

အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်

မင်းခက်ရဲ

ယဉ်ကျေးမှုဖွင့်ဆိုချက်ကို အဓိကလေ့လာခဲ့ကြတာက စာပေအနုပညာနယ်ပယ်ဖြစ်ပေမယ့် ကိုယ်ကျင့် တရားဒသနအမြင်တွေမှာလည်း တွေ့ကြရတယ်လို့ မြင်ပါတယ်။ အရစတိုတယ်၊ ဂျွန်လော့ခ်၊ ဗီကို၊ တာဂေါ့(တ်)၊ ဘမ်သမ်စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဒသနအမြင်တွေမှာ ယဉ်ကျေးမှုသဘောကို တွေ့ရပါတယ်။ ဒါပေမယ့် သူတို့က ယဉ် ကျေးမှုသဘောကို တိုက်ရိုက်ဖော်ထုတ်ထားတာမဟုတ်ပါဘူး။ ကြိုတင်ယူဆနိုင်စရာ (တစ်နည်းအားဖြင့်) ယဉ် ကျေးမှုအကြောင်းတွေကို အတိအလင်းလေ့လာ၊ ဖွင့်ဆို၊ ချဉ်းကပ်တာတွေ မလုပ်ကြခင်ကတည်းက ဒီလိုလုပ်တဲ့ အခါမှာ အထောက်အပံ့ပေးတဲ့ အရာတွေကိုသာ ဖော်ထုတ်ပေးခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က ကိုယ်ကျင့် တရားစံကိုသာ အဓိကထားပြောခဲ့ကြတာပါ။ အရစတိုတယ်က ကောင်းခြင်း (Good) ဆိုတာ ကောင်းမြတ်သော အပြုအမူတွေကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်ဝမ်းမြောက်မှုလို့ဆိုကြပါတယ်။ သူရဲ့ကောင်းခြင်းဟာ ယဉ်ကျေး သောအပြုအမူ။ အဲ့ဒီကနေ တစ်ဆင့်ဖြစ်ပေါ်လာမယ့် ယဉ်ကျေးမှုစတာတွေကို အရိပ်အယောင်းအဖြစ် ပြနေတဲ့ သဘောပါပဲ။

John Locke
John Locke

ဂျွန်လော့ခ်ဟာ ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းအတွင်းရဲ့ သိပုံသိနည်း နဲ့ လူ့အဖွဲ့အစည်းထဲက သင်ယူပုံသင်ယူနည်းသဘောတွေကို လေ့လာတယ်။ သဘောက လူသားရဲ့ သိစိတ် သဘာဝကို လေ့လာတယ်။ သူသားရဲ့ သိစိတ်သဘာဝကို လေ့လာတဲ့ သူ့ရဲ့ An Essay Concerning, Human Under-standing (1690) ဟာ ထင်ရှားတယ်။ ဗြိတိန်ဒသနလောကအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ ပဲ။ ဒီထဲမှာ သူအဓိကတင်ပြထားတာက လူသားရဲ့ သိစိတ်၊ သိမှုဟာ သူ့ပတ်ဝန်းကျင်က လူ့အဝိုင်းအဝိုင်းရဲ့ အသိပညာ (ဝါ) စုပေါင်း အသိပညာ (Collective Knowledge) ထဲကို ဘယ်လို ကိန်းအောင်းပျော်ဝင်သွားသလဲ ဆိုတာပြနေပါတယ်။ သိစိတ်ဆိုတာက ပကတိကြည့်လင်သန့်ရှင်းတဲ့အရာ၊ ပြင်ပက ၄င်းကို လာရိုက်ခတ်မှ ထင်ဟပ်လာတာမျိုးလို့ မြင်တယ်။ တစ်နည်းအားဖြင့် လေ့ာခ်ရဲ့ သိစိတ်ကို လေ့လာတင်ပြပုံဟာ ၄င်းသိစိတ်ဟာ နယ်ပယ်ဒေသသဘောဆန်ပြီး အသိပညာကိုလည်း သူနဲ့ သက်ဆိုင်ထိတွေ့ရတဲ့ ပတ်ဝန်းကျင် နယ်ပယ်ကလေး ကနေ ဘယ်လိုမျှဝေယူဆောင်သွားနိုင်သလဲဆိုတာကို ပြခဲ့တယ်။ ၁၈ ရာစုက ဒသနပညာရှင် ဗီကို (Vico) က တော့ လော့ခ်တို့ထက်စာရင် ယဉ်ကျေးမှုဆိုင်ရာ (Culture) သဘောတွေနဲ့ အများကြီး ရင်းနှီးလာပြီလို့ဆိုရပါမယ်။ သူရဲ့ ၁၇၄၄ ခုနှစ်ထုတ် (New Science) စာအုပ်ဟာ ထင်ရှား ပါတယ်။ ဥာဏ်အလင်းပွင့်လင်းခေတ်ရဲ့ သိမှု ဆိုင်ရာ နိုးကြားမှုတွေကလည်း ဒီလိုလူသားရေးရာတွေကို စိတ်ဝင်တစား ပြန်လည်ကိုင်တွယ်လာဖို့ အဓိကတွန်း အားပါပဲ။

ကမ္ဘာလောကကြီးက လူသားကိုချုပ်ကိုင်ပြီး
သူ့စိတ်ကြိုက်ဖန်တီးခွင့်မရဖို့အတွက် သူသားက
ပြန်လည်တုံ့ပြန်တဲ့နေရာမှာ
စိတ်ကွန့်မြူးမှုက အဓိကပါပဲလို့မြင်တယ်
vico
vico

ဗီကိုရဲ့ New Science စာအုပ်ဟာ လူမှုရေး သီအိုရီတွေအတွက် ရှေ့တော်ပြေးပါပဲ။ အထူးသဖြင့် ကလော်ဒီလေးဗီးစထရို (Cloude Levi Strauss) တို့ လေ့လာတဲ့ အဆောက်အအုံဝါဒဆိုင်ရာ မနုသဗေဒ၊ လူမှု ရေးဗေဒတို့ရဲ့ ရှေ့တော်ပြေးပါ။ ဗီကိုက လူသားသဘာဝကို လေ့လာစူးစမ်းရာမှာ ၄င်းတို့ရဲ့ သင်္ကေတဆိုင်ရာ ဖန်တီးမှုသဘာဝကို အထူပြုလေ့လာပါတယ်။ လူသားဟာ သူတို့ရဲ့ သမိုင်း၊ သူတို့ရဲ့ ဆက်သွယ်မှုပုံစံ၊ သူတို့ရဲ့ ယုံကြည်မှုစနစ်များ၊ သူတို့ရဲ့ဥပဒေ၊ အစဉ်အလာလုပ်ထုံးတွေကနေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာ တယ်။ လူသားဟာ ၄င်းသင်္ကေတတွေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာတယ်။ လူသားဟာ ၄င်း သင်္ကေတတွေနဲ့ ပြန်ညှိယူနေထိုင်ပြီး ကျင့်သုံးရပုံကိစကို လေ့လာတယ်။ ဗီကိုလေ့လာခဲ့တဲ့ ယုံကြည်မှုစနစ်၊ ဥပဒေ၊ ဆက်သွယ်မှုစတဲ့ အကြောင်းအရာအတော်များများဟာ ယနေ့ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်ကြည်ကြရာမှာ အဓိကအခြေပြုထားတဲ့ အုတ်မြစ်တွေဖြစ်တယ်။ ဗီကိုက သင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှု (Symbolic Transpormation) အကြောင်းကို ပြောတယ်။ ယခင်က သဘာဝတရားဆိုင်ရာကိစတွေ (Natural) ကနေ ယခု ယဉ်ကျေးမှုဆိုင်ရာ (Cultural) အဖြစ် ပြောင်းလဲသွားပုံပါပဲ။ ဥပမာ-ယခင် သဘာဝတရားက လူဟာ အဝတ် အထည်နေရာမှာ တိရစ္ဆာန်အရေကိုခြုံစေပါတယ်။ ဒါဟာ သဘာဝနဲ့ ဆက်စပ်နေတဲ့ သင်္ကေတကိစတစ်ခုဖြစ်ပါ တယ်။ ယခုအခါမှ လူက ဖျင်အင်္ကျီကိုခြုံမယ်။ ဒါက ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခုဖြစ်တယ်။ နောက် ဂျင်း အင်္ကျီးကိုဝတ်မယ်၊ ဂျင်းဘောင်းဘီကိုဝတ်မယ် ဒါဟာ သင်္ကေတတွေပါ။ ဗီကိုက ၄င်းအရာလိုမျိုးသင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှုကို အထူးပြုလေ့လာတာပါပဲ။ ဗီကိုက လူမှုရေးဗေဒပညာရှင်တွေထဲမှာ အဓိကထင်ရှားသူ ပါ။ သူကလည်း ယဉ်ကျေးမှုကို တိုက်ရိုက်ကိုင်တွယ်ပြောနေတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့အမြင်တွေဟာ ယဉ်ကျေးမှုဖွင့်ဆိုချက်အတွက် အရေးပါတဲ့ အမြင်တွေပဲလို့ဆိုရပါမယ်။

ဗီကိုဟာ ဒဏ္ဍာရီဆန်မှု (Myth) တွေကိုလည်း လေ့လာစီစစ်တယ်။ ဒဏ္ဍာ ရီဆိုတာဟာ လူ့အဖွဲ့အစည်း ထဲမှာ ယုံကြည်လက်ခံထားတဲ့ သဘာဝလွန်ကိစတွေလို့ (၄င်းကာလလောက်က အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးလို့) ဆိုနိုင်ပါတယ်။ အဲ့ဒီစိစစ်မှုကတော့ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုသဘာဝဖြစ်ထွန်းလာမှုသဘောကို ဖော်ထုတ်ပြ တဲ့အကျိုးကျေးဇူးရလာစေတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ အဆင့်သုံးဆင့်ကို ဖြတ်သန်းရတယ်လို့ ဗီကိုကမြင် တယ်။ နတ်ဘုရားများခေတ်၊ သူရဲကောင်းများခေတ်၊ လူသားများရဲ့ခေတ်လို့ဆိုပါတယ်။ ၄င်းအဆင့်သုံးဆင့်ဟာ လူသားရဲ့ ယဉ်ကျေးမှု ဖြစ်ထွန်းလာပုံကို ဖော်ပြနေပါတယ်။ အဓိကအားဖြင့်တော့ လူသားရဲ့ အစဉ်အလာ ရိုးရိုးထုံးစံကို အမျိုးအစားသုံးမျိုးနဲ့ ဖော်ပြထားတာပါပဲ။ နောက် ဒုတိယနဲ့ တတိယက ဥပဒေနဲ့ ဓနဥစာပိုင်ဆိုင်မှု အဓိကသဘောတွေပါ။ လူသားရဲ့ပုဂ္ဂလိက ကိုယ်ရည်ကိုယ်သွေးဟာ ကြမ်းတမ်းရက်စက်မှုကနေ ဟီးရိုး (ဝါ) သူရဲ ကောင်းခေတ်မှာ မာနတရား၊ ၄င်းကနေတဆင့် လူသားခေတ်မှာ ဆင်ခြင်တုံတရားဆိုပြီးတော့လည်း ပြောင်းလဲခဲ့ တယ်လို့ ဗီကိုကမြင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုဆိုတာလူသားရဲ့ အဇျတ္တအတွင်းက ကောင်းခြင်း (Goodness) ပဲလို့မြင်တဲ့ အမြင်မျိုးရဲ့ အစလို့ဆိုရမှာဖြစ်ပါတယ်။

ဘမ်သမ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်တချို့ကို သူရဲ့ 1789 ခုနှစ်ထုတ် (An Introduction To The Principle Of Morals And Legistation) ဆိုတဲ့ စာအုပ်မှာတွေ့ရပါမယ်။ သဘာဝတရားဟာ လူကိုနာကျင်မှုနဲ့ သာယာမှုဆိုတဲ့သဘောနဲ့ ချုပ်ကိုင်ခဲ့တယ်။ လူဟာ ၄င်းစနစ်ထဲမှာ နေထိုင်လှည့်ပတ်ခဲ့ရတယ်လို့မြင်တယ်။ ဒီနေ ရာမှာ သူက ၄င်းသဘာဝတရားရဲ့ ချုပ်ကိုင်မှုနှစ်ခုထဲက သာယာမှုကိုသာရအောင် ကြိုးပမ်းရမယ်လို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာ ဘမ်သမ်ရဲ့အမြင်နဲ့ ဆက်စပ်ပုံက လူဟာ ၄င်းသာယာမှုကိုရအောင် အသုံးတည့်အောင် ကြိုးပမ်းရင်းကနေ ယဉ်ကျေးမှုကိစဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုးပါပဲ။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဟောပြော ပို့ချချက်တွေကနေ ယဉ်ကျေးမှုနဲ့ ဆိုင်လောက်မယ်လို့ ထင်ရတဲ့ အမြင်ကို ဖော်ထုတ်ကြည့်တာပါ။ အခု စာပေ နယ်ထဲက အရေးအသားတွေကနေ ယဉ်ကျေးမှုဖွင့်ဆိုချက်နဲ့ သက်ဆိုင်မယ့် အဆိုပြုချက်တွေအကြောင်းကိသာ ဆက်ပြောပါ့မယ်။

ကောလားရစ်(ခ်ျ) ရဲ့ ရသခံစားမှုအမြင်တွေမှာ ယဉ်ကျေးမှုရဲ့ သဘောကိ ဖော်ပြထားပါတယ်။ သူက စိတ်ပိုင်းဆိုင်ရာ အရည်းအသွေးများ တိုးတက်လာအောင် ပြုစုပျိုးထောင်ခြင်းဟာ လူအဖွဲ့အစည်းရဲ့ ပန်းတိုင် ဖြစ်တယ်လို့မြင်ပါတယ်။ ပြုစုပျိုးထောင်ခြင်း (Cultivation) ဆိုတာ စိတ်ရဲ့ အခြေအနေတစ်ရပ်ကို ညွှန်းဆိုတဲ့ ဝေါဟာရအဖြစ် ကောလားရစ်(ခ်ျ)ဆီမှာ အထင်အရှား တွေ့ရပါတယ်။ ဘမ်၊ သမ်ဆိုခဲ့တဲ့ လောကကြိးအတွက် လက်တွေ့အသုံးကျမှုအမြင်ဟာ ပြင်ပကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်လွန်းအားကြီးပါတယ်။ သာယာမှုကို လက်တွေ့အသုံးအချဖို့လှုပ်ရှားမှုနဲ့ ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့နေရာမှာ သမ်ဘမ်ရဲ့အမြင်က ကမ္ဘာ လောကကို ဩဇာအပြည့်ပေးထားပါတယ်။ ကောလားရစ်ခ်ျက လူသားရဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုကို သမ်ဘမ်ထက်ပိုပြီး ဦးတည်ပါတယ်။ တကယ်တော့ ဘမ်သမ်၊ ကောလားရ်ခ်ျ၊ လော့ခ်တို့ဟာ ယဉ်ကျေးမှုဆိုတာဟာ စိတ်ပိုင်းဖွံ့ဖြိုးမှု ဆိုတဲ့ ရှေးအယူအဆဝါဒီတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့စာအုပ်တွေထဲမှာ ပြောပုံဆိုပုံနဲ့ ချဉ်းကပ်ပုံတွေ ကွာသွားတာ ကတော့ ရှိပါတယ်။ ဥပမာ ကောလားရစ်ခ်ျဆိုရင် လူသားဟာ သူ့ရဲ့စိတ်ပိုင်းအခြေအနေနဲ့ ပြင်ပလောကကြီးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတို့နှင့် ဆန်ကျင်ပဋိပကခဖြစ်ပုံကို အဓိကဖော်ပြထားပါတယ်။ ၄င်းဟာ သူ့ရဲ့ရသအမြင်လည်း ဖစြ်ပါတယ်။ အတွေးခေါ်ပညာရှင် ကန့်ဆီကနေ ဆက်ခံထားတာပါ။ ၄င်းအတွေးအခေါ်မှာ သူအဓိကသုံးတဲ့ ဝေါဟာရက တန်ပြန်သက်ရောက်မှု (Counteraction) လို့ သုံးပါတယ်။

လူသားရဲ့ အတွင်းအဇျတ္တနဲ့ ပြင်ပက တွန်းအားတွေကြားထဲက ပဋိပကခကို ဖြေရှင်းဖို့ အခရာပဲလို့မြင်ပါ တယ်။ ကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်ပြီး သူ့စိတ်ကြိုက် ဖန်တီးခွင့်မရဖို့အတွက် သူသားက ပြန်လည် တုံ့ပြန်တဲ့နေရာမှာ စိတ်ကွန်မြူးမှုက အဓိကပါပဲလို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာဟာ အတွေးအခေါ်တစ်ခုလည်း မဟုတ်သလို ထိတွေ့ကိုင်တွယ်ပြီး ပြောလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုဆို တာဟာ စိတ်အတွင်းပိုင်းနဲ့ ပြင်ပလောကကြီးနှစ်ခုကြားထဲမှာ တည်နေတဲ့ သီးခြားအရည်အသွေးတစ်ခုလိုမျိုးပါပဲ လို့ ကောလားရစ်ခ်ျက ဖော်ညွှန်းပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ စိတ်အတွင်းပိုင်းဖွံ့ဖြိုးမှုကိစဆို တဲ့ ဖွင့်ဆိုချက်အမြင်ထဲမှာပဲ ရှိပေမယ့် သူဟာရသခံစားမှုဖြစ်တဲ့ စိတ်ကူးကွန့်မြူးမှုကို ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ အဓိကအရာတွေလို့ ညွှန်းဆိုလိုပုံရပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ လူမှုရေးဘဝထဲက စိတ်အခြေ အနေတစ်ရပ်ရပ်ကနေ ထွက်ပေါ်လာတဲ့ အရှိတရားတွေလို့ မှတ်ယူပါတယ်။ တစ်နည်းအားဖြင့် မြို့ပြယဉ်ကျေးမှု (Civilization) နဲ့ ယဉ်ကျေးမှုဟာ မတူပါဘူး။ ယဉ်ကျေးမှုဆိုတာ နေ့စဉ်ဘဝထဲက ကိစမဟုတ်ပါဘူး။ ၄င်းဟာ မြို့ပြယဉ်ကျေးမှုရဲ့ သမိုင်းကိစပဲလို့မြင်တယ်။ တစ်နည်းအားဖြင့် ကောလားရစ်ချရဲ့ ရသအမြင်ကနေ ဖော်ပြနေ တာက စက်မှုအရင်းရှင်စနစ်ဖွံ့ဖြိုးမှုကြောင့် ဖြစ်လာတဲ့ အပျက်သဘောတွန်းအားတွေဟာ မြို့ပြယဉ်ကျေးမှုထဲမှာ ရှိပြီး ၄င်းအပေါ် တန်ပြန်သက်ရောက်မှု လုပ်နေတဲ့ အတွင်းစိတ်ကွန့်မြူးမှုတွေရဲ့ တွန်းအားကတော့ ယဉ်ကျေးမှု သဘောမှာရှိတယ်လို့ဆိုရပါမယ်။ နောက်တစ်ခုက လူ့အဖွဲ့အစည်းထဲက ဩဇာလွှမ်းမိုးနိုင်တဲ့ အီလစ်အုပ်စုတွေ က သူတို့ရဲ့ စံယဉ်ကျေးမှု( (Ideal Culture) ကို ဖန်တီးသေးတယ်လို့ မြင်တယ်။ ဥပမာ-ခရစ်ယာန်ဘုရားကျောင်း တော်လိုမျိုးပါပဲ။ ၄င်းတို့က အစဉ်အလာ ယဉ်ကျေးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရာမှာ အဓိကအရာတွေ ပါပဲလို့ ဆိုပါတယ်။ ဒီအမြင်က ယနေ့ခေတ်မှာ တွေ့ရတဲ့ အိုင်ဒီယိုလိုဂျီအပေါ်ကြည့်တဲ့ အမြင်တွေနဲ့ ဆင်ပါတယ်။

စကော့လူမျိုး သောမတ်စ်ကာလိုင်းဟာ ကောလားရစ်ခ်ျရဲ့ အမြင်တွေကို ဆက်လက်ချဲ့ထွင်သူဖြစ်ပါ တယ်။ ကားလိုင်းက ယဉ်ကျေးမှုရဲ့ ဖြစ်ပျက်စီးဆင်းနေတဲ့ လကခဏာတွေကို စိတ်ဝင်စားတယ်။ ၄င်းအရာတွေ က ထိတွေ့ဆုပ်ကိုင် ပြောလို့မရဘဲ စိတ်ပိုင်းအတွေ့အကြုံနဲ့ တဖြည်းဖြည်းပုံဖော်ပြောဆိုရတဲ့အရာ ဖြစ်တယ်လို့ မြင်တယ်။ ယခင်ကောလားရစ်ခ်ျတို့တုန်းက စိတ်ပိုင်းဖြစ်စဉ်သာလျှင် ယဉ်ကျေးမှုလို့မြင်တဲ့ အမြင်ကို ကာလိုင်းက ရုပ်ပိုင်းကိစနဲ့ပေါင်းစီးလိုက်တယ်။ ဒါက ဒါဟာသူ့ခေတ်မှာ ပိုပြီး အရှိန်အဟုန်နဲ့ပေါင်းဖက်လာတဲ့ စက်မှုအရင်းရှင် စနစ်ရဲ့ သက်ရောက်မှုလို့ မြင်နိုင်ပါတယ်။ ကားလိုင်းက ယဉ်ကျေးမှုကို လူထုနေ့စဉ်လှုပ်ရှားပြုမှုအဖြစ် ပေါင်းစည်း ပြီး မြင်လိုက်တာပါပဲ။ “ယဉ်ကျေးမှုဆိုတာဟာ လူတွေရဲ့ စုပေါင်းဘဝကို ကိုယ်စားပြုဖော်ပြထားတဲ့အရာဖြစ်သင့် တယ်” လို့ ကားလိုင်းက မြင်ပါတယ်။

အစဉ်အလာ ယဉ်ကျေးမှုအမြင်နဲ့ ခေတ်သစ်အကြားမှာ ပေါ်ပေါက်ပြီး ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဖယ်ချန်ထားလို့ မဖြစ်သူကတော့ မတ်သယူးအာနိုး (Arnold) ပါပဲ။ သူ့ရဲ့ 1869 ခုနှစ်ထုတ် (Culture And Anarchy) ဆိုတဲ့စာအုပ်မှာ ယဉ်ကျေးမှုအမြင်တွေကို တွေ့ရပါတယ်။ အာနိုးရဲ့ ခေတ်က စက်မှုအရင်းရှင်ခေတ် ယဉ်ကျေးမှုဖြစ်တဲ့အတွက် သူညွှန်းဆိုနေတဲ့ ယဉ်ကျေးမှုဆိုတာဟာ ၄င်းယဉ်ကျေးမှုဆိုတာကိုတော့ သတိထားရ ပါမယ်။ အခုပြောဆိုသွားတဲ့ ကောလားရစ်ခ်ျ၊ ကာလိုင်း၊ အာနိုးတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေဟာ အဆင့်မြင့် ယဉ် ကျေးမှု (High Culture) အမြင်တွေပါပဲ။ တစ်နည်းအားဖြင့် ၄င်းအချိန်ကာလမှာကိုက သူတို့အနေနဲ့ “အဆင့်မြင့် ယဉ်ကျေးမှု” လက်အောက်ခံ ယဉ်ကျေးမှုစသဖြင့် မသိတတ်သေးတဲ့ သဘောရှိပါတယ်။ သူတို့ဟာ ယဉ်ကျေးမှု အကြောင်းတွေ့ရင် သူတို့ယဉ်ကျေးမှုသာ အဓိကထားပြီး ၄င်းအရာကိုသာ ရှင်းလင်းတာမျိုးလုပ်ပါတယ်။ အင်္ဂလန်ယဉ်ကျေးမှုထဲက တချို့သောကိစတွေသဘောက ယဉ်ကျေးမှုဆိုင်ရာ (Cultural) တချို့ကိစတွေကို အာနိုးက သဘောမကျပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ ရှိနေတာက အင်္ဂလန်ယဉ်ကျေးမှုဖြစ်တယ်ဆိုတဲ့ ဗဟိုချက် ထားသိတဲ့ အသိကတော့ ရှိနေတာပါပဲ။ ဒါကြောင့် အာနိုးပြောဆိုဆွေးနွေးတဲ့ ယဉ်ကျေးမှုက အဆင့်မြင့် ယဉ်ကျေးမှု (High Culture) ပါပဲ။ ယနေ့ခေတ်မှာတော့ အဆင့်မြင့်ယဉ်ကျေးမှုလို့ဆိုရင် အကောင်းသဘောကို ညွှန်းတာမဟုတ်ဘူး။ ဩဇာလွှမ်းမိုးနိုင်သူများက ချပေးထားတဲ့ ယဉ်ကျေးမှုလို့ ဆိုကြတယ်။

အာနိုးက သူရဲ့ CA စာအုပ်ကို ကြေညာချက် စာတမ်းလိုလို ပြုပြင်ရေးစာတမ်းလိုလို လုပ်ရေးတာ။ သူ ဖြစ်စေချင်တဲ့ ယဉ်ကျေးမှုသဘော နောက်လမ်းကြောင်းတစ်ခုခုကို သူ့ရဲ့ဩဇာလွှမ်းမိုးနိုင်စွမ်း (Authority) ကို အသုံးချပြီး အမှန်တရားကို တည်ဆောက်ချင်တာပါပဲ။ ဒါကြောင့် သူ့ရဲ့စာအုပ်မှာ “ယဉ်ကျေးမှုဆိုတာ ပြီးပြည့်စုံမှုကို လေ့လာတာဖြစ်တယ်။ ၄င်းပြီးပြည့်စုံမှုဆီ တွန်းပို့ပေးမယ်။ ကျွန်ုပ်တို့ရဲ့ လူသားဆန်မှုကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့်အပြင် ညှိယူနေထိုင်နိုင်စွမ်းရှိတဲ့ ပြီးပြည့်စုံခြင်းကို ပေးမှာဖြစ်တယ်” လို့ ဆိုပါတယ်။ နောက်ပြီး အာနိုးက “ယဉ်ကျေးမှုက ကျွန်ုပ်တို့ရဲ့ ယခု ပစပ္ပန်အခက်အခဲတွေကို ကြီးမားစွာ အကူအညီပေးလိမ့် မယ်ဆိုတာမျိုး၊ နောက် ယဉ်ကျေးမှုက ရတဲ့အသိပညာတွေကနေတဆင့် ကျွန်ုပ်တို့ရဲ့ အသိဥာဏ်နုံနဲမှုတွေကို ပွင့် ထွက်သွားစေတဲ့ ရေစီးကြောင်းမျိုးဖြစ်လာလိမ့်မယ်ဆိုတာမျိုးတွေပါ ရေးလားတယ်။ ဒါကြောင့် အာနိုးက ယဉ် ကျေးမှုရဲ့ သဘောသဘာဝကို သုံးသပ်ချင်တဲ့စိတ်ထက် သူ့ခေတ်မှာဖြစ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစတွေကို တော်သင့်မှန်ကန်မယ့် လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့လမ်းကြောင်းတစ်စုံတစ်ရာထဲကို ချပေးဖို့ သူကအပြင်း အထန်အားထုတ်ထားတယ်ဆိုတာ ပေါ်လွင်လှပါတယ်။

အာနိုးကလည်း ယဉ်ကျေးမှုဆိုတာဖြစ်စဉ်တစ်ခုလို့ မြင်တာပါပဲ။ လူတွေရဲ့ ဘဝနေထိုင်ပုံ၊ သူတို့ရဲ့ အလေ့အကျင့်အပြုအမူ၊ သူတို့ရဲ့ အသံနေအသံထားတွေ၊ နောက် သူတို့ဖတ်တဲ့ စာအုပ်တွေ၊ သတို့ပါးစပ်က ပြောတဲ့ စကားလုံးတွေ၊ စိတ်ထဲမှာ စိုးမိုးနေတဲ့ အတွေးပုံသဏ္ဍာန်တွေကို အဓိကထည့်ပြီးကြည့်ရင် ၄င်းလူသား တွေရဲ့ ယဉ်ကျေးမှုကို တွေ့နိုင်တယ်လို့ အာနိုးက ယုံကြည်တယ်။ ာေနက်ပြီး ဒီလိုအရာမျိုးတွေဖြစ်ပေါ်လာ အောင်လုပ်တာ ဘယ်အရာလဲ၊ တစ်နည်းအားဖြင့် ဒီလို ဘဝနေထိုင်မှုတွေ၊ အပြုအမူနဲ့ ကြံဆတွေးခေါ်မှုတွေ ပေါ်လာအောင် ဖန်တီးထားတာက ဘာလဲလို့ဆိုရာမှာတော့ သူက ယဉ်ကျေးမှုဆိုတာ နိုင်ငံတော်ရဲ့ ပေါ်လစီး တွေကနေတဆင့် တဖြည်းဖြည်းပျံ့နှံ့ဝင်လာတဲ့အရာလို့ အထူးရှုမြင်ထားတာကိုပါ တွေ့ရပါတယ်။

မင်းခက်ရဲ

(မှတ်ချက် – ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ၊ စာစဉ်-၁၈၀ “အတွေးအမြင်” စာစောင်တွင် ဖော်ပြပါရှိခဲ့သော ဆရာမင်းခက်ရဲ၏ “အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်” ဆောင်းပါးကို ပြန်လည်းကူးယူဖော်ပြထားခြင်းဖြစ် ပါသည်။)

Leave a comment