ဆောင်းပါး

ခေတ်သစ်မြန်မာစာပေမှာ ရသစာပေအားနည်းသွားရသော အကြောင်းအရင်းများ


ကျွန်တော် စာပေအင်တာဗျူးတစ်ချို့လုပ်ခဲ့ဘူးပါတယ်။ အချို့စာရေးဆရာတွေက ရသရေစီးပြောင်းသွား ပြီ။ ရသစာပေတွေအားနည်းသွားပြီလို့ ပြောဆိုကြတာမျိုးတွေလည်းရှိပါတယ်။ ဒီအပေါ်ကို မော်ဒန်စာရေးဆရာ တစ်ဦးဖြစ်တဲ့ မင်းခိုက်စိုးစန်ကတော့ ရသစာပေတွေ အားနည်းသွားပြီဆိုတဲ့အပေါ်ကို အခုလို ဆိုခဲ့ဘူးပါတယ်။ ရသစာပေအားနည်းသွားပြီဆိုတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ရှိရှိသမျှရသစာပေတွေအားလုံးဟာ ပေါ့ပျက်ပျက်တွေဖြစ် သွားပြီလို့ ဆိုလိုရာရောက်ပါတယ်။ ဒါပေမယ့် ဆရာမင်းလူတို့လို ဆရာနီကိုရဲတို့ရဲ့ စာတွေကြည့်လိုက်မယ်ဆိုရင် တော့ ဟာသရသမှာ အားနည်းမနေသေးဘူးလို့ ဆိုလို့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ သစ္ဆေ၊ သရဲဝတ္ထုတွေမှာဆိုရင်လည်း ဘယနကရသပိုင်းမှာ အားနည်းမှုမရှိဘူးလို့ထင်ပါတယ်။ ဒီတော့ ဘယ်လိုရသမျိုးတွေ အားနည်းသွားတာလဲဆိုတာ ကို အသေးစိတ် ပြန်လေ့လာစမ်းစစ်ဖို့လိုနေပါသေးတယ်။ လို့ ဆိုခဲ့ဘူးပါတယ်။

ဟုတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အမြင်ကို နည်းနည်းပြောပြချင်ပါတယ်။ မြန်မာစာပေလောကဈေး ကွက်ကို အခြေတည်ပြီး စဉ်းစားဖို့လိုမယ်လို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ စာပေနဲ့ ဘ၀ရပ်တည်တဲ့ စာရေးဆရာတွေမှာ ဘ၀ရပ်တည်မှုအတွက် ငွေကြေးဟာ အတိုင်းအတာတစ်ခုထိ လိုအပ်ပါ တယ်။ ဒါကြောင့် သူတို့လုပ်ချင်တာနဲ့ ရေးချင်ကြတဲ့အကြောင်းအရာမျိုးတွေထက် ဈေးကွက်တန်းဝင်မယ့် စာမျိုး တွေ ပိုမိုရေးသားနေကြရတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ ခံယူချက်တွေ ယုံကြည်ချက်တွေမဆိုင်ပါဘူး။ ဘ၀ရပ်တည်မှုနဲ့ လူနေမှုအဆင့်အတန်းမြင့်မားလိုမှုတွေနဲ့ပဲဆိုင်တယ်လို့ ကျွန်တော်မြင်မိပါတယ်။ အခုအချိန် ဟာ (၂၁) ရာစုကို ရောက်နေပြီဖြစ်တဲ့အချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးရဲ့ သုံးပုံနှစ်ပုံဟာ အစိုးရတွေရဲ့ ပြုပြင်ပြောင်းလဲရေးနဲ အမျိုးသားအကျိုးစီးပွား အမျှော်အမြင်တွေကြောင့် လူနေမှုအဆင့်အတန်းတိုးတက်မှုတွေ ရှိနေပေမယ့် ကျွန်တော်တို့ဆီမှာတော့ လက်ကိုင်ဖုန်းတစ်လုံးကိုင်နိုင်ဖို့အတွက် တော်တော်မလွယ်ကူလှတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအရ မိမိရဲ့ဘ၀သာယာဆိုပြေဖို့အတွက် မိမိ တို့ ကျွမ်းကျင်ပိုင်ရာ အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ ဘ၀ရဲ့ အောင်မြင်မှုကို ငွေကြေးနဲ့ တည်ဆောက်ယူကြရပါ တယ်။ ဒီလိုဘ၀ဖြတ်သန်းမှုပုံစံဟာလည်း စာပေနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေဆီကို အတိုင်းအတာတော် တော်များများ ရိုက်ခက်မှုတွေရှိနေပါတယ်။ ဒါကြောင့် ဈေးကွက်မှာ တန်းဝင်မယ့် စာမျိုးတွေကို အဓိကထားပြီး ရေးသားကြရာက စတင်တယ်လို့ ပြောရင်မှန်နိုင်မှာပါ။

ကျွန်တော်အမြင်ကိုပြောရရင် မီဒီယာလုပ်ငန်းမှာ နှစ်မျိုးနှစ်စားရှိနေပါတယ်။ တစ်မျိုးကတော့ အလှူငွေ တို့ ရန်ပုံငွေတို့နဲ့၊ မီဒီယာလုပ်ငန်းကို လုပ်ကိုင်တဲ့ပုံစံနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပုံစံ အရှုံးအမြတ်နဲ့ အလုပ်လုပ်ကြရတဲ့ပုံစံမျိုးပါ။ ရန်ပုံငွေနဲ့ ရပ်တည်တဲ့မီဒီယာတွေဟာ စီးပွားရေးလုပ်ငန်းပုံစံလုပ်ကိုင်ရတဲ့ မီဒီယာ တွေထက် ခံယူချက်ပိုင်းဆိုင်ရာတွေမှာ ပိုမိုသာလွန်တယ်လို့ ပြောလို့ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း ပုံစံရပ်တည်ကြရတဲ့ မီဒီယာတွေမှာတော့ အရှုံးအမြတ်ကို စဉ်းစားနေရတဲ့အတွက် တင်ပြမှုတစ်ခုမှာ ပရိသတ် စိတ်ဝင်စားမှုရှိမရှိ အဲ့ဒီစိတ်ဝင်စားမှုမှာ (ပရိသတ်အပေါ် လွှမ်းမိုးနိုင်မှု) အပေါ် မူတည်ပြီး သူရဲ့ စီးပွားရေးလုပ် ငန်းကို လည်ပတ်ရတာဖြစ်တဲ့အတွက် ပရိသတ်စိတ်မ၀င်စားမယ့်အရာ၊ ပရိသတ်စိတ်ဝင်စားမှုနည်းပါးမယ့် အရာ တွေကို လျှော့ပြီး ပရိသတ်စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို များများတင်ဆက်ပြသရပါတယ်။ ဒါကြောင့် အများနဲ့ဆိုင်တဲ့အရာတွေဖြစ်တဲ့အတွက် အများနားလည်နိုင်မယ့် အသုံးအနှုန်းနဲ့ ခက်ပေါ့ပေါ့တင်ဆက်ကြရပါ တယ်။ ဒီသဘောတရားဟာ မြန်မာစာပေရေးရာတွေနဲ့ပတ်သက်လာရင် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ဝေသမျှ စာအုပ်၊ စာပေတွေအားလုံးဟာလည်း ဒီပုံစံနဲ့ သွားနေကြရတာဖြစ်ပါ တယ်။ လူနည်းစုနဲ့ အသိုင်းအ၀ိုင်းတစ်ခုသာ လက်ခံနိုင်လောက်မယ့်စာအုပ်တွေ ငွေကြေးစိုက်ထုတ်ပြီး ဘယ်ထုတ်ဝေသူကမှ မထုတ်လုပ်ရဲကြပါဘူး။ ထုတ်ဝေသူတွေဘက်ကကြည့်မယ်ဆိုရင်လည်း ဒါဟာ မှန်တယ်လို့ ဆိုလိုရပါတယ်။ စာပေစိတ်ဓာတ်ရှိမှာ အရှုံးခံပြီး ထုတ်လုပ်ပေးတာတို့ ဘာတို့ဆိုတာရှိတာဖြစ်ပါတယ်။ ဒါကလည်း အလွန်နည်းပါးလွန်းပါတယ်။ လူပုဂ္ဂိုလ်ခြင်းရင်းနှီးလွန်းမှ ဒါမျိုးရှိတာပါ။ ဒါကြောင့် ဒီလိုစာအုပ်မျိုးတွေ ဟာ ထွက်ရှိမှုအလွန်နည်းပါးလာရတာဖြစ်ပါတယ်။ ဒီပုံစံဟာ လူထုမှ စာပေ၊ စာပေမှ လူထုဆိုတဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ဆုံးရတဲ့ အခြေခံအကြောင်းတရားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခု ဆိုရင် ဆယ်ဆုနှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာတော့ စာပေစိတ်ဓာတ်ရှိတဲ့ ထုတ်ဝေသူအချို့ဟာ ငွေကြေးအရ အောင်မြင်နိုင်မယ့် စာအုပ်မျိုးတွေကို ဈေးကွက်အရ ထုတ်လုပ်ကြပြီ။ ရလာတဲ့ ငွေကြေးအမြတ်အစွန်းထဲကနေမှ စာပေအရအောင်မြင်မယ့် စာအုပ်မျိုးတွေကို ရွေးချယ် ထုတ်လုပ်လာကြတဲ့ အလော့အထတွေကို တွေ့လာရပါပြီ ဒါပေမယ့် အလွန်တရာနည်းပါးပါသေးတယ်။ ဒီနေရာမှာ တစ်ခုရှိလာတာက ရန်ပုံငွေတစ်မျိုးမျိုးနဲ့ ရပ်တည်ပြီး ထုတ်လုပ်ကြတဲ့ စာပေတိုက်များကထုတ်ဝေတဲ့ စာအုပ်တွေကတော့ ထင်သလောက်ကြီ မြန်မာလူ့အဖွဲ့အစည်း အတွက် အကျိုးမရှိလှပါလို့ ထင်ပါတယ်။ ဒီအမြင်ကတော့ မှန်ချင်လည်း မှားချင်လည်း မှားနိုင်ပါတယ်။ သူတို့မှာ လည်း သူတို့ရပ်တည်နဲ့ ခံယူချက်အမျိုးမျိုးတော့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာပေလောကမှာ ရသနဲ့ပတ် သက်လို့ စာပေအသိုင်းအ၀ိုင်းမှာ အံ့သြရလောက်တဲ့စာအုပ်မျိုးတွေကိုတော့ ဘယ်ရန်ပုံငွေအဖွဲ့အစည်းကမှ မထုတ်လုပ်ပေးနိုင်ခဲ့တာကတော့ အသေအခြာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်တွေကြားမှာ ခေတ်သစ်ရသစာပေနဲ့ပတ်သက်လို့ စံအဖြစ် ထားရှိတဲ့ စာရေး ဆရာနေမျိုးရဲ့ “ရုပ်ရှင်” လို စာအုပ်မျိုးတွေဟာ ကျွန်တော်တို့ မြန်မာ့စာပေနဲ့ပတ်သက်လာရင် အသစ်ကို တင်ပြ ထားတာဖြစ်တဲ့အတွက် အမှန်တကယ်အကျိုးရှိတဲ့စာအုပ်မျိုးဖြစ်ပါတယ်။ အခြား စာပေအရအောင်မြင်တဲ့ စာအုပ် မျိုးတွေဆိုရင်လည်း အရင်ကနာမည်ကြီးခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ စာအုပ်မျိုးတွေကိုပဲ အကြိမ်ရေမြောက်များ စွာရိုက်နှိုပ်ထုတ်ဝေနေကြပြီး သုံးထောင်၊ လေးထောင်၊ ငါးထောင်စဖြင့် ဈေးကွက်မှာ ရောင်းချကြပါတယ်။ ဒါဟာ လစာနည်း လူနေမှုအဆင့်နိမ့်ကျလွန်လှတဲ့ ပရိသတ်ဆီက ငွေကြေးကို ကျောက်တုံးရေညှစ်သလို ညှစ်ယူနေတဲ့ ပုံစံမျိုးတောင်ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ စာပေလောက က စာရေးဆရာတွေမှာ ရသပိုင်း တွေအားနည်းသွားတာမျိုးမဟုတ်ပဲ ထုတ်ဝေသူတွေက စီးပွားရေးအခြေအနေအရ ဈေးကွက်နောက်ကိုလိုက်ပြီး ထုတ်ဝေနေကြရတာဖြစ်ပါတယ်။ ဒါဟာလည်း ပြည်သူတွေအနေနဲ့ စာဝတ်နေရေးအပြင် အခြားဘယ်အရာကို စဉ်းစားလို့မရတဲ့အတွက် စာအုပ်လေးဖတ်လိုက်၊ စကားလေးပြောလိုက်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပတ်ဝန်းကျင်က ဘ၀နေထိုင်မှုဟန်ပန်မျိုး မရှိကြတော့တာကတစ်ကြောင်း၊ ဖျော်ဖြေရေးကြားခံမီဒီယာအမျိုးမျိုးက တစ်နေ့ထက် တစ်နေဆန်းသစ်တိုးတက်လာတာကတစ်ကြောင်းစတဲ့တဲ့အခြေအနေတွေကြောင့် စာဖတ်ချိန်တွေလျော့နည်းလာ ရကြတာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်အားနည်းသွားတဲ့ ပရိသတ်တွေကို စာဖတ်အားပြန်များလာအောင် စာပေမှ ပရိသတ်အတွက် ပြုစုပျိုးထောင်မှုတွေ ပြန်လုပ်ပေးနိုင်ဖို့ လိုလှပါတယ်။ ဒီလိုပြုစုပျိုးထောင်မှုတွေပေး တဲ့နေရာမှာလည်း ကိုယ်လူမျိုးတွေရဲ့ အခြေခံစိတ်နေသဘောသဘာဝနဲ့ ကိုက်ညီမယ့် ရသစာမျိုးတွေဖြစ်ဖို့တော့ လိုလိမ့်မယ်လို့ မြန်မာရသစာပေပိုမိုဖွံ့ဖြိုးဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။

အံ့ဘုန်းမြတ်

(အထက်ပါဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးလိုပါက ကျွန်တော်ရဲ့ မေးလ်လိပ်စာဖြစ်တဲ့ ahuntphone.myat@gmail.com ကို ဆက်သွယ်နိုင်ကြပါတယ်။)

About ahuntphonemyat

Journalist.

Discussion

One thought on “ခေတ်သစ်မြန်မာစာပေမှာ ရသစာပေအားနည်းသွားရသော အကြောင်းအရင်းများ

  1. အများအားဖြင့် ရသထက် ဈေးကွက်ကို ချိန်ပြီး ရေးနေကြတဲ့က များတာလည်း ပါနိုင်ပါတယ်။
    ကလပ်စစ်တန်း ဝင်မယ့် စာမျိုးတွေ နောက်ပိုင်းမှာ မထွက်နိုင်ဖြစ်နေတယ်။
    အခြေအနေနဲ့ အချိန်အခါကလည်း မပေးဘူးလို့ ပြောလို့ရတယ်။

    သင်ကာ

    Posted by Thinker | December 9, 2008, 3:29 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: