အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဂျွန်ကယ်ရီ အကြံပေးအဖွဲ့နဲ့ ၂၀၁၀ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ဒီအကြောင်းကို အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပြပါတယ်။
“ဂျွန်ကယ်ရီရဲ့ ကိုယ်စားလှယ်နဲ့ တနာရီခွဲလောက်ကြာအောင် ပြောလိုက်ရပါတယ်။ ဦးသုဝေတို့၊ ဦးမျိုးညွန့်၊ ဦးခင်မောင်ကြီး၊ ရခိုင်ပါတီက ဦးလှထွန်းဦး၊ မွန်ပါတီက နိုင်ခင်မောင်၊ ချင်းပါတီနဲ့ ကရင်ပါတီကလည်း ပါတယ်။”
အကြံပေးအဖွဲ့ခေါင်းဆောင်နဲ့ အပြန်အလှန် ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းတွေကိုလည်း ဦးခင်မောင်ဆွေက အခုလို ဆက်ပြောပြပါတယ်။
“ကျနော်တို့ကို ဒီနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိသလားလို့ မေးတော့ ရှိတယ်။ စီးပွားရေးဘက်မှာ ထင်သာမြင်သာတာတွေ ပါလာတယ်။ အများအညီ စီးပွားရေးဥပဒေတွေ ပြဋ္ဌာန်းဖို့ မကြာခင် အလားအလာတွေရှိတယ်။ ကုန်သွယ်မှု ကိစ္စတွေမှာလည်း လျှော့ပေါ့တာတွေ၊ ကုန်ပစ္စည်းခြောက်မျိုးကို ယာယီကင်းလွတ်ခွင့် ပေးပြီးတော့ တင်ပို့ခွင့်တွေ ပေးနေပြီဆိုတော့ စီးပွားရေးဘက်မှာ liberalization လုပ်တာတွေ ရှိလာတော့ အနောက်နိုင်ငံတွေ ပြောနေတဲ့ စီးပွားရေးမှာ ပြုပြင်ခြင်းတွေ စလာပြီ။ ဒါကြောင့်မို့လို့ အမေရိကန်အနေနဲ့ တဖက်က စီးပွားရေးပိတ်ဆို့မှုတွေကို ဖွင့်ပေးဖို့ ပြန်လည်စဉ်းစားသင့်ပြီလို့ မှာလိုက်ပါတယ်။”
Leave a Reply