ပါလီမန်, သတင်း, သမ္မတ, အစိုးရအဖွဲ့, နိုင်ငံရေး

နိုင်ငံရေးပြဿနာများ ပြေလည်လာအောင် အကြံပေးသွားမည် (ဒေါက်တာနေဇင်လတ်)


အံ့ဘုန်းမြတ် ၂၇ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-ADVISORYGROUPNEWS-27042011.mp3?attredirects=0&d=1

ပြီးခဲ့တဲ့ အပတ်ထဲမှာ စတင်ဖွဲ့စည်းလိုက်တဲ့ သမ္မတရဲ့အကြံပေး အဖွဲ့တွေထဲက နိုင်ငံရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အစိုးရသစ်အနေနဲ့ ဖြေရှင်းနိုင်ဖို့ အကြံပေး သွားမယ်လို့ ပြောကြားလိုက် ပါတယ်။

ဒီလ ၁၉ ရက်ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး လက်မှတ်ရေးထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ အကြံပေးအဖွဲ့ တွေမှာတော့ စီးပွားရေးကြံပေးအဖွဲ့၊ နိုင်ငံရေးအကြံပေးအဖွဲ့နဲ့ ဥပဒေအကြံပေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့်လထဲမှာ ဒီအဖွဲ့ဝင်တွေနဲ့ အဖွဲ့ခေါင်း ဆောင်တွေ သမ္မတနဲ့ တွေ့ဆုံကြဖို့လည်း ရှိနေကြတာပါ။

ဒီအကြံပေးအဖွဲ့တွေထဲက နိုင်ငံရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က နိုင်ငံအတွင်း မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အစိုးရသစ်အနေနဲ့ ဖြေရှင်းနိုင်ဖို့ အကြံပေးသွားမယ်လို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

  • ဆရာနေဇင်လတ် မင်္ဂလာပါခင်ဗျ။ ဆရာတို့ သမ္မတအကြံပေးအဖွဲ့တွေ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းက စသိခဲ့ရလဲဗျ။

ကျနော်တို့ ၂၂ ရက်နေ့လောက်ကတော့ စသိပါတယ်။”

  • ဒီအကြံပေးအဖွဲ့တွေကို ဘယ်လိုတွေဖွဲ့စည်းပြီး ဘယ်သူတွေ ပါဝင်တယ်ဆိုတာလဲ သိချင်ပါတယ် ခင်ဗျ။

သုံးခုဖွဲ့တယ်။ စီးပွားရေးရယ်၊ နိုင်ငံရေးရယ်၊ နောက်ဥပဒေရေးရာရယ်။ စီးပွားရေးမှာတော့ ဒေါက်တာ ဦးမြင့်ပါတယ်။ နောက် ဦးဆက်အောင်ပါတယ်။ ဦးစိန်လှဘို ပါတယ်။ နိုင်ငံရေးမှာတော့ ဦးကိုကိုလှိုင်ပါတယ်၊ ကျနော်ပါတယ်၊ ဆရာ ဦးရဲတင့် ပါတယ်။ ဥပဒေမှာတော့ ရဲမှူးကြီး စစ်အေး (ငြိမ်း) ပါတယ်။ ဒေါ်ခင်မျိုးမြင့် ပါတယ်။ ဦးသန်းကျော် ပါတယ်။

  • ဆရာတို့ အကြံပေးအဖွဲတွေအနေနဲ့ အစိုးရသစ်နဲ့ သမ္မတကို ဘယ်လိုအကြံမျိုးတွေပေးဖို့ ကြိုတင် စီစဉ်ထားတာတွေ ရှိပြီလား။

အဲဒါကတော့ ပြောရမှာ နည်းနည်း စောနေ ပါသေးတယ်။ ကျနော်တို့ သတင်းပို့ပြီးတော့မှပဲ ဘယ်လိုတာဝန်တွေခွဲမလည်း၊ ဘယ်လိုတာဝန်တွေ ပေးမလဲ မသိသေးဘူး။ ကျနော်တို့ အဖွဲ့ချင်းကလည်း အဲဒီကျမှ ပြန်ဆုံမှာပါ။ အခုတော့ ခရီးတွေ ထွက်နေကြတယ်။ မဆုံနိုင်သေးဘူး ဖြစ်နေတယ်။ နောက်လလယ် လောက်တော့ တစုံတရာ ပြောနိုင်ပါတယ်။ အခုတော့ စောနေပါသေးတယ်။”

  • ဆရာတို့ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့အနေနဲ့ရော ဘာတွေအကြံပေးမယ်လို့ ပြောလို့ ရတာမျိုးတွေများ ရှိမလား။

အကြမ်းအားဖြင့်တော့ ကျနော်တို့နိုင်ငံရေးမှာ ရှိနေတဲ့ အခက်အခဲလေးတွေ၊ အဖုအထစ်လေးတွေ၊ အဓိကကတော့ ပြည်တွင်းမှာ ဒါလေးတွေ ပြေလည်ဖို့ ရှိတာပေါ့။ ကျနော်ထင်ပါတယ်။ နိုင်ငံတော်ကလည်း အရင်နဲ့မတူဘူး။ အဲဒါလေးတွေကို ပြေလည်စေချင်တဲ့ အရာလေးတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာ အဓိကထားပြီးတော့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။”

  • ဟုတ်ကဲ့ ဆရာနေဇင်လတ်ခင်ဗျ။ ဆရာတို့ပါဝင်တဲ့ ဒီအကြံပေးအဖွဲ့တွေဟာ အစိုးရနဲ့ သမ္မတသစ်ရဲ့ အသုံးချခံတွေသာ ဖြစ်လာလိမ့်မယ်လို့ ဝေဖန်ကြတာတွေလည်း ရှိနေပါတယ်။ ဒီအပေါ်ကို ဆရာဘာများ ပြောကြားလိုမလဲဗျ။

အချိန်က အဆုံးအဖြတ် ပေးသွားမှာပါ။ အခုမှ အစိုးရအသစ်ကလည်း တလ မပြည့်သေးဘူး။ တလမပြည့်ခင်ထဲက ဒီအကြံပေးအဖွဲ့တွေ ဘာတွေကို စီစဉ်ထားတယ်ဆိုထဲက ပြောရမယ်ဆိုရင် အလျှင်နှုန်းမြန်တယ်လို့ ပြောလို့ရပါတယ်။ အရင်တုန်းကလည်း အကြံပေးအဖွဲ့တို့ ဘာတို့လည်း အသေအချာလည်း မရှိခဲ့ဘူး။ အခုဒီအစိုးရသစ်မှာမှ ဖွဲ့စည်းပေးခဲ့တယ်ဆိုတော့ ကျနော်ထင်တယ်။ ပြဿနာကို တကယ်ကိုပြေလည်ချင်တဲ့ စိတ်သဘောတွေ သွားတွေ့ရပါတယ်။ ဝေဖန်တယ် ဆိုတာလည်း ဝေဖန်သူတွေရဲ့ လွတ်လပ်ခွင့်ပါ။ အချိန်ကတော့ အဖြေပေးသွား ပါလိမ့် မယ်။”

  • ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဆရာနေဇင်လတ်ခင်ဗျာ။

ဒေါက်တာနေဇင်လတ်ဟာ ရွှေအမြုတေမဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတွေအပါအ၀င် အခြားဂျာနယ်မဂ္ဂဇင်းတွေမှာလည်း  စီးပွားလူမှုဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ ဆောင်းပါးတွေကို  ရေးသားနေသူ တစ်ယောက်ဖြစ်ပြီး  AMBO Co. Ltd. နဲ့ AMBO Hotel Group ဥက္ကဋ္ဌ အဖြစ်သလို ADAM University မှာ Principal အဖြစ်၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲမှာ ခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့အတူ ဦးရဲတင့်နဲ့ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကတော့ ပြန့်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် ၂၀၀၄ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အဲဒီအရင်ကတော့သူဟာ စစ်ဦးစီး ပထမတန်း (သုတေသနမှူး) အဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာရဲ့ နိုင်ငံရေးကိစ္စတွေ၊ စစ်ရေးကိစ္စတွေကို စုံစမ်းလေ့လာ ပြုစုပြီးတော့ ကက (ကြည်း) ဗိုလ်ချုပ်ကြီးတွေကို လေ့လာတင်ပြတဲ့တာဝန်ကို ယူခဲ့ပြီး တန်ပြန်နိုင်ငံရေးလုပ်ငန်းတွေကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်းဖြစ်ပါတယ်။ သူဟာ ကိုကိုလှိုင်၊ လှိုင်အောင်၊ စည်သူအောင်စတဲ့ ကလောင်အမည်တွေနဲ့လည်း ဆောင်းပါးနဲ့ စာအုပ်တွေကို ရေးသားနေသလို အစိုးရဘလော့ခ် အင်တာ နက်စာမျက်နှာတွေကို ဦးဆောင်ပြုလုပ်ပေးနေသူအဖြစ် သတင်းထွက်ပေါ်နေသူ တယောက် ဖြစ်ပါတယ်။

စီးပွားရေး အကြံပေးအဖွဲ့ကိုတော့ ဒေါက်တာဦးမြင့်က ဦးဆောင်ပြီး ဦးဆက်အောင်နဲ့ ဒေါက်တာတင်လှဗိုလ်တို့ ပါဝင်ထားပါတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ဟာ ထင်ရှားတဲ့ စီးပွားရေး သုတေသီ ပညာရှင်တဦးဖြစ်သလို စီးပွားရေး သုတေသန စာတမ်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြု စာတမ်းတွေကို ရေးသားပေးလေ့ရှိပါတယ်။ ဒါအပြင် အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနဲ့ လူမှုရေးစစ်တမ်းစာစောင်တွေကိုလည်း ပြုစုရေးသားခဲ့ပါတယ်။ ဒေါက်တာဦးမြင့်ဟာ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်ပြီး၊ ပြည်တွင်း စီးပွားရေးကဏ္ဍနဲ့ စပ်လျဉ်းပြီး ဟောပြော ဆွေးနွေးပို့ချမှုတွေနဲ့ အကြံဉာဏ်ပေးတာတွေကို ဆောင်ရွက်နေသူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြည်ပမှာ အနေကြာခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့လည်း သိကျွမ်းသူ အဖြစ် လူသိများပါတယ်။ သူပါဝင်လာတဲ့အပေါ် နိုင်ငံရေးအင်အားစုအချို့က အပြုသဘောဆောင် လက်ခံကြတာမျိုးတွေလည်း ရှိနေပါတယ်။

ဥပဒေအကြံပေးအဖွဲ့ကိုတော့ ရဲမှူးကြီး စစ်အေး (ငြိမ်း) ဦးဆောင်ပြီး ဒေါ်ခင်းမျိုးမြင့်နဲ့ ဦးသန်းကျော်တို့ ပါဝင်ထားပါတယ်။ ရဲမှူးကြီး စစ်အေး (ငြိမ်း) ဟာ ရဲ အရာရှိသင်တန်း အပတ်စဉ် (၁) ဆင်းဖြစ်ပြီး ဥပဒေဘွဲ့ရ တယောက်လည်း ဖြစ်ပါတယ်။ သူဟာ မူးယစ်တိုက်ဖျက်ရေးအပါအ၀င် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတိုက် ဖျက်ရေးကော်မတီရဲ့ ညွှန်ကြားရေးမှူးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးတွေအဖြစ်လည်း တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်တွေပါဝင်တဲ့ သမ္မတအကြံပေးအဖွဲ့တွေအနေနဲ့ သမ္မတအပေါ် တိုင်းပြည်အတွက် လိုအပ်နေတဲ့ အကြံဉာဏ်တွေကို အမှန်တကယ် ပေးနိုင်ပါ့မလားဆိုတာနဲ့ သမ္မတကရော ဒီအဖွဲ့တွေကပေးတဲ့ အကြံပေးတာတွေကို အလေးအနက်ထား အကောင်အထည် ဖော်၊ မဖော်ဆိုတာတွေကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအလိုက် သမ္မတအကြံပေးအဖွဲ့တွေကိုလည်း ထပ်မံဖွဲ့စည်းဖို့ ရှိနေပြီး ပညာရှင်တွေ ထပ်မံပါ ၀င်လာဖို့ ရှိနေပါသေးတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: