အံ့ဘုန်းမြတ် (၄ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို သားဖြစ်သူ ကိုထိန်လင်းနဲ့အတူ ဘုရားဖူးရောက်ရှိ နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားတွေပြုလုပ် ကြိုဆိုတာတွေနဲ့ ဘုရားဂေါပကတွေ အလှူငွေလက်ခံတာတွေ မလုပ်ဖို့ အာဏာပိုင် အဆင့်ဆင့်က ဖိအားပေးမှုတွေ ရှိနေပါတယ်။
ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ကြိုတင်ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဘုရားဂေါပကတွေကိုဆင့်ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားတွေနဲ့ ကြိုဆိုတာတွေမပြုလုပ်ဖို့နဲ့ အလှူငွေတွေကို လက်မခံဖို့ ပြောကြားခဲ့တာဖြစ်ပြီး သူတို့ကတဆင့် မြို့ခံတွေ၊ ဈေးသည်တွေအပါအ၀င် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေကို ထပ်မံပြောကြား ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဒီလို ကန့်သက်ပိတ်ပင်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူးလာတဲ့အခါမှာ ဒေသခံတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေပေးတာ၊ ပန်းစည်းတွေပေးအပ်တာတွေမလုပ်ဖို့နဲ့ အနီးကပ် မကြည့်ဖို့ဆိုတာတွေပါဝင် ပါတယ်။
ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ခဲ့ပါက ဘုရားဈေးဆိုင်ရှင်တွေဆိုရင် ဈေးရောင်းခွင့် ပိတ်ပင်တာ၊ အခြားသူတွေဆိုရင် ဘုရားနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့် ပိတ်ပင်တာတွေ ခံရမယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုထားတယ်လို့လည်း ပိတ်ပင်တားမြစ်ခံရတဲ့ ပုဂံဘုရားဈေးသည်အချို့က ဆိုပါတယ်။
အစိုးရအဖွဲ့သစ်ရဲ့ ဒုတိယသမ္မတဖြစ်လာတဲ့ ဦးတင်အောင်မြင့်ဦးကတော့ ပြီးခဲ့တဲ့ ဇွန်လဆန်းက အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ် သဘောထားပါကြောင်း၊ သာမန်အရပ်သား တဦးအနေနဲ့ ဥပဒေနဲ့အညီ သွားလာလှုပ်ရှား ဆောင်ရွက်တာတွေကို ကန့်သတ်ဖို့ မရှိကြောင်း၊ ဒါပေမယ့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေကိုတော့ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက အခုလို ဒေသခံတွေကို ပိတ်ပင်တားမြစ် ဖိအားပေးလာတာလည်း ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ပုဂံမြို့ဟောင်းကို ရောက်ရှိပြီး Bagan River View ဟိုတယ်မှာ တည်းခိုနေ ပါတယ်။
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်သာမြင့် စတဲ့ ပုဂ္ဂိုလ်တချို့နဲ့အတူ ပြည်တွင်းပြည်ပ သတင်းထောက်အချို့လည်း လိုက်ပါလာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ကိုယ်ရေးကိုယ်တာ ဘုရားဖူးခရီးသာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ဟောပြောမှု၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားထားပါတယ်။
Leave a Reply