မြန်မာနိုင်ငံမြို့ကြီးများတွင် အတာသင်္ကြန်ကို ဆင်နွှဲရန် ပြင်ဆင်
အံ့ဘုန်းမြတ် ၉ ဧပြီ ၂၀၁၀
(၂၀၁၀ ခုနှစ်၊ ဧပြီလ ၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအစီအစဉ်)
မကြာခင်မှာ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ကို ကျရောက်တော့မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံမြို့ကြီးတွေမှာ အတာသင်္ကြန်ကို ဆင်နွှဲကြဖို့ ပြင်ဆင်နေကြပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလိုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲသူတွေ နည်းပါးလာပေမယ့် ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ လူကြီး၊ လူငယ်၊ လူရွယ်မရွေး နှစ်သစ်ကူး အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ပြင်နေကြပါပြီ။ ဒီအခြေအနေမှာပဲ ရန်ကုန်မြို့မှာ အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းစတဲ့လမ်းတွေမှာ မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးဘူးဆိုပြီး သက်ဆိုင်ရာ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ စည်းကားနိုင်မလဲဆိုတာ ရန်ကုန်မြို့ခံ သတင်းသမားတဦးက ခုလို ပြောပါတယ်။
“အင်းလျားကန်၊ အင်းလျားလမ်းက ဆောက်ခွင့်မပေးတာဘဲ ရှိတယ်။ ဒီဘက်မှာကျတော့ မနှစ်တုန်းကထက် မဏ္ဍပ်တွေ တော်တော်များလာတယ်။ ပြည်လမ်းဘက်မှာ အခု မဏ္ဍပ်အကြီးကြီးတွေ ဆောက်တုန်းဖို့ ၁၀၀ လောက်ကို ဆောက်ခွင့် တောင်းထားတာ။ အဲဒါကိုလည်း ခွန်ပေးလိုက်ပြီ။ အဲတော့ ဒီမှာ ရန်ကုန်ကတော့ အင်းလျားလမ်းတခုပဲ လမ်းက အရမ်းပိတ်ပြီးကျပ်လို့ အဲလိုမျိုး ဒီဘက်ကို ရွှေ့လိုက်တာ၊ ပြန့်ကျဲပြီးတော့ တနေရာထဲဘဲ စုပြီးမနေဘူး”
“ကန်ဘောင်ဘက်မှာ ရှိမယ့်ဟာက ဆီဒိုးနားနဲ့ မျက်စောင်းထိုးလောက်မှာ ရှိမယ်။ ကန်တော်ကြီးဘက်ရှိတဲ့ အခြမ်းတွေ ကရ၀ိတ်ရှိတဲ့ဘက် အခြမ်း။ ဟော်ကီကွင်းနဲ့ မျက်နှာချင်းဆိုင်မှာ အဲဒီလမ်း ခြောက်ခုလောက်ရှိတယ်။ ဒီတခါတော့ စည်လို့ရှိရင် အဲဒီဘက်တွေမှာ စည်ဖို့များတယ်၊ ဘာလို့လဲဆိုတော့ အရင်နှစ်တွေမှာ အဲဒီဘက်တွေမှာ မဏ္ဍပ်မဆောက်ဘူး။”
ဒီနှစ်သင်္ကြန်မှာတော့ အရင်နှစ်တွေလို လူငယ်တွေအတွက် သင်္ကြန်မဏ္ဍပ်တွေမှာ ရေပတ်ဖို့ ကြော်ငြာဘုတ်တွေနဲ့ ကြော်ငြာခွင့်ကို မြို့တော်စည်ပင်က မပေးတော့တာကြောင့် လူငယ်တွေ အင်တာနက် ၀က်ဘ်ဆိုက် တွေပေါ်မှာ ကြော်ငြာ၊ နီးစပ်ရာ သူငယ်ချင်း အပေါင်းအသင်းတွေကိုပဲ မဏ္ဍပ်တွေမှာ ရေကစားဖို့ လိုက်ခေါ် နေကြရပါတယ်။ လူငယ်တွေ ရေကစားဖို့ စီစဉ်နေကြပုံကိုလည်း ရန်ကုန်မြို့ခံ သတင်းသမားက ပြောပြပါတယ်။
“ကိုယ့်နီးစပ်ရာ သူငယ်ချင်းကို တရက်ကို တသောင်းခွဲ၊ တချို့မဏ္ဍပ်က နှစ်သောင်း၊ လေးရက်စလုံး ဆိုရင်တော့ ငါးသောင်း၊ အဲလိုမျိုးတွေတော့ ရှိတယ်၊ ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် အခုကတော့ အရင်တုန်းကလို ဘုတ်တွေထောင်ပြီး တော့ ကြော်ငြာလို့ မရဘူး။ ကြားနေရတဲ့ဟာက ကားကလည်း တရက်ကို ဂျစ်ကားဆို တသိန်းခွဲ ရှိနေတယ်။ သူတို့တွေက သိပ်ပြီးတော့ မလည်ချင်ကြဘူး ဖြစ်နေတယ်။ မဏ္ဍပ်ထိုင်ဖို့ များတယ်။”
မန္တလေးမြို့ဘက်က အခြေအနေကိုလည်း မန္တလေး စာပေလောက သားတဦးက အခုလို အစချီ ပြောပြပါတယ်။
“နေပြည်တော် သင်္ကြန်လုပ်မှာမို့လို့ မန္တလေးစည်မှာ မဟုတ်ဘူးလို့ တချို့ကလည်း ထင်တာ၊ ခုထိတော့ အဲဒါတော့ ထိခိုက်တာ မတွေ့ဘူး၊ ကိုယ့်ဆီမှာပဲ ကိုယ်နေကြမှာပါ။ ဟိုကိုသွားဖို့ဆိုတာ စရိတ်ကတွေလည်း ကုန်တယ်။ အဓိပ္ပာယ် လည်း သိပ်မရှိဘူး။ တာဝန်ပေးလို့ လုပ်တဲ့လူတွေက မင်းသားမင်းသမီး ငှားပြီး လုပ်ပေမယ့် အဲဒီလူတွေ အဲဒီအထိ သွားကြည့်စရာ မလိုဘူး။ တနှစ်ထက် တနှစ် သင်္ကြန်စည်တာတော့ မန္တလေးအနေနဲ့ ပြောရရင်တော့ လျော့လာတယ်။ အခုထိ ကျူံး မြောက်ဘက်မှာဆိုရင် ဘာတခုမှ မရှိဘူး။ ဈေးတွေ ကြီးလာလို့ မဏ္ဍပ်လုပ်တဲ့လူတွေ မလုပ်နိုင်တော့ဘူး။”
ယခင်က မန္တလေးမြို့ သင်္ကြန်ပွဲတော်မှာ မြို့မတီးဝိုင်းအပါအတွင်း မန္တလေးတိုင်းတတိုင်းလုံးက အလှပြကားတွေ ယိမ်းအကအဖွဲ့ပြိုင်ပွဲတွေလည်း ယနေ့တိုင် ရှိနေပေမယ့် ပြောင်းလဲလာတဲ့ ပြောင်းလဲမှုကိုလည်း စာပေလောကသားက “အခုလည်းရှိတယ်။ ဒါပေမယ့် တာဝန်အရလာရတာလေ။ မြင်းခြံခရိုင်က လာတယ်။ မန္တလေးတိုင်း မန္တလေးအနေနဲ့ ပြောရရင်လေ ကျောက်ဆည်ခရိုင်က လာတယ်။ ဒါပေမယ့်လို့ အလှပြကားတွေက တာဝန်အနေနဲ့ လာတဲ့အလှပြ ကား မျိုးတွေ၊ အရင်တုန်းကတော့ ကိုယ့်ရဲ့ ၀ါသနာအရ လုပ်ကြတာလေ။ တာဝန်အရဆိုတော့ သိပ်တော့ ပျော်စရာမကောင်းဘူ၊။ မြို့မကားက နှစ်စဉ် ညမှာ တညလုံးဧည့်ခံတာတွေ လုပ်နေတုန်းပါပဲ။”
ရန်ကုန်က အနုပညာသည် အတော်များများကိုတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဟိုတယ်တွေ၊ ကုမ္ပဏီတွေက ငှားရမ်းထားကြပြီး တချို့ကတော့ မန္တလေး၊ တောင်ကြီး။ လားရှိုးစတဲ့မြို့တွေမှာ သွားရောက် ဖျော်ဖြေဖို့ ရှိပါတယ်။
Leave a Reply