သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ နေစဉ်သတင်းများ


၁၆ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

နိုင်ငံရေးပါတီများ မီဒီယာအသုံးပြုခွင့် စက်တင်ဘာ ၂၄ စတင်မည်

ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြာဌာနတွေကနေ ဟောပြော တင်ပြမှုတွေကို ဒီလ (၂၄) ရက်နေ့ကနေ စတင် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်လို့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တွေက နိုင်ငံရေးပါတီတွေကို အကြောင်းကြားထားပါတယ်။ တစ်ရက်ကို နိုင်ငံရေးပါတီ နှစ်ခုက ဟောပြောတင်ပြကြရမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ထုတ်လွှင့်မယ် နှစ်ရက်အလိုမှာ နေပြည်တော် တပ်ကုန်းမှာရှိတဲ့ မြန်မာ့ရုပ်မြင်သံကြားဌာနမှာ သွားရောက် ရိုက်ကူးကြရမှာဖြစ်ပါတယ်။  ဟောပြောတင်ပြမယ့် စာမူတွေကို့ ဒီမတိုင် ခင် (၇) ရက်အလိုမှာ ခရိုင်ကော်မရှင်ရုံးတွေကနေ တဆင့် တင်ပြထားကြရမှာဖြစ်ပြီး အကြောင်းအရာတွေကို ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်နဲ့ ပြန်ကြားဝန်ကြီးဌာန တို့က စိစစ်ဖြတ်တောက်ပြီးမှ ဟောပြောတင်ပြခွင့် ရရှိကြမှာလည်းဖြစ်ပါတယ်။ ဒီ (၁၅) မိနစ်စာ ဟောပြတင်ပြ မှု အစီအစဉ်တွေထဲမှာ ပါတီမူဝါဒ၊ ဖော်ဆောင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးရည်မှန်းချက်စတဲ့ အကြောင်းအရာတွေနဲ့အတူ ပါတီစည်းရုံးရေးသီချင်းတွေကိုပါ ထည့်သွင်းဖော်ပြကြရမှာဖြစ်ပါတယ်။ ပြောပြတဲ့ နေရာမှာတော့ ဒို့တာဝန် အရေးသုံးပါနဲ့အတူ ဆူပုန်အုံကြွမှုတွေကို ဖြစ်ပေါ်စေမယ့်အကြောင်းအရာတွေ၊ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းမေယ့်၊ ထိပါးပုတ်ခက်သွေးခွဲမယ့် အကြောင်းအရာတွေကို အဓိကတားမြစ် ပိတ်ပင်ထားပါတယ်ခင်ဗျာ။
—————————————————

ဗိုလ်ကြီးဟောင်း ကြံ့ခိုင်ရေးပါတီအမတ်များ နေပြည်တော် မဲဆန္ဒနယ်တွေက ၀င်ရောက်အရွေးခံမည်

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အပါအ၀င် မကြာသေးမီက စစ်ဘက်ရာထူးတွေနေ အနားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ နေပြည်တော်ခရိုင်မှာရှိတဲ့ မဲဆန္ဒနယ်တွေကနေ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ၀င်ရောက်အရွေးခံဖို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေးလိုက်ပါတယ်။ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ သူရ ဦးရွှေမန်းက ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်တွေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမှာလည်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တင်ပြမှုအခြေအနေတွေမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးတင်ပြထားတဲ့ ပါတီတစ်ခုဖြစ်သလို ဒုတိယအများဆုံး တင်ပြထားနိုင်တဲ့ နိုင်ငံရေးပါတီကတော့ တစညပါတီဖြစ်ပါတယ်။

—————————————————

ဒေါက်တာတူးဂျာအပါအ၀င် ပယ်ချခံကချင်ကိုယ်စားများ ထပ်မံအယူခံတင်မည်

စစ်သည်အင်အား ၅ သိန်းဝန်းကျင်ရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော်မရှင်က ခွင့်ပြုထားပေမယ့် အင်အား သောင်းဂဏန်းသားရှိတဲ့ အပစ်ရပ်ငြိမ်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ “ကချင်ပြည်နယ် တိုးတက်ရေးပါတီ” KSPP ကို ပါတီထူထောင်ခွင့် မပေးသလို တသီးပုဂ္ဂလွှတ်တော်ကိုယ်စား လှယ်အနေနဲ့ တင်ပြမှုတွေကိုလည်း ကော်မရှင်က ပယ်ချလိုက်ပါတယ်။ ဒေါက်တာတူးဂျာအပါအ၀င် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ပြိုင်ဖို့ စာရင်းပေးတဲ့ “ကချင်ပြည်နယ်တိုးတက်ရေးပါတီ” KSPP က  ၁၂-ဦး ကို ကော်မရှင်က ပယ်ချလိုက်တာဖြစ်ပြီး ဒေါက်တာတူးဂျာတို့ကတော့ အယူခံဆက်လက်တက်ဖို့ပြင်နေတယ်လို့ အမည်စာ၇င်း ပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်လောင်းအချို့က ပြည်ပမီဒီယာတွေကို ပြောပါတယ်။  (ကချင်းလွတ်လပ်ရေးအဖွဲ့) ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာဦးဆောင်တဲ့ ကေအက်စ်ပီပီ “ကချင်ပြည်နယ်တိုးတက်ရေးပါတီ” ဟာ အစောဆုံး ပါတီထူထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး ကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် မပေးတာကြောင့် တသီးပုဂိုလအနေနဲ့ ယှဉ်ပြိုင်တာကို ကော်မရှင်က အခုလိုပယ်ချလိုက်တာဖြစ်ပါတယ်။

—————————————————

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအား အဓိက လုပ်ဆောင်မည်ဟု ချင်းအမျိုးသားပါတီပြောကြား

တိုင်းရင်းသား ဒေသတွေဘက်က နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေမှာ ဆိုရင်တော့ ချင်းပြည်နယ်အခြေစိုက် ထူထောင်ထားတဲ့ “ချင်းအမျိုးသားပါတီ” အနေနဲ့လည်း လွှတ်တော် ၃ ရပ်လုံးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ဦး တင်ပြထားပြီး အားလုံးခွင့်ပြုချက် ရရှိတယ်လို့ ဒီပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းချူဘတ်ထောင်က ဒီဗွီဘီကို ပြောပါတယ်။ “ချင်းအမျိုးသားပါတီ”အနေနဲ့  ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်သွားမှာဖြစ်သလို ချင်းတိုင်းရင်းသားတွေ  အနေနဲ့ အခွင့်အရေးတန်းတူညီမျှ ရရှိရေးတွေကို ကြိုးစားဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆလိုင်းချူဘတ်ထောင်က ပြောပါတယ်။

—————————————————

အန်အယ်ဒီပါတီဖျက်သိမ်းမှု တရားမ၀င်ဟု စီအာပီပီပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ကို ဖျက်သိမ်းတယ်လို့ ကြေညာလိုက်တာဟာ တရားမ၀င်ဘူးလို့ ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ စီအာရ်ပီပီ တည်ထောင်ခြင်း ၁၂ နှစ်မြောက်အခမ်းအနားမှာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ စီအာရ်ပီပီအနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။ ၁၂ နှစ်မြောက် စီအာပီပီ ထူထောင်တဲ့နေ့မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် အစရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြည်သူ့လွတ်တော်ခေါ်ယူပေးရေးကိစ္စနဲ့ ပတ်သက်လို့တော့ နောက်ကျင်းပမယ့် စီအာရ်ပီပီအစည်းအဝေးမှ ထပ်မံဆွေးနွေးမှာဖြစ် တယ်လို့လည်း သိရပါတယ်။

—————————————————

အန်အယ်ဒီပါတီကို ပယ်ဖျက်မှုအပေါ် ပြင်သစ်အစိုးရ အထူးတုန်လှုပ်

ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာသတင်းတွေဘက်မှာဆိုရင်တော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပယ်ဖျက်လိုက်ပြီလို့ စစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် အထူးတုန်လှုပ်သွားမိတယ်လို့ ပြင်သစ်အစိုးရက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ လ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းကျပြီးအများက လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်မလာနိုင်တော့တဲ့ သက်သေဖြစ်တယ်လို့လည်း ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောကြားပါတယ်။ ပြင်သစ်ရဲ့ အခုပြောဆိုချက်ဟာ အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းကြောင်း ကြေညာအပြီး နိုင်ငံတကာ အစိုးရတွေထဲက ပထမဆုံး ဝေဖန်ပြောဆိုမှုလည်း ဖြစ်ပါတယ်ခင်ဗျာ။

—————————————–

နိုင်ငံပါတီများ ပယ်ဖျက်မှု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် စိုးရိမ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောလိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန် NLD အပါအ၀င် တခြားနိုင်ငံရေးပါတီ ၄ ခုဟာ နိုင်ငံရေးပါတီအဖြစ် ဆက်ပြီးရပ်တည်ဖို့ မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တဲ့ အကြောင်းနဲ့ ကျန်တဲ့ပါတီ ၅ ခုကတော့ အနည်းဆုံး သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် ၀င်မပြိုင်နိုင်တဲ့အတွက်ဆိုပြီး ကော်မရှင်က စက်တင်ဘာလ ၁၄ ရက် အင်္ဂါနေ့မှာ ဖျက်သိမ်းကြောင်း ကြေညာခဲ့ ပြီးတဲ့နောက်ပိုင်း အခုလိုပြောကြားလိုက်တာလဲဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သူ့ရဲ့ သဘောထားကို ဒီလ ၁၅ ရက်နေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာလဲဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: