အံ့ဘုန်းမြတ် ၆ မေ ၂၀၁၁ (ဒီဗွီဘီ)
အမျိုးအစားတွေအလိုက် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ စာစောင်တွေ ဒီလလယ်လောက်ကနေ စတင်ပြီး စာပေစိစစ်ရေးကို တင်စရာ မလိုတော့တဲ့ စာပေစိစစ်ရေးမူဝါဒတွေကို ပြောင်းလဲကျင့်သုံးတော့မယ်လို့ သိရပါတယ်။ ဒီလ ၈ ရက်နေ့၊ နေ့လယ် ရန်ကုန်မြို့က ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးချုပ် အစည်းအဝေးခန်းမမှာ ပြုလုပ်မယ့် “စီစစ်ရေးမူဝါများ ပြောင်းလဲကျင့်သုံးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားမယ့် ညှိနှိုင်းအစည်းအဝေး” အပြီးမှာ စတင်ကျင့်သုံးတော့မှာလဲ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊ စာပေစာနယ်ဇင်းအဖွဲ့နဲ့ ပုံနှိပ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေကို ဖိတ်ကြားထားပြီး ဖြစ်တယ်လို့ အမည်ဖော်ပြခွင့်မရှိတဲ့ စာပေစိစစ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။ ဒီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ပေါ်ပြူလာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးဟိန်းက အခုလို ပြောပြပါတယ်။
“အဲဒါတွေတော့ အဲဒီနေ့ကစပြီး အကုန်ချပြမယ်ပြောတယ်။ အရင်ကတည်းက ဒါမျိုးတွေကို ကြားနေရတယ်။ သိပ်မသေချာသေးဘူး။ အရင်က သတင်းထောက်တွေလည်း မတက်ရဘူး။ အခုတော့ သတင်းထောက်တွေပါ တက်လို့ရမယ်။ ဖိတ်ကြားထားပြီးအပြင် သတင်းထောက်တယောက်ပါ တက်လို့ ပြောတယ်။”
ပြောင်းလဲလာမယ့် မူဝါဒအသေးစိတ်ကိုတော့ အဲ့ဒီအစည်းအဝေးကျမှ သိရမှာဖြစ်တယ်လို့လည်း အခြားသတင်းဂျာနယ် အယ်ဒီတာကလည်းဆိုပါတယ်။ စာပေစိစစ်ရေး သတင်းရပ်ကွက်အချို့ကတော့ ဒီပြောင်းလဲ ကျင့်သုံးမယ့် မူဝါဒတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်လာမယ့် ဥပဒေ၊ နည်းဥပဒေတွေကို စတင်ကျူးလွန်တဲ့အချိန်ကနေ စတင်ပြီး ကျပ်ငွေ သိန်း ၅၀ ကို အာမခံအဖြစ် ထားရှိရမှာဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီငွေထဲကနေ ဒဏ်ကြေးအဖြစ် ဖြတ်တောက်သွားမှာ ဖြစ်ကာ ထုတ်ဝေသူတွေက ဒီအာမခံငွေပြည့်အောင် ထပ်မံဖြည့်တင်းထားရမှာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒီလို အာမခံငွေ ထားရှိရမယ့်ကိစ္စနဲ့ပတ်သက်ပြီး အသေးစား စာနယ်ဇင်းလုပ်ငန်းတွေ အကြပ်တွေ့လာနိုင်ဖွယ်ရာတွေ ရှိတယ်လို့ လည်း မဂ္ဂဇင်းထုတ်ဝေသူအချို့က ဆိုကြပါတယ်။
ဒီမူဝါဒတွေထဲမှာ ပါဝင်လာမယ့် စာနယ်ဇင်းအမျိုးအစားတွေမှာတော့ အနုပညာ၊ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာအမျိုးအစားဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ စာစောင်တွေပါဝင်ကြမှာဖြစ်ပြီး လက်ရှိထုတ်ဝေ ဖြန့်ချိနေတဲ့ အမျိုးအစားစုံ ဂျာနယ် ၁၇၂ စောင်ထဲက ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်က ၁၁၃ စောင်တို့ တွေ့ကြုံကြရမှာလည်း ဖြစ်ပါတယ်။ စာနယ်ဇင်း လောကထဲမှာတော့ ဒီပြောင်းလဲကျင့်သုံးလာမယ့် မူဝါဒတွေထဲမှာ ဘယ်လို ဥပဒေ၊ နည်းဥပဒေတွေ ထပ်မံ ပါဝင်လာမယ်ဆိုတာ စောင့်ကြည့်ကြရဦးမှာဖြစ်သလို အာမခံငွေထားရှိရမယ့် ကိစ္စတွေနဲ့အတူ သတင်းဂျာနယ်တွေ နိုင်ငံရေးအသားပေးဂျာနယ်တွေ ပါဝင်ခြင်း မရှိသေးတဲ့အပေါ်ကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
Leave a Reply