တပ်မတော်နေ့ အခမ်းအနား သတင်းယူဖို့ ငွေကျပ်ရှစ်သောင်းပေးရ
အံ့ဘုန်းမြတ် ၂၃ မတ် ၂၀၁၀
လာမယ့် မတ်လ ၂၇ ရက်နေ့ နအဖ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက် သတင်းယူလိုတဲ့ သတင်းသမားတယောက်ကို ငွေကျပ်ရှစ်သောင်းနဲ့ လိုက်ပါနိုင်တယ်လို့ စာပေစီစစ်ရေးက ဂျာနယ်တာဝန်ရှိသူတွေကို ဒီနေ့နံနက်မှာ ခေါ်ပြောခဲ့ပါတယ်။ အရင်ကလည်း ဒီလိုသတင်း သမားတွေကို အခကြေးငွေယူပြီး ခေါ်တာမျိုးရှိပေမယ့် နီးစပ်ရာဂျာနယ်တွေနဲ့ သတင်းဌာနတွေကိုပဲ ခေါ်တာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ သတင်းဂျာနယ်တွေကို ဦးစားပေးပြီး ခေါ်တာဖြစ်တယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။
“ဒီနေ့ အစည်းအဝေးလုပ်တယ်။ ဂျာနယ်အားလုံးကို တပ်မတော်နေ့ အခမ်းအနား လုပ်မယ်ဆိုပြီးတော့ တယောက်ကို ရှစ်သောင်း၊ သူကဘာစီစဉ်ပေး သလဲဆိုတော့ ကားစီစဉ်ပေး တယ်၊ နေထိုင်စားသောက်စရိတ် အကုန်လုံး ဒီအထဲက သုံးတယ်ပေါ့။ လိုက်ဖို့အတွက် ကိုယ်က ပိုက်ဆံသွင်းရတာ သူတို့က လိုက်ခေါ်တယ်။ ဂျာနယ်တွေခေါ်တယ်၊ သတင်းဂျာနယ်တွေ၊ နောက်နီးစပ်ရာ စာနယ်ဇင်းတွေ ပါသေးတာပေါ့။ နာမည်ရှိပြီးသားဥစ္စာတွေကို ခေါ်တယ်။”
ဒါ့အပြင် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်သတင်းယူမယ့် သတင်းသမားတွေအနေနဲ့ နံနက်ပိုင်းမှာ တိုက်ပုံအဖြူ၊ အ၀ါနု စတဲ့အရောင်မျိုးတွေကိုပဲ ၀တ်ဆင်ရမှာဖြစ်ပြီး ညစာစားပွဲမှ တိုက်ပုံအနက် ၀တ်ဆင်ရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နေရာတွေကလွဲလို့ ဓာတ်ပုံရိုက်ခွင့်မရှိဘူးလို့ သတ်မှတ်ချက်တွေကိုလည်း စာပေစီစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက မှာကြားခဲ့တယ်လို့လည်း စာရင်းပေးသွင်းခဲ့တဲ့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပြပါတယ်။
Leave a Reply