကို မြေစမ်းခရမ်းပျိုး သင့်တင့်လျောက်ပတ်သော ဘောင်ကျယ်ကျယ်လေးတော့ ပေးသင့်တယ်လို့ ကျနော်ထင်တယ်။ ဘောင်ကိုတော့ ခတ်ပါ။ သို့သော် ဘောင်ကိုတော့ ပိုကျယ်သင့်တယ်လို့ ထင်တယ်။ အခုက ဘောင်ကကျဉ်း တယ်။ စိုးရိမ်စိတ်နဲ့ ဘောင်က ကျဉ်းထားတယ်လို့ မြင်တယ်။”

နအဖစစ်အစိုးရဟာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးခေါ်ယူတဲ့ လွှတ်တော်ဖွင့်ပွဲကို ပြည်တွင်းပြည်ပ မီဒီယာတွေကို သတင်းယူဖို့ ခွင့်မပြုခဲ့သလို သတင်းယူတဲ့ သတင်းထောက် အချို့ကိုလည်း ဟန့်တား စစ်ဆေးမှုတွေ ပြုခဲ့ပါတယ်။ ဒီလို မီဒီယာလွတ်လပ်ခွင့် မရှိတဲ့ လွှတ်တော်အစည်းအဝေးတွေ အပေါ်ကိုလည်း နိုင်ငံတကာသတင်းအဖွဲ့အစည်းတွေ အပါအ၀င် ပြည်တွင်းနိုင်ငံရေးလောက သားတွေကလည်း ပြစ်တင်ဝေဖန်မှုတွေ ရှိနေပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: