အံ့ဘုန်းမြတ် ၁၁ ဇွန် ၂၀၁၀
http://burmese.dvb.no/news.php?id=11158
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ပြည်နယ်နှင့်တိုင်း အသီးသီးမှာ တိုင်းဒေသကော်မရှင်ရုံးတွေ ဖွင့်လှစ်ပြီး အစိုးရ၀န်ထမ်းအရာရှိတွေနဲ့ ပြည်ခိုင်ဖြိုး အသင်းဝင်တွေကို ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ သင်တန်းတွေ ပို့ချတဲ့နေပါတယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေစတဲ့ ပြည်နှင့်တိုင်းအသီးသီးက တယက၊ မယကနဲ့ ရယကရုံးတွေမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ကော်မရှင်ရုံးတွေ ဖွင့်လှစ်ပြီး ရွေးကောက်ပွဲလုပ် ငန်းသင်တန်းတွေကို အစိုးရ၀န်ထမ်းတွေနဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်တွေကို ပို့ချပေးနေတာပါ။ စစ်ကိုင်းတိုင်းမဲဆန္ဒနယ်အတွက် တိုင်းကော်မရှင်က ရွေးကောက်ပွဲလုပ်ငန်း သင်တန်းပို့ချနေတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့ခံ အငြိမ်းစားအစိုးရအရာရှိတဦးက
“အဲဒါက အခု မ၀တရုံးမှာ သင်တန်းပေးနေတယ်။ ရယက အဖွဲ့နဲ့၊ ကြံ့ခိုင်ရေးအဖွဲ့တွေကို သူတို့တာဝန်ပေးထားတယ်၊ ကျန်တဲ့ အရပ်သားတွေ မပါဘူး။ အခုဟာက ခရိုင်၊ မြို့နယ် ပြီးတော့ ကျေးရွာ ရွေးကောက်ပွဲကျင်းပရေးကော်မတီ ဖွဲ့ရဦးမှာကိုး၊ အဲဒီလိုဖွဲ့တော့မှ ကိုယ့်ကျေးရွာထဲမှာ မဲရုံ ဘယ်နှစ်ရုံလုပ်မလဲ၊ မဲရုံမှူးက ဘယ်သူဖြစ်မလဲ၊ အရွေးခံမယ့် ပုဂ္ဂိုလ်တွေရဲ့ ကိုယ်စားလှယ်ပေါ့ သူတို့လည်း ပါလာကြဦးမှာလေ။ အဲဒါတွေကို သင်တန်းထပ်ပေးရဦးမှာ၊ အခုဟာက ရပ်ကွက်တခုချင်း အ လိုက် တယောက်ချင်းခေါ်တဲ့ သဘောပဲရှိဦးမယ်ထင်တယ်။”
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာလည်း ကော်မရှင်သင်တန်း ဖွင့်လှစ်နေတာနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့က အစိုးရ၀န်ထမ်းတဦး ပြောပြရာမှာတော့
“တောင်ကြီးမှာ (သင်တန်း)ပေးတယ်ရှင့်၊ တောင်ကြီးမှာ ခယက ကလည်း ခရိုင်ကော်မရှင်ကို ပေးတယ်။ မယကမှာလည်း မြို့နယ်ကော်မရှင်ကို ပေးတယ်။ မြို့နယ်ကော်မရှင်ကပေးတော့ ကျမတို့ အခု တရားသူကြီးတို့ ဘာတို့ဆို တခါတလေ ကျရင် သူတို့ ပင်ကိုယ်အလုပ် မလုပ်ဖြစ်ဘူး။ မြို့နယ်တရားသူကြီးတို့၊ မြို့နယ် ဥပဒေ အရာရှိတို့ ပါတယ်။ ထွေအုပ်ကလည်း ပါတယ်။ နောက် ရယက တွေကို ပို့ချတယ်။ နောက် အဲဒီသင်တန်းကလည်း မယက လုပ်တဲ့ဟာ မယက ရုံးမှာပဲ လုပ်တယ်။ ခယက ဆိုလည်း ခယကရုံးမှာပဲ လုပ်တယ်။”
ရခိုင်ပြည်နယ်မှာလည်း ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အလိုက် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးတွေက အစိုးရ၀န်ထမ်းအရာရှိတွေနဲ့ ပြည်ခိုင်ဖြိုးပါတီတွေကို သင်တန်းပို့ချမှုတွေ ရှိတယ်လို့လည်း ရခိုင်နိရဉ္စရာသတင်းဌာနက ဆိုပါတယ်။ နအဖစစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့စဉ်ကလည်း အခုလို သင်တန်းမျိုးတွေ ပို့ချပြီး ကြိုတင် မဲရယူခဲ့ပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကိုင်းမြို့က အငြိမ်းစား အစိုးရအရာရှိကပဲ အခုလို ပြောပြပြန်ပါတယ်။
“ပြီးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတုန်းက ဘယ်လိုပဲလုပ်လုပ် ၉၂ ရာခိုင်နှုန်း ရအောင်လုပ်ခဲ့လို့ ပြောလိုက်တာ။ တချို့ရွာတွေဆိုလည်း ပုံမှန်အတိုင်းလုပ်တာ ၆၀ ကျော်ရတဲ့ ရွာတွေလည်း ပါတယ်။ အဲဒီလူတွေကို ပြန်ပြီး ၉၂ လုပ်ခိုင်းတယ်၊ အဲဒါ တချက်တွေ့တယ်။ နောက် မဲပေးတဲ့အခါမှာ ဘယ်လိုပဲပေးပေး၊ တအိမ်လုံးအတွက် တယောက်တည်းပေးလည်း ရတယ်။ အကိုဆို တယောက်တည်း တအိမ်လုံးအတွက် ပေးခဲ့တာပဲ ကန့်ကွက်မဲ ဆိုပြီးတော့။ အဲဒါလည်း ပြဿနာ မတက်ဘူး။ အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ ၉၀ ရာခိုင်နှုန်းရတာပဲ၊ အဲဒါကိုယ်တွေ့ပေါ့။ နောက်လူတွေက တကယ်တမ်း မဲ ပေးကြပြီဆိုရင် ပုံစံတမျိုးပြောင်းသွားလိမ့်မယ်လို့ထင်တယ်။ အဲဒါမဲကို ၂၀၀၈ ခု တုန်းကလို ဗြောင်မလိမ်ဘဲ ၀ိုင်းမညစ်ဘူးဆိုရင် သူတို့ရလဒ်တွေက တမျိုးဖြစ်သွားမယ်။”
ဒီအခြေအနေတွေကြောင့် နအဖစစ်အစိုးရနဲ့ သူရဲ့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ပြုလုပ်ပေးမယ့် ဒီရွေးကောက် ပွဲဟာ တရားမျှတမှု ဘယ်အတိုင်းအတာအထိ ရှိမယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပြီလို့ ရွေးကောက်ပွဲဝင်ဖို့ ပြင် ဆင်နေတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ဝေဖန်လိုက်ပါတယ်။
“အဲဒီလုပ်ဆောင်တဲ့ အခြေအနေတွေ အကုန်လုံးဟာ ၀န်ထမ်းတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေ၊ အဲဒီလူတွေနဲ့ ရပ်ကွက်က ရယက ထဲကနေပြီးတော့ ရပ်ကွက်ကော်မရှင် လုပ်မယ့် ပုဂ္ဂိုလ်တွေ၊ ပြင်ဆင်မှုတွေ လုပ်ပေးနေတယ်။ အဲဒီလူတွေက မဲရုံစောင့်မယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိရေးအတွက်ဆိုတဲ့ သဘောမျိုးကို သက်ရောက်စေတဲ့ လုပ်ဆောင်မှုတွေက အများကြီး တွေ့နေရတယ်။ အဲဒီအခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက် ဒီရွေးကောက်ပွဲကို ဘယ်လောက် လွတ်လပ်တရားမျှတအောင် ဆောင်ရွက်ပေးမလဲ။ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လောက်တရားမျှတမလဲ ဆိုတဲ့ အခြေအနေပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်နေတာတော့ သေချာတာပေါ့။”
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နအဖစစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ၁၀ ရက် ၁၀ လ ၂၀၁၀ မှာ ကျင်းပပြုလုပ်လိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်က ပြောကြားထားပါတယ်။ လက်ရှိ အခြေအနေတွေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီအဖြစ် လျှောက်ထားတဲ့ နိုင်ငံရေးပါတီသစ် ၃၂ ပါတီထဲက ၃၁ ပါတီကို ပါတီထူ ထောင်ခွင့် ချပေးထားပြီး ဖြစ်ပါတယ်။
Leave a Reply