ပညာရေး, လူငယ်ရေးရာ, သတင်း

ထိုင်း-မြန်မာနယ်စပ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှု ပိုမိုများပြားလာ


အံ့ဘုန်းမြတ် ၂ ဇွန် ၂၀၁၀

http://burmese.dvb.no/news.php?id=11072

ထိုင်း-မြန်မာနယ်စပ်မှာ ဖွင့်လှစ်လျှက်ရှိတဲ့ ကျောင်းတွေမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ သားသမီး ကျောင်းသူ ကျောင်းသားတွေ ကျောင်းအပ်နှံမှု မနှစ်ကထက် ပိုများပြားလာပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပေါ်ရှိ စာသင်ကျောင်းတွေနဲ့ အခြား ထိုင်းနိုင်ငံ တာ့ခ်ျခရိုင်အတွင်းရှိ မြန်မာစာသင်ကျောင်း ၆၄ ကျောင်းမှာ ကျောင်းအပ်နှံမှုတွေ မနှစ်ကထက် ပိုမို များပြားလာတာပါ။ ဒီလိုများပြားလာတာနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ပညာရေးသုတေသီ ဒေါက်တာသိန်းလွင်က အခုလို နှိုင်းယှဉ် ပြောပြပါတယ်။

“ကျောင်းတွေမှာက ဒီနှစ်မှာ ကျောင်းသား သိသိသာသာတိုးလာတာ ရှိတယ်။ ဆရာမ ဒေါက်တာစင်သီယာ ဦးစီးတဲ့ စီဒီစီအီး ကျောင်းဆိုရင် မနှစ်က ကျောင်းသား တထောင်လက်ခံတယ်။ ဒီနှစ်မှာ တထောင်နဲ့ နှစ်ရာကျော်သွားပြီ။ ကလေးတွေလည်း နေရာအခက်အခဲ ရှိတယ်။ စေတနာကျောင်းဆိုလည်း အလားတူပဲ။ ကျောင်းက ကျောင်းသားဦးရေ တရာလောက်ပဲ ဆန့်တယ်။ လာအပ်တဲ့ ကျောင်းသားက တရာကျော်နေတော့ နေရာလည်းမရှိတော့ ကလေးတွေလက်မခံနိုင်ဘူး။ တခြားကျောင်းတွေလည်း အလားတူပဲ၊ ကျောင်းသားတွေက တိုးလာတယ်။”

ဒီလို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ သားသမီး ကျောင်းသူကျောင်းသားတွေ ပိုမိုများပြားလာတာနဲ့ ပတ်သက်ပြီး မဲဆောက်မြို့က ဒေါက်တာစင်သီယာမောင် ထူထောင်ထားတဲ့ စီဒီစီအီးကျောင်းက ဆရာဦးအောင်ခိုင်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“မဲဆောက်မှာ ရွှေ့ပြောင်းကျောင်းတွေ ပိုများလာတယ်။ ကျောင်းသားတွေ ပိုပြီးများလာတာက ကျနော်တို့ ၀မ်းသာစရာ အချက်တော့ မမြင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ထဲမှာ အခြေအနေတွေ ပိုဆိုးလာတဲ့ အနေအထားကို ပြတာပဲလေ။ ကျနော်တို့ ဒီမှာက အနာဂတ်က သိပ်မသေချာဘူး။ ကျနော်တို့ ဘယ်လောက်ပဲ အစွမ်းကုန် ကြိုးစား၊ ကြိုးစား ကလေးတွေရဲ့ ပညာရေးအနာဂတ်က သိပ်ပြီးတော့ တိတိကျကျ မရှိလှဘူး။ ဒီကကျောင်းတွေက ပြီးသွားလို့ရှိရင် အလုပ်ထဲပဲ ရောက်ဖို့ များတဲ့အခါကျတော့ သူတို့အတွက် အနာဂတ်က သိပ်မလွယ်ဘူး။ ဒီကနေ ပြန်သွားမယ့် ကျောင်းသားတွေ အတွက်က ဟိုမှာက လက်ခံနိုင်ဖို့အတွက် အခြေအနေက မရှိဘူးပေါ့။”

ထိုင်းနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ရွှေ့ပြောင်းပညာသင်ကျောင်း တာ့ခ်ျခရိုင်အတွင်းမှာ ၆၄ ကျောင်းရှိပြီး အဲ့ဒီမှာ အထက်တန်းကျောင်း ၇ ကျောင်းရှိပြီး ကျန်တာတွေကတော့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ဒီကျောင်းတွေရဲ့ ရပ်တည်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာသိန်းလွင်က

“ကျောင်းအပ်တဲ့ ကလေးကများတော့ ကျောင်းတွေက နေရာမရှိ။ နောက်အခက်အခဲက ဆရာလည်း မလုံလောက်ဘူး။ ဒီနှစ်မှာက အလှူငွေတွေက သိသိသာသာ လျော့သွားတယ်။ မဲဆောက်က ကျောင်းတွေမှာ အလှူရှင်တွေလျော့တော့ တဖက်ကလည်း ငွေလဲနှုန်းက ပြောင်းသွားတဲ့ အခါကျတော့ ထိုင်းငွေမှာ အရနည်းသွားတဲ့အခါကျတော့ ဒီကျောင်းတွေမှာ ငွေမလုံလောက် ဖြစ်တယ်လေ။ ဖြစ်တော့ ဆရာတွေလည်း တိုးမခန့်နိုင်၊ တချို့ဆရာတွေဆို လခမရတာ သုံးလေးလ ရှိပြီ။ စီဒီစီကျောင်းဆိုရင် ဆရာတွေအားလုံးလစာ ၁၀ ရာခိုင်နှုန်း လခလျော့ရတယ်။ အခက်အခဲက ဘယ်လိုလဲဆိုတော့ ကျောင်းသားဦးရေ တိုးလာတယ်။ ကျောင်းက နေရာမဆန့်ဘူး။ တိုးချဲ့ဖို့ကလည်း ငွေမလုံလောက်ဘူး၊ အဲလိုသွား ဖြစ် နေတယ်။”

ဒီကျောင်းတွေက မူလတန်းအတွက် သင်ရိုညှန်းတန်းတွေကို ပြဌာန်းထားပြီး အဲဒီထဲမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ထိုင်းစာ၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေးဘာသာတွေ ထည့်သွင်းပေးထားပါတယ်။ အလယ်တန်းနဲ့ အထက်တန်းအတွက် သင်ရိုးညှန်းတန်းကိုတော့ ပြဌာန်းဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ ပညာရေးပုံစံကတော့ သူငယ်တန်းကနေ ၁၂ တန်း အထိရှိပြီး အဲဒီကနေ ထိုင်းတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ကျောင်းတာဝန်ရှိသူတွေက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံက ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးကတာ့ ဒီကျောင်းတွေက အောင်မြင်လာတဲ့ ကျောင်းသူကျောင်းသားတွေကို လက်ခံခြင်း မရှိသေးပါဘူး။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: