နအဖ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် စစ်ဗိုလ်ချုပ်များ
ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအဖြစ် လျှောက်ထား
အံ့ဘုန်းမြတ် ၃၀ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10738
နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအဖြစ် ပြောင်းလဲထားတဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ၂၇ ဦးပါ အဖွဲ့ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအဖြစ် ထူထောင်ဖို့ လျှောက်လွှာတင်ထားတယ်လို့ သိရပါတယ်။
ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပါတီခေါင်းဆောင် ဦးသိန်းစိန်က နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပါတီထူထောင်ခွင့် လျှောက်ထားတယ်လို့ ပါရှိပါတယ်။ ဒီပါတီရဲ့ နာမည်နဲ့ ခေါင်းဆောင်ဟာ နဂိုရှိပြီးသား လူမှုရေးအသင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းနဲ့ နာမည်ဆင်တူတာရယ်၊ အသင်းဥက္ကကလည်း ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ နာမည်ဆင်တူနေတာရယ်ကြောင့် အတူတူပဲလား လို့ ကော်မရှင်မှတ်ပုံတင်ရုံးကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ တာဝန်ကျဝန်ထမ်းက ဖြေဆိုခြင်း မပြုပါဘူး။ ဒါပေမဲ့ စစ်အစိုးရသတင်းတွေကို ဦးဦးဖျားဖျား ဖော်ပြခွင့်ရတဲ့ တရုတ်ဆင်ဟွာသတင်းကတော့ ဒီမှတ်ပုံတင်တဲ့ ပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ အသင်းဥက္ကဟာလည်း ၀န်ကြီးချုပ် ဦးသိန်းစိန်လို့ ဖော်ပြလာပါတယ်။
ဒီလို ၀န်ကြီးချုပ်ဟာ ၀န်ထမ်းဖြစ်တဲ့အပြင် ပါတီထူထောင်ဖို့ လျှောက်ထား လာတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်ကူပြုအဖွဲ့ဝင် ရှေ့နေဦးဥာဏ်ဝင်းက အခုလို မှတ်ချက်ပေးပါတယ်။

ဦးဥာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်ကူပြုအဖွဲ့ဝင်)
“ဥပဒေသဘောအရ အရေးကြီးတဲ့ပြဿနာက ဦးသိန်းစိန်လို့ ပြောတယ်။ အဲဒီ ဦးသိန်းစိန်ဆိုတာ နိုင်ငံခြားသတင်းတွေမှာတော့ ၀န်ကြီးချုပ်ဦးသိန်းစိန်ကို ညွှန်းတယ်လို့ ပြောတယ်။ အဲဒီတော့ အဲဒီဟာမှန်ခဲ့လို့ရှိရင် အဲဒီဟာ ပါတီဖွဲ့စည်းတဲ့ မှတ်ပုံတင် ဥပဒေနဲ့ လုံးဝဆန့်ကျင်နေတယ်။ မှတ်ပုံတင် ဥပဒေမှာ ပြည်သူ့ဝန်ထမ်း မဖြစ်ရဘူးလို့ ပြောတယ်။
“အဲဒီတော့ ၀န်ကြီးချုပ်ဆိုရင်တော့ ၀န်ထမ်းထဲမှာ အကြီးဆုံး ရာထူးပေါ့ဗျာ။ အဲဒီဟာကို ဘယ်လိုသဘောနဲ့ ဒီလိုဖြစ်နေသလဲတော့ ကျနော် အခုအချိန်တော့ ရှင်းရှင်းလင်းလင်း မသိဘူး။ အဲဒီတော့ ၀န်ကြီးချုပ် ဦးသိန်းစိန် မှန်လို့ရှိရင် တော့ အဲဒီဥပဒေနဲ့ မကိုက်ညီဘူးလို့တော့ ပြောချင်တယ်။”
ဒီလို စစ်ဗိုလ်ချုပ်တွေ အရပ်ဘက်ပြောင်းပြီး နိုင်ငံရေးပါတီထူထောင်တာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစာအတွက် မဟုတ်ဘဲ။ အရပ်သားလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းစာကို ရယူဖို့ ဖြစ်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တချို့က ဆိုပါတယ်။

ဦးဝင်းနိုင် (အမျိုးသားနိုင်ငံရေး)
ဒါကြောင့် နအဖ စစ်အစိုးရကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင်က အခုလို ဝေဖန်လိုက် ပါတယ်။
“ဒီနှစ်မှာ လုပ်မယ့်ရွေးကောက်ပွဲမှာ လူရယ်၊ မူရယ် ကျနော်တို့ ဘယ်သူတွေ ပြောင်းကြမလဲလို့ ဆိုပြီး ကျနော်တို့ကြည့်တော့ အခုအမြင်အရတော့ လူတွေ သိပ်ပြောင်းမယ့်လက္ခဏာမရှိဘူး။ အဲဒီတော့ ကျနော်တို့ မျှော်လင့်တောင့်တရမှာကတော့ လူမပြောင်းရင်တော့လည်း မတက်နိုင်ဘူး။ သို့သော်လည်းပဲ မူလေးများ ပြောင်းမလားဆိုတာ ဒါကျနော်တို့က တောင့်တရမှာပေါ့။ ပြည်သူလူထုအနေနဲ့ကတော့ မူပြောင်းတဲ့ မျှော်လင့်ချက်ပဲ ထားလို့ရတော့မှာပါ။ လူပြောင်းမယ့် မျှော်လင့်ချက်ကတော့ သိပ်ထားလို့ရမယ့် အနေအထားမှာ မရှိပါဘူး။”
ဒါ့အပြင် စစ်အစိုးရနဲ့ နီးစပ်တယ်လို့ ဝေဖန်ခံနေရသူ ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်ကတော့ တပါတီ အာဏာရှင် စနစ်ကို ပြန်ရောက်သွားမယ်ဆိုရင်တော့ ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

ကိုအေးလွင် (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)
“ကျနော်တို့ မြန်မာနိုင်ငံမှာ တပါတီစနစ် ကျင့်သုံးတဲ့အတွက်ကြောင့် လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်တည်ခဲ့တဲ့ အခြေအနေကောင်းတွေပေါ့နော်။ ပါလီမန်ဒီမိုကရေစီ စနစ် ပျက်သုဉ်းပြီးတော့ ဒီမိုကရေစီလည်း စိတ်သုဉ်းသွားတယ်ပေါ့ဗျာ။ အဲဒါ ၂၆ နှစ်လေ။ ဒီဘ၀ကို မကြိုက်လို့ ကျနော်တို့က မြေလှန်ပြစ်လိုက်တာ။ ပြည်သူလူထုတွေနဲ့ လက်တွဲပြီးတော့။ ဒီအလုပ်က ကျနော်တို့ ကိုယ်တိုင်လုပ်ခဲ့တာပဲ။ အဲဒီတော့ စောစောတုန်းက ဒီဖက်မှာ ၂၂ နှစ်ရှိပြီဗျာ။ ပါတီစုံစနစ်နဲ့ ကျနော်တို့ သွားချင်လို့ လွတ်လပ်စွာ အပြိုင်အဆိုင်ပေါ့ဗျာ နိုင်ငံရေးကိုလည်း လုပ်ချင်တာပါ။ လူတဦးတယောက်၊ တသင်းတဖွဲ့ လက်ဝါးကြီးအုပ်ထားမယ်ဆိုရင် ဘာမှ အနှစ်သာရ မရှိဘူး။ အဲဒါမျိုးကတော့ ဘယ်သူပဲ လုပ်လုပ်ပေါ့ဗျာ။ တပ်ကပဲလုပ်လုပ်။ တပ်ကပဲ အသွင်ပြောင်းပြီးတော့ပဲ လုပ်လုပ်၊ အားကောင်းမောင်းသန် နိုင်ငံရေးသမားကပဲလုပ်လုပ် အဲဒါတော့ ကျနော်တို့က လုံးဝဆန့်ကျင်မှာပဲ။ တပါတီစနစ် အစားထိုးတဲ့ ပုံစံမျိုးပေါ့ဗျာ။ လူပုဂ္ဂိုလ်တဦးတယောက်၊ တသင်းတဖွဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဘ၀ ကံကြမ္မာကို သူ့လက်ထဲအပ်ထားရမယ်၊ ချုပ်ကိုင်ထားမယ်၊ အဲဒီပုံစံမျိုး လုပ်မယ်ဆိုရင်တော့ နိုင်ငံရေး အရ ထိပ်တိုက်တိုးမှာ။ အခု ပြည်ခိုင်ဖြိုးကလည်း ဒီအတိုင်းလုပ်မယ်ဆိုရင်တော့ ကျနော်တို့နဲ့တွေ့မှာပဲ အဲဒါသေချာတယ်။”
နအဖ ဥက္ကဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် နယကအဖြစ် တာဝန်ယူထားတဲ့ ဒီလူမှုရေးအသင်းဟာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအကြမ်းဖက်မှု၊ ကုန်ဈေးနှုန်း ကျဆင်းရေးတောင်းဆိုမှုတွေနဲ့ ၂၀၀၇ စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွေကို အကြမ်း ဖက်ဖြိုခွင်းခဲ့တယ်လို့ အခိုင်အမာ စွတ်စွဲခံနေရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအသင်း ၀င်တွေရဲ့ အကြမ်းဖက် ရိုက်နှက်မှုကို လွန်ခဲ့တဲ့လပိုင်းက ခံခဲ့ရတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအေးလွင်ကပဲ ကြံ့ခိုင်ရေးအသင်းနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပါတယ်။
“တကယ်ပဲ ဒီမူဝါဒတွေကို ကျင့်သုံးပြီးတော့ သွားတဲ့ကိစ္စမှာ နိုင်ငံတော် ၀န်ကြီးချုပ် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဒီစိတ်နေ စိတ်ထားမျိုးတွေ ရှိတယ်ဆိုရင်တော့ ဒါကျနော်တို့ ဒီနိုင်ငံရဲ့ နိုင်ငံရေးဟာ ရှေ့ဆက်တိုးရင် မကောင်းဖို့ဘဲ များတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ မင်းမဲ့စရိုက်ဝါဒနဲ့ သွားမယ်ဆိုလို့ရှိရင်တော့ မကောင်းတော့ဘူးလေဗျာ။ ဒီမိုကရေစီနဲ့ ဒါနဲ့က ပြဒါးတလမ်း သံတလမ်းပဲလေ။ ကျနော်တို့ကတော့ အဲဒီလိုဟာမျိုးတွေကို လုံးဝပယ်ချတယ်။ လက်မခံဘူး။”
ကြံ့ခိုင်ရေးအသင်းကို ဖျက်သိမ်းပေးဖို့ နအဖစစ်အစိုးရကို တောင်းဆိုခဲ့တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ ဘီအယ်လ်စီကိုလည်း နအဖက မတရားအသင်းအ ဖြစ် ကြေညာခဲ့ပါတယ်။ ကြံ့ခိုင်ရေးအသင်းဟာ လူမှုရေးအသင်းအမည်ခံနဲ့ အဓမ္မအသင်းဝင် စာရင်းသွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး နှစ်ဆယ့်ငါးသန်းကျော် အသင်းဝင်ရှိတယ်လို့ ကြေညာခဲ့တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မဲဆန္ဒရှင်ဦးရေနဲ့ တန်းတူနီးပါး ရှိနေပါတယ်။ ပါတီနိုင်ငံရေး ကင်းရမယ်ဆိုတဲ့ တည်ဆဲဥပဒေအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအသွင်ပြောင်းလိုက်မယ်ဆိုရင် အစိုးရ၀န်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသား တွေဟာ အသင်းဝင်အဖြစ်ကနေ အလိုအလျောက် ပျက်ပျယ်သွားမှာပါ။ ဒါကြောင့် အစိုးရ၀န်ထမ်း ကြံ့ခိုင်ရေးအသင်း ၀င်ထားသူတဦးကို မေးကြည့်ရာမှာ
“ကိုယ်တွေကတော့ ပါလို့မှ မရတဲ့ကိစ္စကို ဟုတ်တယ် မဟုတ်လား။ ၀န်ထမ်းတွေက ပါတီနိုင်ငံရေးကင်းရမယ် အဲဒါမျိုး ပြောထားတဲ့ဟာကို။ အဲဒီတော့ သူတို့ရဲ့ပါတီဝင်တော့ ကိုယ်က ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ မဖြစ်နိုင်ဘူးလေ အဲဒါကတော့ မဲပေးတာ မပေးတာ ကလည်း ကိုယ်ကြိုက်တဲ့လူ ကိုယ့်ဟာကို ပေးရမယ့် ကိစ္စ၊ သူတို့ကိုပဲ ပေးရမယ်လို့ သူတို့က ဘိုင်ဖို့စ် (ဖိအားပေး) လုပ်တာမှ မဟုတ်သေးတာ။ အခုအချိန်အထိတော့ မလုပ်သေး ဘူးလေ။ လုပ်လာရင်လည်း ကိုယ့်မှာကတော့ လွတ်လပ်စွာ မဲပေးနိုင်ခွင့်ကတော့ ရှိရမှာပေါ့။”
လက်ရှိအခြေအနေတွေမှာတော့ ကြံ့ဖွံ့အသင်းရုံးခွဲတွေဟာ နအဖစစ်အစိုးရရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေဖြစ်တဲ့ မယက၊ ရယကရုံးတွေမှာ ဖွင့်လှစ်ထားပြီး နိုင်ငံပိုင်အဆောက် အဦးတွေအပါအ၀င် နိုင်ငံပိုင်ပစ္စည်းတွေကို သုံးဆွဲနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိစစ် ဗိုလ်ချုပ်တွေထဲကတချို့နဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေပေါင်းပြီး နိုင်ငံရေး ပါတီတရပ်အနေနဲ့ ထူထောင်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း နိုင်ငံရေးအသိုင်းအ၀ိုင်း အတွင်း ထွက်ပေါ်နေပါတယ်။ နိုင်ငံရေးအကဲခက်တွေရဲ့ အမြင်တွေအရ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေကသာ လာမယ့်ရွေးကောက်ပွဲမှာ အများစုအနိုင်ရမယ် ဆိုတာ တညီ တညွတ်တည်း ပြောဆိုနေကြပါတယ်။
Discussion
No comments yet.