ကျန်းမာရေး, လူငယ်ရေးရာ, သတင်း

မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်သုံးသူဦးရေ ကျဆင်းသည်ဟုဆို


အံ့ဘုန်းမြတ် ၃၁ မေ ၂ဝ၁ဝ

http://burmese.dvb.no/news.php?id=11046

ဒီနေ့ မေလ ၃၁ ရက်နေ့ဟာ ကမ္ဘာဆေးလိပ် မသောက်ရေးနေ့ ဖြစ်ပါတယ်။ ဒီကနေ့မှာပဲ မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းလာတယ်လို့ အစိုးရပိုင်သတင်းစာတွေက ဆိုပါတယ်။ ဒီအခြေအနေတွေမှာပဲ ဈေးကွက်တွင်းမှာတော့ စီးကရက်တံဆိပ်သစ်တွေလည်း ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဈေးကွက်အတွင်းမှာ ကုန်အမှတ်တံဆိပ်သစ်တွေနဲ့ ဆေးလိပ်ထုတ်လုပ်ခွင့်တွေကို အစိုးရဘက်က ဆက်လက်ခွင့်ပြုနေဆဲဖြစ်သလို နိုင်ငံခြားဖြစ် ဆေးကရက်တွေအပါအဝင် ပြည်တွင်းဖြစ် ဆေးကရက်တွေလည်း ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရပိုင်းက ဆေးလိပ်နဲ့ အရက်ကြော်ငြာတွေကို ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ ဘေဘုတ်တွေမှာ ကြော်ငြာခွင့်ကို ပိတ်ပင်ထားပေမယ့်လည်း ဈေးကွက်တွင်း တိုက်ရိုက်အရောင်းမြှင့်တင်မှုတွေ ပြုလုပ်လာတာကြောင့် လူငယ်တွေ ဆေးလိပ်သောက် သုံးမှုတွေ ဆက်ရှိနေတာဖြစ်တယ်လို့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူ အချို့က ပြောပါတယ်။ ဒါအပြင် ဈေးကွက်အတွင်း ဆေးလိပ်ကို တလိပ်ချင်း ရောင်းချနေတာဟာလည်း ဆေးလိပ်ကို လူငယ်တွေ ပိုမိုသောက်သုံးဖြစ်လာအောင် တွန်းပို့နေတာ ဖြစ်တယ်လို့လည်း သူတို့တွေက ဆိုပါတယ်။ မြန်မာပြည်က ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုတွေ လုပ်နေတဲ့ တေးသံရှင်ဇော်ဝင်းထွဋ်က လူငယ်တွေဆေးလိပ် သောက်သုံးနေကြတာနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောပါတယ်။

“လူငယ်တွေက အဓိက ဘာကြောင့်သောက်သလဲဆိုတော့ ဖက်ရှင်ကြောင့် သောက်တာပဲ။ ဆေးလိပ်ကိုတော့ အစက ဘယ်သူမှ ကြိုက်တဲ့ကောင်ဆိုတာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကြိုက်တဲ့ မင်းသားဖြစ်စေ၊ ကိုယ်ကြိုက်တဲ့ အဆိုတော်၊ ကိုယ်ကြိုက်တဲ့လူက အိုက်တင်နဲ့ သောက်ပြရင် အထူးသဖြင့် စီးကရက်ကြော်ငြာတွေမှာ စတိုင်နဲ့ကြော်ငြာရင် စီးကရက်သောက်တာ စတိုင်လ်လို့ မိုက်တယ်လို့ထင်စေတဲ့ ကြော်ငြာမျိုးပေါ့နော်။ ရှေးတုန်းကတော့ မြန်မာလူမျိုးက ရိုးရာအရ ဖြောင်းဖူးဖက် လိပ်သောက်တယ်။ ကလေးတွေကိုလည်း ငယ်ငယ်တုန်းက ဆေးလိမ်မီးညှိခိုင်းတယ်။ ဒါကတော့ ရှေးခေတ်မှာ ကျန်ခဲ့ပြီး။ ဒါမျိုးက ဒီခေတ်မှာ မရှိတော့ဘူး။ ကိုယ့်ကလေးကိုလည်း ဘယ်သူမှ ဆေးလိပ်မီးမညှိခိုင်းဘူး။ ဒါပေမယ့် တခုရှိတယ် ဆယ်ကျော်သက်တွေ အသောက်များတယ်။ အထူးသဖြင့် ဂျပန်တို့ ဘာတို့မှာကျတော့ ၁၆ နှစ်ဆိုရင် စီးကရက်လက်ကြားက မချတော့ဘူးဆိုတော့ ဒီအကျင့်ကို ဒီဘက်ကူးမလာဖို့လိုတယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆေးလိပ် တိုက်ဖျက်ရေးနေ့မှာမှာပဲ လူဦးရေ သန်းတထောင်ကျော် ဆေးလိပ်သောက်နေတာတွေ့ရပြီး အဲဒီအထဲမှာ အမျိုးသမီးဦးရေက သန်း ၂ဝဝ ကျော်ပါဝင် နေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေ ဆေးလိပ်သောက်မှုနှုန်း ပိုများလာတယ်လို့ မြန်မာရုပ်ရှင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပါတယ်။

“ယောကျာ်းလေးတွေက ဆေးလိပ်သောက်တာကို နည်းလာတာတွေ့ရတယ်။ ဒါပေမယ့် များလာတာက မိန်းကလေးတွေ ဆေးလိပ်သောက်တာ များလာတယ်။ အဲဒါကို တွေ့ရတယ်။ ဆေးလိပ်တင်မဟုတ်ဘူး ဘီယာ၊ ဆေးလိပ်နှစ်ခုစလုံး သောက်တာ များလာတယ်။ အဲဒီ ဦးရေက ပိုများလာတယ်။ သူတို့က ဆေးလိပ်သောက်တဲ့ ပုံသဏ္ဌာန်က ယောကျာ်းတွေကို ရင်ဘောင်တန်းနိုင်တဲ့ နောက်တနည်းလို့ လွဲမှားစွာတွေးပြီး သောက်နေကြတာလို့ ထင်တယ်။”

မြန်မာအမျိုးသမီးအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းနီးပါး ဆေးလိပ်သောက်သုံးကြပြီး အများစုဟာ ကျေးလက်နေ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့ဟာ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက် ဆေးလိပ်သောက်သုံးမှု အပါအဝင် ဆေးရွက်ကြီးငုံတဲ့ ရိုးရာ ဓလေ့တွေကြောင့် ဖြစ်တယ်လို့လည်း ဆေးပညာလောကသားတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ပတ်သက်ပြီး ကြော်ငြာတွေကို ပိတ်ပင်ထားသလို ဇာတ်ဝင်ခန်းတွေမှာ ဆေးလိပ်ပါတာကိုလည်း ဆင်ဆာဖြတ်တောက်လေ့ရှိ နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဆေးလိပ်ကုမ္ပဏီတွေက ဖွံဖြိုးဆဲနိုင်ငံအများစုက အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ဈေးကွက်ရှာဖွေ နေကြပါတယ်လို့ ဆိုပါတယ်။ ဒါအပြင် သက္ကရဇ် ၂ဝ၂ဝ အရောက်မှာ ဆေးလိပ်ကြောင့် တစ်နှစ်မှာ လူ ၁ဝ သန်းလောက် သေဆုံးစေမှာဖြစ်ပြီး အဲ့ဒီထဲက ခုနစ်သန်းလောက်ဟာ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေက ဖြစ်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒီအပေါ်မှာ မြန်မာလူငယ်တွေနဲ့ပတ်သက်ပြီး တေးသံရှင် ဇော်ဝင်းထွဋ်က

“လူ့ရဲ့သဘောတရားကတော့ ဒါလေးနည်းနည်းလုပ်မယ်။ ဟိုဟာလေး နည်းနည်းလုပ်မယ် မရှိပါဘူး။ လုပ်မိလို့ ရှိရင်တော့ ရပ်လို့မရတာနဲ့ ဘယ်လောက်အထိ လစ်မစ် (အတိုင်းအတာ) လုပ်မလဲမသိဘူး။ အဲဒီတော့ မကောင်းတဲ့ဟာကတော့ မလုပ်တာအကောင်းဆုံးပေါ့နော်။ လုံးဝမလုပ်ခြင်းနဲ့ လုံးဝလုပ်တာနှစ်ခုပဲရှိတယ်လို့ ကျနော်ထင်တယ်။ အဲဒါ နည်းနည်း ဆေးလိပ်သောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ အဲဒါ ကျနော့်သဘောဆိုရင်တော့ အထူးသဖြင့် ငယ်ရွယ်တဲ့ အရွယ်တွေပေါ့။ ၁၆ နှစ်လောက်က ဆေးလိပ်စသောက်လိုက်ရင် ဒီကောင်ထွားလာမှာ မဟုတ်တော့ဘူး။ အရိုးတွေရှည်လာမှာမဟုတ်တော့ဘူး။ ကြွက်သားတွေ ထက်ဖြစ်လာမှာ  မဟုတ်တော့ဘူး  ဒီသဘောမျိုးရှိတာကိုး။”

ဒီကနေ့မှာကျရောက်တဲ့  ကမ္ဘာဆေးလိပ်မသောက်ရေးနေ့မှာပဲ  ရန်ကုန်မြို့အပါအဝင်  ဒေသအချို့မှာ  ဆေးလိပ်ဆန့်ကျင်ရေး  ပညာပေးဟောပြောမှုတွေ  ပညာ ပေးမှုတွေကို  ဆေးပညာလောကသားတွေ  ပြုလုပ်ခဲ့ကြတယ်လို့လည်း  သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝဝ၁  ခုနှစ်ကနေ  ၂ဝဝ၇  ခုနှစ်အတွင်း  အသက်မပြည့်သေးတဲ့  လူငယ်တွေကြား  ဆေးလိပ်သောက်သူ  ၆  ရာခိုင်နှုန်းနီးပါး  ကျဆင်းလာတာလို့ Global Youth Tobacco Survey မှာ  ဖော်ပြထားတယ်လို့  သတင်းစာတွေကဆိုပါတယ်။   ဒီစစ်တမ်း  အရ  ၂ဝဝ၁  ခုနှစ်  မှာ  အသက်မပြည့်သေးတယ်  ၈  တန်း၊  ၉  တန်း၊  ၁ဝ  တန်းအရွယ်  ကျောင်းသားတွေကြားမှာ  ဆေးလိပ်သောက်သုံးသူဟာ  ၁ဝ  ဒဿမ  ၂  ရာခိုင်နှုန်းရှိခဲ့ရာက  ၂ဝဝ၇  ခုနှစ်မှာ  ၄  ဒဿမ  ၉  ရာခိုင်နှုန်းကို  ကျဆင်း သွားတာလို့ဆိုပါတယ်။     ဒါအပြင်  အသက်  ၁၅  နှစ်အထက်  အမျိုးသားတွေကြားမှာလည်း  ဆေးလိပ် သောက်သုံးမှုနှုန်းဟာလည်း  ၁၉၉ဝ  ဝန်းကျင်မှာ  ၆ဝ  ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ  ၂ဝဝ၁  ခုနှစ်တွင်  ၄၈  ရာခိုင်နှုန်းမှ  ၂ဝဝ၇  ခုနှစ်တွင်  ၂၆  ရာခိုင်နှုန်းကျော်သာရှိတော့တယ်လို့  ပြောပြပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: