ဆောင်းပါး

ဆင်ခြင်တုံတရား၏ လက်တံများ (၂)


ကျော်ဝင်း

ဆင်ခြင်တုံတရားနှင့် ဥာဏ်အလင်းခေတ်အမြင်

မထိတ်သာ မလန့်သာ လုပ်ရပ်များကြောင့် အမှောင်လွှမ်းနေသော ကမ္ဘာကြီးတွင် ဆင်ခြင်တုံတရားမှာ မျှော်လင့်ချက်နှင့် ယုံကြည်မှုများအတွင်း သန်စွမ်းသော ရေခံမြေခံတစ်ခု ဖြစ်နိုင်စရာရှိပါသည်။ ဘာကြောင့် ဒီလိုဖြစ်နိုင်သည်ကို အလွယ်တကူ နားလည်နိုင်ပါသည်။ ကျွန်တော်တို့အနေနဲ့နှင့် စိတ်မချမ်းသာစရာ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စရာ တစ်စုံတစ်ခုနှင့် ရုတ်တရက်တွေ့ရသည့်အခါတိုင်း တစ်စုံတစ်ရာတုံ့ပြန်မိကြပါ လိမ့်မည်။ ဒီလိုတုံ့ပြန်သည့်အခါမျိုးမှာပင် ကျွန်တော်တို့၏ တုံပြန်ပုံမှာ လျော်ကန်သင့်မြတ်ပါ၏လော၊ အလုပ်လမ်း ညွှန်ဖြစ်နိုင်ပါမည်လော…စသဖြင့် ဆင်ခြင်တုံ တရားဖြင့် မေးခွန်းထုတ်မိကြပါလိမ့်မည်။

The Theory Of Moral Sentiments

The Theory Of Moral Sentiments

အခြားသောသူများ၊ အခြားသောယဉ်ကျေးမှုများ၊ အခြားသောပြောဆိုချက်များနှင့်ပတ်သက်လျှင်လည်း မှန်မှန် ကန်ကန်လည်း သဘောပေါက်စေရန်၊ တုံ့ပြန်ဆက်ဆံနိုင်ရန်၊ အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်ကြရပါသည်။ မိမိ အမြင်၊ မိမိအယူအဆနှင့် မတူညီသည်ပင်ဖြစ်စေ၊ တန်ဖိုးထား လေးစားဖို့ သဘောထားကြီးစွာ ခွင့်ပြုဖို့အတွက် မတူသော အကြောင်းအခြင်းအရာများကို ဆင်ခြင်သုံးသပ်ကြရပါသည်။ အလားတူပင် မိမိတို့ကိုယ်တိုင် ကျူးလွန်မိသော အမှားများနှင့် ပတ်သက်လျှင်လည်း ဆင်ခြင်တုံတရားနှင့်ပင် ပြန်လည်စိစစ်ကြ ရပါသည်။ ထိုကဲ့သို့သော အမှားမျိုး နောင်တစ်ကြိမ် ထပ်မမှား မိစေရန် ကြိုးစားလေ့လာကြရခြင်းဖြစ်သည်။

ထိုသဘောကို အမြောအမြင်ကြီးသော ဂျပန်စာရေး ဆရာကြီးနှင့် ဒသနပညာရှင်ဖြစ်သူ “ကင်ဇာဗျူရို အိုအဲ” ၏ စကားတစ်ခွန်တွင်တွေ့နိုင်သည်။ စစ်ပြီးခေတ် ဂျပန်နိုင်ငံ၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီး မစတာအိုအဲက ယခုလို ချင့်ချင့်ချိန် ချိန်ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့အနေနှင့် နယ်ပယ်သိမ်းပိုက် ကျူးကျော်ရေး စစ်သမိုင်းကို ဖြတ်သန်းခဲ့ရဖူးချေပြီ။ ဒီသမိုင်းမှာ မလှပသော အကျိုးဆက်များကိုလည်း နာလည်သိရှိခဲ့ကြပြီး ဖြစ်သည်။ ဂျပန်၏ အနာဂတ်ကို ဘယ်ပုံတည်ဆောက် ကြမည်နည်း။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို စွဲမြဲရန် နောက်ထပ် စစ်ပွဲတစ်ခု မကျူးလွန်မိစေရန် လုံလောက်သော အကြောင်း ပေါင်း အမြောက်အများရှိနေပြီဖြစ်ပါသည်။ ဆင်ခြင်တုံတရား ဖြင့် အတိတ်ကိုကြည့်ပြီး ဆင်ခြင်တုံတရားဖြင့်ပင် အနာဂတ်ကို တည်ဆောက်ရပေမည်။” ဟူ၏။

အချို့သော အပြုအမူနှင့်ပေါ်လစီများမှာ မြင်သာထင်သာ ထိခိုက်နစ်နာမှုမျိုး မရှိသော်လည်း ဆိုးဝါးလှ သော အကျိုးဆက်များကား အမှန်ပင်ရှိတတ်ပါသည်။ ထိုကဲ့သို့သောကိစများကို ရင်ဆိုင်ဖြေရှင်ရာတွင်လည်း ကျွန်တော်တို့အနေနှင့် ဆင်ခြင်တုံတရားကိုသာ အားပြုကြရပါလိမ့်မည်။ ဒါကြောင့် အကောင်းဆုံးဥပမာကို ကပ်ဆိုးများနှင့်ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားတုံ့ပြန်ပုံတွင် တွေ့နိုင်ပါသည်။ ဒီကပ်ဆိုးများကို ပေါ်လစီတစ် ရပ်ရပ်နှင့် ချက်ချင်းလက်ငင်းတားဆီးနိုင်သည်မဟုတ်။ သူဟာနှင့်သူ မီးဇာကုန်လျှင် ရပ်သွားလိမ့်မည်။ ဘာမျှ မတက်နိုင် စသည်ဖြင့် လွဲလွဲမှားမှား မှတ်ယူခဲ့ကြသည်က များသည်။ ထိုသို့သော အမှတ်မှား အယူမှားကြောင့်ပင် ကပ်ဘေးတော်တော်များများမှာ တားဆီပိတ်ပင်မှု အလျဉ်းမရှိဘဲ သက်ဆိုးရှည်ကြာခဲ့ရသည်။ ဒီပြသနာကို လေးနက်သော ဆင်ခြင်တုံတရားနှင့် ချဉ်းကပ်နိုင်ကြမည်ဆိုလျှင် အခြေအနေမှာ ယခုကဲ့သို့ မဆိုးနိုင်ဟု ထင်သည်။

စင်စစ် ကပ်ဘေးများအတွင်း လူတွေ ငတ်မွတ်သေဆုံးကြရသည်မှာ စားစရာမရှိသောကြောင့်မဟုတ်။ စားစရာဝယ်ဖို့ ၀င်ငွေမရှိသည်က အဓိကဖြစ်သည်။ အထူးသဖြင့် အလုပ်လက်မဲ့ပြသနာ၊ ဈေးကွက်များ ကျဉ်းကျုံ သွားသည့်ပြသနာ၊ လယ်ယာလုပ်ငန်းများ ပျက်စီးဆုံးပါးသွားသည့်ပြသနာစသော စီးပွားရေးကပ်ဘေးများကြောင့် လူ့အလွှာတစ်ခုမှ လူများ၏ ၀ယ်နိုင်စွမ်းအား သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်။ သေကြ၊ ကြေကြပြီဆို လျှင်လည်း ထိုသို့သော ဖိုးသုညတွေသာ ရှေ့ဆုံးကသေကြရခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့အတွက် အရေးပေါ် ထောက်ပံ့ရေးအစီအစဉ်များထက် ပိုအရေးကြီးသည်မှာ အလုပ်အကိုင်ရရှိရေးအစီအစဉ်များ ဆောင်ရွက်ပေးနိုင် လျှင် ကပ်ဘေးကြီးများကို မတားနိုင်သော်မှ အသေအပျောက်စာရင်းကို သိသိသာသာ လျှော့ချနိုင်စရာရှိပါသည်။

ပြောရလျှင် သဘာဝကပ်များမှာ မကောင်းဆိုးဝါးတွေနှင့် တူပါသည်။ ကံနိမ့်သူများသာ တစေခြောက်ခံရ သည်ဆိုသော ဆိုရိုးစကားအတိုင်းပင် ကပ်ဘေးကြောင့် အသက်ပေးရသူများမှာ လူ့အဖွဲ့အစည်း၏ ကံမကောင်း အကြောင်းမလှရှာသူတွေသာများပါသည်။ သူတို့တစ်တွေ၏ နိမ့်ပါသော ကံကြမာကို အစီအစဉ်ရှိရှိမြှင့်တင်ပေးနိုင် လျှင် ကပ်ဘေးကြီးများကို တားဆီနိုင်စရာရှိပါသည်။ သို့နှင့်တိုင် ကျွန်တော်တို့၏ ကပ်ဘေးကြီးများအပေါ် တုံ့ပြန် ပုံမှာ အတော်စိတ်ပျက်စရာကောင်းလှသည်။ ကျိုးကြောင်းဆီလျော်မှုမရှိသော အဆိုးမြင်များဖြင့် ရပ်ခံခြင်း၊ ဘာမှ မဖြစ်သယောင် ဟန်ဆောင်ဖုံးဖိခြင်း၊ “ပြီးတော့လည်း ပြီးတာပါပဲ” ဟု ခပ်လွယ်လွယ်တွေးကာ ဥပေကာပြုထား ခြင်း စသည်.. စသည်များဖြစ်သည်။ တာဝန်မယူရဲသော စိတ်အခံကိုဖော်ပြနေသလို ဆင်ခြင်တုံတရားကင်းမဲ့မှု၏ လက်ဏာများလည်းဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ကိစတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတော် တော်များများမှာ ကမ္ဘာကြီးကို တမင်ဖျက်လိုဖျက်ဆီး လုပ်လိုသည်ထက်၊ အသိပညာချို့တဲ့မှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုများကြောင့် ပေါ်ထွက်လာသည်က များပါသည်။ မည်သို့သောအကြောင်းကြောင့် ပေါ်ထွက်လာသည်ဖြစ် စေ အကျိုးဆက်ကား အန္တရာယ်ကြီးလှသည်။ လူသားတို့၏ အသိဥာဏ်နုံနဲ့မှု၊ စာနာစိတ်ကင်းမှု၊ ခေါင်းမာမှု စသောအကြောင်းများကြောင့်ဖြစ်ပေါ်လာရသော သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများကို တားဆီးနိုင်ဖို့ဆိုလျှင် “ဆင်ခြင်တုံတရား” သည်သာ “အခရာ” ဖြစ်သည်။ လူထုဆင်ခြင်တုံတရားကို ပျိုးထောင်ပေးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းမှုကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်စရာရှိပါသည်။

ကျွန်တော်အနေနှင့် ဆင်ခြင်တုံတရား၏ အခန်းကဏ္ဍကို ယခုကဲ့သို့ ဋီကာချဲ့နေရသည်မှာ အကြောင်းရှိ သောကြောင့်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားအပေါ် အခြေခံသော ကျင့်ဝတ်အယူအဆအပေါ် အသည်းအသန် တိုက်ခိုက်ကြသည်များ မကြာသေးမီက ပေါ်ထွက်လာသောကြောင့်ဖြစ်ပါသည်။ “လူ့စိတ်တ္တဗေဒနှင့်ပတ်သက် သောဥာဏ်အလင်းခေတ်အမြင်များမှာ လူသား၏ (ပဋိသန္ဓေစိတ်အရ) တုံ့ပြန်မှုများကို လျစ်လျူရှုထားခဲ့သည်” ဆိုသော ပါမောက ဂလိုဗာ၏အဆိုကို ယခုစာစု အရှေ့ပိုင်းကပင်ဖော်ပြခဲ့ပြီးဖြစ်သည်။ “ဆင်ခြင်တုံတရားအပေါ် အားပြုအခြေခံသော လူ့အပြုအမူဆိုင်ရာ ကျင့်ဝတ်အယူအဆ (ဥာဏ်အလင်းခေတ်အမြင်ပင်ဖြစ်ပါသည်။) က လူ့ အပြုအမူနှင့် လူသားတို့၏ တန်ဘိုးထားမှုများအပေါ် အခိုင်အမာ သြဇာလွှမ်းမိုးထားသော ယဉ်ကျေးမှုဓလေ့များ ၏ အခန်းကဏ္ဍကို ပစ်ပယ်ထားသည်” ကြောင့် ဖြစ်ပါသည်။

ဒီနေရာတွင် ကျွန်တော်တို့အနေနှင့် ဆိုးခဲ့ပါအဆိုများ (တစ်နည်းဥာဏအလင်းခေတ်အပေါ် ဝေဖန်ချက် များ) ကို လေ့လာဆန်စစ်ဖို့ လိုလာသည်။ ဆင်ခြင်တုံတရား၏ လက်တံများသည် လူ့စိတ္တဗေဒ၏ အစွမ်းထက် သော သက်ရောက်မှုများနှင့် ဆက်စပ်ရမည်လော။ သို့မဟုတ် အနှံ့အပြားသဘောဆောင်နေသော ယဉ်ကျေးမှု ဓလေ့များနှင့် ချိန်ညှိဖို့လိုမည်လော။ ကျွန်တော်တို့အနာဂတ်မျှော်လင့်ချက်များနှင့် ဘ၀နေနည်း ထိုင်နည်းများမှာ ကျွန်တော်တို့ ဆင်ခြင်သုံးသပ်၊ အကဲဖြတ်ချက်များအပေါ် ကြီးမာစွာ တည်မှီနေပါလိမ့်မည်။

ဒီနေရာမှာ ဂလိုဗာ၏အမြင်မှစတင်ပါမည်။ သူက လူသားတို့အတွက် “စိတ္တဗေဒသစ်” လိုလိမ့်မည်ဟု အဆိုပြုခဲ့သည်။ နိုင်ငံရေးနှင့် စိတ္တဗေဒတို့ အပြန်အလှန်ကျေးဇူးပြုနိုင်သော နည်းလမ်းများကို ထည့်သွင်းစဉ်းစား ရမည်ဟု ဆိုသည်။ လူသားတို့အနေနှင့် မိမိ၏ ပဋိသန္ဓေစိတ်အရပင် ရက်စက်ကြမ်းကြုတ်မှုများကို မနှစ်မြို့ဟုဆို လျှင် “နိုင်ငံရေး အရိုင်းအစိုင်းဝါဒ” (Political Barbarism) ဆန့်ကျင်ရေးအတွက် မျှော်လင့်နိုင်စရာ အပြည့်အ၀ ရှိ ပါသည်။ လူသားမဆန်သော ရက်စက်ကြမ်းကြုတ်မှုများပေါ်ပေါက်လာသည့်အခါတိုင်း သူ့အလိုလို တုံ့ပြန်ဆန့် ကျင်လာကြပါလိမ့်မည်။ တကယ်လို့သာ ဒီအတိုင်း အမှန်တကယ်ဖြစ်လျှင် လူတစ်ဦးချင်းအတွက်ရော၊ လူ့အဖွဲ့ အစည်းအတွက်ပါ ကျင့်ဝတ်စံ နှုံးစံများ ဖွံ့ဖြိုးစေရေး၊ လေ့ကျင့်ပွားများစေရေးအတွက် အခွင့်အလမ်းအပြည့်အ၀ရှိ နိုင်ပါသည်။

ပြောရလျှင် ကျွန်တော်တို့တွင် ကျင့်ဝတ်ဆိုင်ရာ အရင်းအမြစ်များ အမှန်ပင်ရှိပါသည်။ ဒီသဘောကို ဂလိုဗာက “ကိုယ်ပိုင်ကျင့်ဝတ် အမှတ်အသား၏ ကိုယ်ပိုင်ခံစားသိ” ဟု ၀ိဂြိုလ်ပြုခဲ့သည်။ သို့နှင့်တိုင် ရက်စက် ကြမ်ကြုတ်မှုများကို လက်တွေ့ထိန်းချုပ်ဖို့ဆိုလျှင် သူသား၏ တုံပြန်မှုများထဲတွင် သူပြောသာ “ကိုယ်ပိုင်ကျင့်ဝတ် အမှတ်အသားများ၏ ကိုယ်ပိုင်ခံစားအသိ” ကို နက်ရှိုင်းစွာ အမြစ်တွယ်နေဖို့လိုပါလိမ့်မည်။ ဂလိုဗာက အရေးကြီး သည်ဟု ယူဆရသော တုံ့ပြန်မှုနှစ်မျိုးကို ရွေးထုတ်ပြသည်။ “လေးစားတန်ဖိုးမှု” နှင့် “ထောက်ထားစာနာမှု” တို့ ဖြစ်သည်။ အနာဂတ်မျှော်လင့်ချက်များမှာ အဆိုပါတုံ့ပြန်မှုနှစ်မျိုးကို ပြုစုပျိုးထောင်မှုအပေါ် မူတည်လိမ့်မည်ဟု ဆိုသည်။ လူ့အပြုအမူတိုင်းတွင် “ကိုယ်ပိုင်ကျင့်ဝတ်အမှတ်အသားများ၏ ကိုယ်ပိုင်အသိ” စွဲနိုင်နေသမျှ ဆိုခဲ့ပါ တုံ့ပြန်မှုနှစ်မျိုး ထွန်းကားနေလိမ့်မည်ဟုလည်း မှတ်ချက်ပြုသည်။ ထိုသည်ကိုက သူက “စိတ္တဗေဒသစ်” ဟု ဆို လိုက်ခြင်းဖြစ်သည်။

ဥာဏ်အလင်းခေတ်အမြင်များအပေါ် အပြည့်အ၀ ဘ၀င်ကျဟန်မရှိသော ဂလိုဗာက “စိတ္တဗေဒသစ် ဘက်သို့ ဦးလှည့်သင်ပြီ” ဟု အကြံပြုလိုက်သည်။ သူ့အမြင်အရ ဥာဏ်အလင်းခေတ် စိတ္တဗေဒမှာ ပါးလျပြီး ယန္တရားဆန်သည်မဟုတ်ပါလား။ သို့အတွက် ဥာဏ်အလင်းခေတ် စိတ္တဗေဒဟောင်းနေရာတွင် ပိုမိုထွေပြားသည့် တိုင် အမှန်နှင့်ပိုနီးသော စိတ္တဗေဒသစ်နှင့် အစားထိုးရမည်ဟု ဆိုလိုရင်းဖြစ်သည်။ ကျွန်တော်သဘောပြောရရင် ဂလိုဗာ၏ ရှင်းလင်းပြချက်များမှာ ရေပတ်မ၀င်မဟုတ်သည့်တိုင် ယေဘုယျလက်ခံနိုင်စရာရှိပါတယ်။ တစ်ခုပဲ ရှိသည်။ သူ၏ဥာဏ်အလင်းခေတ်အပေါ် သဘောထားမှာ တရားမျှတမှုရှိပါ၏လော ဆိုသည်ကိုမူ ဆန်းစစ်ဖို့ လိုပါ လိမ့်မည်။

ဂလိုဗာအနေနှင့် ဥာဏ်အလင်းခေတ်၏ ဆိုးယုတ်သောနမူနာ (စတာလင်နှင့် ပိုလ်ပေါ့) ကိုသာ ထုတ် နှုတ်ပြခဲ့သည်။ ကောင်းမြတ်သော နမူနာဖြစ်သည့် အဒမ်စမစ်ကိုမူ မညွှန်းခဲ့။ စင်စစ် အဒမ်းစမစ်ဆိုသော ပုဂ္ဂိုလ် ကြီးမှာ ဈေးကွက်စီးပွားရေးစနစ်၏ ခေါင်းကိုင်ဖခင်ဖြစ်ရုံမျှမက “ကျင့်ဝတ်ခံစားမှုသီအိုရီ” (The Theory Of Moral Sentiments) ကျမ်းကို ပြုစုခဲ့သူဖြစ်သည်။ စိတ်လှုပ်ရှားမှုနှင့် စိတ္တဗေဒတုံ့ပြန်မှုများ၏ အရေးပါပုံကို ဂလိုဗာထက် နှစ်ပေါင်းများစွာစောပြီး သုတေသနလုပ်ခဲ့သူဖြစ်သည်။ ဂလိုဗာပြောနေသော လူသားစိတ္တဗေဒတုံ့ ပြန်မှုများ၏ အရေးပါပုံကို ဂလိုဗာထက် နှစ်ပေါင်းများစွာစောပြီး သုတေသနပြုလုပ်ခဲ့သူဖြစ်သည်။ ဂလိုဗာပြောနေ သော လူသားစိတ္တဗေဒအကြောင်းကိုပင် “စမစ်” က “လူသားဖြစ်မှု၏ လိုလားချက်များ” ဆိုသော ခေါင်းစဉ်ဖြင့် အကျယ်အပြန့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ခေတ်သစ် ဘောဂဗေဒက ဒီပုဂ္ဂိုလ်ကြီး၏ဒသနကို အလွန်ကျဉ်းမြောင်း စွာအဓိပ္ပာယ်ဖွင့်ထားသည့် “ကိုယ်ကျိုးစီးပွား” ဆိုသည်လောက်နှင့် ဘောင်ခတ်ထားခဲ့သော်လည်း “စမစ်” ကား လူသားအားလုံးကို ကိုယ်စားပြုသူဖြစ်သည်။ “စမစ်”၏ အခြေခံကျမ်းများကို နှံ့နှံ့စပ်စပ်လေ့လာသူဆိုလျှင် ကျန် အချက်ကို ကောင်းစွာ မှန်းဆနိုင်စရာရှိပါသည်။

ထိုသို့သော ဂုဏ်အင်များနှင့်ပြည့်လျှမ်းနေသော အဒစ်စမစ်ဆိုသည့် ပုဂ္ဂိုလ်ကြီးမှာ ကန့်၊ ကွန်ဒိုရက်၊ ဒေး ဗစ်ဟုမ်းတို့လိုပင် ဥာဏ်အလင်းခေတ်ကို စတင်တံခါးဖွင့်ပေးခဲ့သူတစ်ဦးဖြစ်သည်။ သူ့ဘ၀၏နောက်ပိုင်းအချိန်များ တွင် ဘောဂဗေဒကို ဦးစားပေးခဲ့သည့်အတွက်သာ သူ၏ဒသနအမြင်များကို ဒေးဗစ်ဟုမ်း၏ အမြင်များလောက် လူသိမများခြင်းဖြစ်တန်ရာသည်။ (ပါမောက ဂလိုဗာအနေနှင့် ဒေးဗစ်ဟုမ်း အကြောင်းကိုလည်း ပြောခဲ့သည် မဟုတ်ပါ။) ဟုမ်းက ယခုလို အခိုင်အမာပြောခဲ့ဖူးသည်။ “ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်အားလုံး လောက်တွင်၊ ဆင်ခြင်တုံတရားနှင့် စိတ်ခံစားမှုတို့မှာသာ သဘောချင်း ကိုက်ညီကြသည်ကများသည်။” ဟူ၏။

စမစ်၏ကျမ်းများတွင် ဒီလောက်ပွင့်ပွင့်လင်းလင်း မထုတ်ဖော်ခဲ့သည်တိုင် ဆင်ခြင်တုံတရားနှင့် စိတ်ခံ စားမှုတို့၏ အပြန်အလှန် ကျေးဇူးပြုမှုကိုမူ ပညာရှင်ကြီးနှစ်ဦးလုံးက သိမှတ်လက်ခံခဲ့ကြသည်သာဖြစ်သည်များကို မူ သူတို့နှစ်ယောက်လုံးက လက်ခံခဲ့ကြသည်မဟုတ်ပါ။ “အတိအကျလက်တွေ့ကျသော ဆင်ခြင်တုံတရားမျိုးမရှိ သလို၊ အခိုင်အမာကျင့်ဝတ်နှင့်ညီသော ဆင်ခြင်တုံတရားဆိုသည်မျိုးလည်း တွေ့နိုင်မည်မဟုတ်။ ဆင်ခြင်တုံ တရားကို အခြေခံပြီး ကျင့်ဝတ်ကို ချဉ်းကပ်ခြင်းသည်သာ လက်တွေ့နှင့် အနီးဆုံးဖြစ်ပေလိမ့်မည်။”ဟု ဟုမ်း အကြောင်းဖွင့်ဆိုရှင်းပြသော “တောမတ်နာဂဲလ်” က ရေးခဲ့ဖူးသည်။

အမှန်စင်စစ် စိတ်ခံစားမှုသဘောထားများ၏ အရေးပါပုံကိုသိမှတ်လက်ခံရုံမျှဖြင့် ကိစပြီးနိုင်သည်မဟုတ် ပါ။ ဆင်ခြင်တုံတရားနှင့်ယှဉ်ပြီး ပြုစုပျိုးထောင် ဝေဖန်ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ ဒီသဘောကို စမစ်ကိုယ်တိုင်က ယခုလိုရေးခဲ့ဖူးသည်။ “အမှန်အမှားနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ပထမဆုံးမှတ်ယူချက်များမှာ ဆင်ခြင်တုံ တရား၏ အရာမဟုတ်ပါ။ ရုတ်တရက် တုံ့ပြန်လိုက်သော စိတ်ခံစားမှု၏ အခြင်းအရာသာ ဖြစ်ပါလိမ့်မည်။ (အာရုံသိ၊ သို့မဟုတ် ခံစားသိ) ဝေဖန်ဆန်းစစ်မှု တစ်စုံတစ်ရာဖြတ်သန်းလိုက်သည်နှင့် အဆိုပါ ပထမဆုံး ထွက် ပေါ်လာသည့် အာရုံသိကိုယ်တိုင်မှာ ပြောင်းလဲသွားနိုင်ပါသေးတယ်။ အရေးကြီးသည်မှာ ဆိုခဲ့ပါ အာရုံသိကို ဆင်ခြင်သိအဖြစ် အသွင်ပြောင်းနိုင်ဖို့ဖြစ်ပါသည်။ ထို့သို့ပြောင်းလဲနိုင်ရေးအတွက် ဆင်ခြင်တုံတရားကို အသုံးပြုရ မည်သာဖြစ်သည်။ သို့မှသာလျှင် အပြုအမူတစ်ရပ်နှင့် ၄င်း၏အကျိုးဆက်များကို ကျယ်ကျယ်ပြန့်ပြန့်မှန်းဆနိုင် စရာရှိပါသည်။” စသည်ဖြင့်။

တစ်ခါတစ်ရံတွင် ဥာဏ်အလင်းခေတ်၏ ဒေါက်တိုင်နှစ်ခုဟုဆိုနိုင်သော “ဆင်ခြင်တုံတရား” နှင့် “လူသား၏ ပြီးပြည့်စုံမှု” ဆိုသည်ကို လွဲမှားစွာ ရောထွေးပြီး တစ်သရောတည်း ဝေဖန်ဆန့်ကျင်ကြသည်များရှိ တတ်ပါသည်။ ဥာဏ်အလင်းခေတ် ပညာရှင်တော်တော်များများ၏ အရေးအသားများတွင် ဒီနှစ်ခုမှာ နီးကပ်စွာ ဆက်စပ်နေသည့်တိုင် အမှန်စင်စစ်တစ်ထပ်တည်းကျသည်တော့မဟုတ်ပါ။ သို့အတွက် တစ်ခုကိုမယုံကြည်သည် နှင့် ကျန်တစ်ခုကို အသိအမှတ်မပြုနိုင်ဆိုသော လောဂျစ်ဖြင့် မဆုံးဖြတ်သင့်ဟု သဘောရပါသည်။ လူသား၏ ကြွယ်ဝသော စရိုက်လကဏာများအကြောင်း အာဝဇ္ဇန်းကောင်းကောင်းနှင့် ဖော်ပြလေ့ရှိသော ပါမောက ဂလိုဗာ ကိုယ်တိုင်သည်ပင် “လူသား၏ ပြီးပြည့်စုံမှု” ဆိုသည်ကို မပြောခဲ့ပါ။ လူ့အဖွဲ့အစည်းအနေနှင့်သော်လည်းကောင်း လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း၊ ကျင့်ဝတ်စိတ်ကူးများကို ပြုစုပျိုးထောင်ခြင်းဖြင့် လူ့စိတ္တဗေဒဖွံ့ ဖြိုးစေရေးဆိုသည်ကိုသာ ဇောင်းပေးပြောခဲ့ပါသည်။ (စင်စစ်ထိုသို့ ပြုစုပျိုးထောင်နိုင်ရန် ဆင်ခြင်တုံတရားကို ပစ် ပယ်လို့ဖြစ်သည်မဟုတ်ပါ။) သူ၏ ထိုကဲ့သို့သောအပြုသဘောဆောင်သည့် မျှော်မှန်းချက်များကြောင့်ပင် သူ၏ ဥာဏ်အလင်းခေတ်ဆန့်ကျင်ရေးကို လက်မခံသည့်တိုင် ပါမောခ ဂလိုဗာအပေါ် လေးစားယုံကြည်မှု ပျောက်ဆုံး မသွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

ကျော်ဝင်း

စာညွှန်း ။    ။ The Argumentative Indian : By Amartya Sen)

(မှတ်ချက်။   ။၂၀၀၇ ခုနှစ်၊ မတ်လထုတ် ချယ်ရီမဂ္ဂဇင်း အမှတ် ၁၄ တွင် ဖော်ပြပါရှိသော ဆရာကျော်ဝင်း၏ “ဆင်ခြင်တုံတရား၏လက်တံများ-၂” ကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်။)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: