အံ့မောင်
ခုအချိန်မှာ ရသစာပေအားနည်းနေတယ်ဆိုတာ ဟုတ်တာပေါ့ဗျာ။ ဒါ သဘာဝကျတယ်လို့ ပြောချင်ပါတယ်။ အကြောင်းနှစ်ချက်ပြပါမယ်။ ပထမအကြောင်းကလူတွေဟာ ထမင်းလုံးနောက်တအား လိုက်နေရတယ်ဗျ။ ထမင်းစားရဖို့ ပူနေရတဲ့လူဟာ အခြားအပူတွေနောက် သိပ်မလိုက်နိုင်ဘူး။ ဥမာဒန္တီပျို့မှာ ဦးရွှန်းက ရေးတယ်။ “အစာအစား၊ ထွားထွား မြည့်ကြေ၊ ရှားပါးလေရ်ျ၊ သေကျေပျောက်စဲ၊ ငတ်မွတ်ကဲသော်၊ ပြည်ထဲရေးထက်၊ ၀မ်းရေးခက်” ၏ တဲ့။ လူတွေဟာ ရှိတဲ့ ပိုလျှံတဲ့သူတွေရော၊ မရှိတဲ့သူတွေရော၊ ပိုက်ဆံနောက် တစ်အားလိုက်နေကြတော့ အချိန်ပိုအချိန်လျှံ သိပ်နည်းသွားတယ် ထင်ပါတယ်ဗျာ။ ပိုလျှံတဲ့အချိန်ကလေးကျပြန်တော့လည်း တောနဲ့မြို့တွေအားလုံးလောက်မှာ ဗီဒီယိုနောက်လိုက်ကြပြန် တယ်ဗျ။ ဧရာမမြို့ကြီးတွေမှာတော့ ဟိုတယ်တွေ၊ နိုက်ကလပ်တွေနဲ့ အပျော်ရှာကြပြန်တာကိုးဗျ။ စာပေနောက်လိုက်ဖို့ အချိန်များကတော့ ရှားမှရှားဖြစ်ရတာပေါ့ဗျာ။
ဒုတိယအကြောင်းကတော့ အချိန်ကလေးကျန်ကောင်း ကျန်ရာ ပိုကြသေးတယ်ဆိုရင်လည်း ရေဒီယို၊ ရုပ်မြင်သံ ကြား၊ အင်တာနက်၊ ဂျာနယ်စတာတွေဘက် လိုက်ကြပြန်တာကိုးဗျ။ အားကစားဂျာနယ်တွေဆိုရင်လည်း အားကစားနဲ့ မဆိုင်တဲ့ကိစနဲ့ စိတ်ဝင်စားမှု “ခြင်္သေ့ဝေစု” ကြီးယူထားတာ အများအသိအမြင်ပါ။ စာဆိုတာ ဖတ်ကြပြန်ပါပြီတဲ့။ အလှ အပ်နည်းပေးလမ်းပြစာ၊ ကျန်းမာရေး နည်းပေးလမ်းပြစာ၊ သူဌေးဖြစ်နည်းပေးလမ်းပြစာ၊ စာမေးပွဲောအင်ရေး နည်းပေး လမ်းပြစာ၊ မော်ဒယ်ကြော်ငြာစာတွေပဲ ဖတ်ကြပြန်ပါရောဗျာ။ ရသဆိုတဲ့ဝတ္ထုကိုဖက်သူ ရှားပြန်ပါရောဗျာ။ ကဗျားများဆိရင် စာမျက်နှာတွေကျော်လှန်သွားလိုက်ကြတာပဲ။ ဒါတောင်ကဗျာလူကြီးမင်းတွေက ပူညံပူညံ ကော်ရင်ဂျီရန်ဖြစ်သလို လုပ်နေ တတ်ကြသေးဗျား။ ဒီတော့ ချုပ်ပြောကြရရင် ကနေရသစာပေကို ဖတ်သူ အားပေးသူ နည်းလှပါတယ်ခင်ဗျ။
ရသဆိုတာ ဆက်စဉ်းစားမိတယ်။ ရုပ်ရှင်တို့ ဗီဒီယိုတို့မှာတောင် ရသသဘောအဓိကဆိုရင် အကြည့်နည်းတတ် ကြတယ်။ အကြမ်းအရမ်း၊ အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်တွေကျတော့ ပိုလူကြည့်များ။ ဒီတော့ အဲ့ဒီလောက (အထူးသဖြင့် အနောက်) မှာလည်း ပစ်-ညှစ်-ညစ်ဖော်မြူလာ ပိုသုံးလာတတ်တယ်။ ခပ်ညံ့ညံ့အပေါစား ဖျော်ဖြေရေးကားတွေ ပိုများလာတယ်။ ဒါပေမယ့် ဘ၀သံသရာလိုကားကောင်းမျိုးကျတော့လည်း ဆူကြုံနိမ့်မြင့်မရွေး ကြိုက်သူများပါတယ်။ ခြုံကြည့်လိုက်တော့ တကယ်အနုပညာကောင်းရင် ကြိုက်သူတွေလည်းများတယ်။ ကြိုက်ရုံသာမက အသည်းထဲလည်း စွဲမြဲသွားတတ်ပါသေးတယ်။
ပဒေသရာဇ်ခေတ်တုန်းက အနုပညာနဲ့ စာပေဟာ နန်းတော်နဲ့ ဘုန်းကြီးကျောင်းဝန်းကျင်မှာသာ အပျံ့များတယ်။ အရပ်ထဲ၊ လူထဲသိပ်မရောက်ဘူး။ ဒါပေမယ့် အဲ့ဒီအနုပညာနဲ့ စာပေရောက်သွားတဲ့နေရာတွေမှာတော့ နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုးရှိခဲ့ကြပါတယ်။ အဲ့ဒီတုန်းက ပျို့ ကဗျာ စတာတွေ ဖတ်တဲ့သူတွေဟာ သာမန်ဖတ်ရုံလောက်သာမကပဲ အာရုံစွဲသွားအောင် ကျက်ကြ၊ ယူကြ၊ ရွတ်ကြ၊ ဖတ်ကြပါတယ်။
အရင်းရှင်ခေတ်ဆိုတာဘက် ကူးလာပြန်တော့လည်း စာဖတ်သူတွေဟာ စကားပြေ၀တ္ထုရှည်ကြီးတွေကို အလွန် ကြိုက်ကြ၊ ဖတ်ကြအားပေးကြပြန်ပါတယ်။ ကဗျာတွေကလည်း လွတ်လပ်တောင်ပံတွေနဲ့ ပျံသန်းကြပါတော့တယ်။ အားပေးနှစ်သက်သူတွေလည်းပြည့်လို့။ အထူးသဖြင့် စကားပြေ၀တ္ထုအတတ်ပညာဟာ ပရိသတ်ကို လုံးဝဖမ်းစားသွားနိုင် ပါတယ်။ စာအုပ်နယ်၊ စာနယ်အကျယ်ကြီး မကျယ်လှပေမယ့် သူနယ်နဲ့သူ စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။
အခုတလောကျမှ စာပေရသခံစားမှုက ကျသွားတာကိုးဗျ။ ဒါဟာ ယာယီပဲဖြစ်ပါလိမ့်မယ်။ အခြားအခြေအနေ များ အဆင်ပြေလာတဲ့အခါ ယဉ်ကျေးမှုရဲ့ ၀ိညာဉ်ဖြစ်တဲ့ ရသစာပေဟာလည်း မုတ်သုံတိမ်တိုက်ကြီးတွေလို ပြတ်တက်လာမှာပါ။ကျွန်တော်တော့ အကောင်းမြော်၊ အကောင်းမြင်စိတ်ပိုရှိပါတယ်။
အနောက်နိုင်ငံတွေနဲ့ အခြားဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ မီဒီယာအမျိုးမျိုး ဘယ်လိုထွန်းကားပေမယ့် အပျော် အပါး အဆွဲအဆောင်တွေ ဘယ်လောက်များပေမယ့် ရသစာပေ၀တ္ထုရှည်၊ ၀တ္ထုတိုဟာ အဆက်မပြက်ပေါ်ထွက်အားကောင်းနေ တာပါပဲ။ စာပေနိုဗယ်ဆုနဲ့ အခြားစာပေဆုတွေ ပေးနေတာကိုကြည့်လိုက်ရင် ရသစာပေဟာ ကမ္ဘာမြေပေါ်မှာ အမြစ်တွယ်ရုံသာမက အသီးအပွင့်တွေ ဝေနေတယ်ဆိုတာ အထင်အရှားပါ။
ကျွန်တော်တို့ဆီမှာ မြန်မာစာရေးဆရာတွေဟာ ၀တ္ထုရေး အလွန်ကောင်းကြပါတယ်။ လောလောဆယ်တော့ အခိုင်အခံ့ဝတ္ထုရှည်ကြီးတွေထက် အနုပညာဈာန်ပိုညွန်တဲ့ ၀တ္ထုတိုတွေက ပိုများနေတာတွေ့ရပါတယ်။ ကဗျာဆရာတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း နင်လားငါလားရှိပါပေတယ်။ အက်ဆေးဆရာတွေတောင် အစွမ်းပြလာကြပါတယ်။
မြန်မာစာရေးဆရာတွေဟာ လက်ကောင်းရှိကြပါတယ်။ သူတို့ကြိုးစားရင် စာပေရွှေခေတ်ကြီးတွေနဲ့ ယှဉ်လာ နိုင်ကြပါလိမ့်မယ်။ ကုန်ကြမ်းကောင်းကလည်း ပေါသလားမမေးနဲ့။
ကျွန်တော်တို့လူမျိုးက ဇာတက ၅၅၀ ၀တ္ထုတွေနဲ့ လူဖြစ်လာကြတာဆိုတော့ ရသစာပေနဲ့ ရင်းနှီးပြီးသား။ ရသနဲ့ မွေးလာကြတာလို့တောင် ပြောရမလား။ ဒီတော့ ဒီမှာရသနှစ်သက်မှု ခံစားမှုအတွက် ရေမြေကောင်းရှိပြီးသားပါ။
ရသကို လူတွေနဲ့ အမြဲရင်းနှီးပြီး တစ်သွေးတစ်သားတည်းဖြစ်နေအောင် ကျောင်းတွေ တကသိုလ်တွေမှာ ရသ စာပေသင်ကြားမှုကို ပိုဂရုစိုက် ကြိုးပမ်းဆောင်ရွက်သင့်ကြပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြားစတဲ့ မီဒီယာတွေမှာလည်း ရသစာပေ၊ ရသအနုပညာတွေကို ပိုဖြန့်ချိပေးသင့်ပါတယ်။
နိုင်ငံခြားက ရသစာပေ၀တ္ထု၊ ရသရုပ်ရှင်စတာတွေကိုလည်း ပိုတင်သွင်းဖြန့်ဝေပြီး ဘာသာပြန်မှုတွေ ပိုလုပ်သင့်ပါ တယ်။ အထူးသဖြင့်တော့ ရသစာပေကောင်းတွေကို ပြုစုနိုင်ကြဖို့အတွက် လတ်လပ်ဝန်းကျင်လိုအပ်ပါတယ်။ လွတ်လပ် ခြင်းနဲ့အနုပညာ ပြုစုခြင်းဟာ ဒင်္ဂါရဲ့ ခေါင်းနဲ့ပန်းပါပဲ။ စာပေသမားတွေဟာ မိမိတိုင်းပြည်နဲ့ လူမျိုးကိုသာမက လူသားတစ်ရပ်လုံးကိုပါ ချစ်တဲ့သူတွေဖြစ်ကြတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ လူသားတွေ ဒုက္ဃရောက်အောင် ဘယ် တော့မှ ရေးကြမှာ မဟုတ်ဘူးဆိုတာကို စိတ်ချသင့်ပါတယ်။
အံ့မောင်
(မှတ်ချက်။ ။ဆရာအံ့မောင်ရဲ့ “ရသစာပေ မြစ်ကြီးတွေ စီးလာနိုင်ပါတယ်” ဆောင်းပါးကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် အတွဲ (၂၃)၊ အမှတ် (၂)၊ ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် မူရင်းစာရေးသူ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်ကြောင်းပြောချင်ပါတယ်။)
Leave a Reply