မြန်မာဖျော်ဖြေရေးအနုပညာ ဘယ်လိုသွားမလဲ
အံ့ဘုန်းမြတ် (2009,Setember 1)
“ဖျော်ဖြေရေးအနုပညာ” (Commercial Art) လို ပြောလိုက်ရင် ဂန္ထ၀င်အနုပညာစံနှုံးတွေကိုမမှီတဲ့ အနုပညာပစ္စည်း (၀ါ) အနုပညာလက်ရာ တစ်ခုအဖြစ်သာ ရှုမြင်တက်ကြပါတယ်။ ကျွန်တော်ကတော့ ဖျော်ဖြေရေးအနုပညာပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် မရှုမြင်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလို ဖျော်ဖြေရေးအနုပညာပစ္စည်းတွေထဲမှာ သာမန်အနုပညာစံနှုန်းသတ်မှတ်ချက်တွေနဲ့ မတူကွဲပြားခြားနားစွာနဲ့ လူအဖွဲ့အစည်းကို ကိုယ်စားပြုနေတဲ့ သရုပ်သဏ္ဍန်တွေ ကို မှိန်ပြပြရှု့မြင်နိုင်ကြမှာဖြစ်လို့ပါ။
အထူးဖြင့် မြန်မာအနုပညာလောကထဲက ဖျော်ဖြေရေးအနုပညာပစ္စည်းတွေအကြောင်းကို ကျွန်တော်ပြောချင်ပါတယ်။ စာပေ မှာဆိုရင်လည်း စာပေအလျှောက် ဂီတ၊ ရုပ်ရှင်၊ ဗွီဒီယို၊ ပြဇာတ်စတဲ့ အနုပညာပစ္စည်းနဲ့ ပရိသတ်ကို စပ်ဆက်ပေးတဲ့ မီဒီယန် အားလုံးလိုလိုမှာ ဆင်ဆာဖြတ်တောက်မှုတွေ ကန့်သက်ချုပ်ချယ်မှုတွေ အဆင့်လိုက်အဆင့်လိုက် ရှိနေတာကြောင့် မြန်မာ အနုပညာသမားတွေဟာ ဖျော်ဖြေရေးအနုပညာပစ္စည်းတွေကိုတောင် စိတ်လွတ်ကိုယ်လွတ် မဖန်တီးနိုင်ကြတဲ့အခြေအနေ မျိုးဖြစ်နေပါတယ်။ အစိုးရရဲ့ ဆန်းသစ်ဖန်တီးထိုးထွက်လိုမှုကို ကန့်သတ်ပိတ်ပင်တဲ့ မူဝါဒတွေကြောင့် အနုပညာသည်တွေရဲ့ အနုပညာဖန်တီးမှုစွမ်းရည်တွေ ကျဆင်းလာတဲ့အခြေအနေမှာ တိုင်းပြည်ဘာဖြစ်လာလဲဆိုတဲ့ ရှု့ထောင့်က သုံးသပ်ကြည့်သင့် တယ်လို့ ထင်ပါတယ်။
ဒီလို စီစစ်ဖျက်တောက် ပိတ်ဆိုမှုတွေကြောင့် ဖျော်ဖြေရေးအနု ပညာတွေမှာ “လောကအမြင်ရသ” တွေအား နည်းလာရတယ်။ စိတ်ခွန်အားကိုဖြစ်စေတဲ့ရသခံစားတက်မှုတွေလည်း အားနည်း လာမှာမလွဲပါဘူး။ ဒီလိုအနုပညာပစ္စည်းတွေဟာလည်း ဘယ်လို ပဲဖြစ်နေဖြစ်နေ လူ့အဖွဲ့အစည်းအပေါ်ကိုတော့ လွှမ်းမိုးမှု အနည်းနဲ့အများ ဆိုသလိုရှိမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်ကိုက ဖျော်ဖြေရေးအနုပညာဆိုတဲ့ ခေါင်းစဉ်မှာ ရှိနေလို့ပါ။ ဒီလိုလောကအမြင်ရသတွေ၊ စိတ်ခွန်အားကို ဖြစ်စေ တဲ့ရသတွေနဲ့ လောကအသိတွေကိုပေးတဲ့ရသတွေပါဝင်မှု နည်း ပါးလာတာနဲ့အမျှ ဒီလိုအနုပညာပစ္စည်းတွေကို ခံစားကြည့်ရှုသူ ပရိသတ်တွေမှာပါ လောကအမြင်သိမှု၊ စိတ်ခွန်အားရှိမှုတွေပါ နည်းပါးသွားလိမ့်မယ်ဆိုတာ ငြင်းဆိုဖို့ တော်တော်ခက်ပါလိမ့်မယ်။
ဒီလိုအခြေအနေမှာ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ မျိုးဆက်ကွာဟမှုကို ရင်ကြားစေပေးဖို့ ဖျော်ဖြေရေးအနုပညာ က လှစ်ဟနေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတဲ့ ရေခံမြေခံအကြောင်းအရင်းတွေက အစိုးရရဲ့မူဝါဒ တစ်ခုတည်းလား ဆိုတော့လည်းမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်း အပြောင်းအလဲတွေဖြစ်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း၊ တက်ကနော်လိုဂျီကယ် ချိန်းချက်၊ နော်လိတ်အီကိုနော်မီ စတဲ့အရာတွေရဲ့ တွန်းအားတွေကြောင့်လို့လည်း ပါမယ်လို့ဆိုရမှာပါ။
ကမ္ဘာကြီးပေါ်မှာတော့ ဒီလိုအပြောင်း အလဲတွေဖြစ်ပေါ်နေပြီဆိုတာကို ရန်ကုန်၊ သာကေတ (၈) ရပ်ကွက်က ဆိုက်ကားနင်းတဲ့ ဦးလေးကြီးရဲ့ သမီး အသက် (၁၆) နှစ် သိဖို့ဆိုတာ ဖျော်ဖြေရေးအနုပညာပေါ်မှာ မူတည်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။
အခြေခံပြည်သူလူထုထဲကို အသိအမြင်၊ လောကအမြင်ပေးဖို့ဆိုတာ အနုပညာသည်တွေရဲ့ တာဝန်ပါ။ ဘာလို့လည်းဆိုတော့ လူ့အဖွဲ့အစည်းဝင်ဖြစ်တဲ့ အနုပညာသည်တွေဟာ သူတို့ရပ်တည်ရှင်သန် နေထိုင်နေကြတဲ့ လူ့အဖွဲ့အစည်းကို အကြိုးပြုရမှာ ဖြစ်သလို အဲ့ဒီအကျိုးရလဒ်ကထွက်ပေါ်လာတဲ့ အသီးအပွင့်တွေကနေတဆင့် အဆင့်ပိုမြင့်တဲ့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုကို ထူထောင်ကြရမှာမို့လိုပါ။
ကျွန်တော်တို့ ဒီဘက်ခေတ်မှာ ယဉ်ကျေးမှု တွန်းတိုက်မှုတွေပိုများလာတယ်။ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ တန်ဘိုးသတ် မှတ်ချက်တွေကလည်း ရှုပ်ထွေးလာတယ်။ ဒွိဟဖြစ်လာတယ်။ ဝေခွဲရ ပိုခက်လာတယ်။ ဒါတွေ အကုန်လုံးကို ခေတ်ကိုက ဒီလိုဖြစ်နေတာလို့ ခေတ်ကိုပုံချပြီး ထားလို့မဖြစ်ဘူးလို့လည်းထင်မိပါတယ်။ ဒါဟာ ယဉ်ကျေးမှုအဆင့်အတန်း သတ်မှတ် ချက်စံနှုန်း ရှုပ်ထွေးလာမှုရဲ့ အကျိုးရလဒ်ပါ။
လူ့အဖွဲ့အစည်း တစ်ခုစီတိုင်းမှာ သူ့သတ်မှတ်ချက် ယဉ်ကျေးမှုစံနှုန်းတွေ ကိုယ်ဆီရှိကြတက်ကြပါတယ်။ အဲ့ဒီမှာ လူ့အဖွဲ့ အစည်းသေးလေးတွေ၊ ခေတ်နောက်ကျတဲ့ လူ့အဖွဲ့အစည်းတွေကို ခေတ်မီတဲ့ သူတို့ထက် ကြီးမားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေက တော်တော်ကြီးကြီးမားမားရှိခဲ့ပါတယ်။ နောက်ဆုံး လူ့အဖွဲ့အစည်းသေးလေးတွေရဲ့ ယဉ်ကျေးမှု ပျောက်ဆုံးသည်အထိ ၀ါးမြိုခြင်းခံခဲ့ရတာတွေကိုတောင် သမိုင်းကိုပြန်ဖတ်လိုက်ရင်တွေ့ရမှာ။ အဲ့ဒီတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရော ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့အချက်ဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည် နေကြတဲ့ အနုပညာသည် တစ်ဦးတစ်ယောက်ချင်းဆီအတွက် အရေးကြီးလာမယ်လို့ ထင်ပါတယ်။
အစိုးရအနေနဲ့ကလည်း လူ့အဖွဲ့ရဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက် အသစ်တွေပေါ်ပေါက်လာဖို့ လမ်းဖွင့် ပေးဖို့လိုပါတယ်။ ဆိုကြပါဆို ဆောင်းဂေါက်နဲ့ ပေါ့ပ်သီချင်းတီးပြီး ကမ္ဘာကိုချပြနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် လမ်းဖွင့်ပေး စေချင်ပါတယ်။ အနုပညာသည်တွေဘက်ကလည်း ဆောင်းဂေါက်နဲ့ ပေါ့ပ်သီချင်းတီးပြီး ဖန်တီဆန်းသစ်နိုင်အောင် လောကအမြင်နဲ့ ၀မ်းစာပြည့်မှီနေဖို့ ကြိုးစားစေချင်ပါတယ်။ ဒါမှ အဲ့ဒီလို အနုပညာမျိုးတွေ ပရိသတ်အပေါ်လွှမ်းမိုးပြီး ပရိသတ်ထဲက အဲ့ဒီလိုလုပ်နိုင်မယ့် အနုပညာသည်တွေ ထွက်ပေါ်လာနိုင်မှာဖြစ်တယ်ဆိုတာ တင်ပြရင်းနဲ့ ဒီပို့စ်ကို အဆုံးသတ် လိုက်ချင်ပါတယ်။
အံ့ဘုန်းမြတ် (2009,Setember 1)
(မှတ်ချက်။ ။ ကျွန်တ်ာရေးသားလိုက်တဲ့ “မြန်မာဖျော်ဖြေရေးအနုပညာ ဘယ်လိုသွားမလဲ” ဆောင်းပါးနဲ့ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။ မြန်မာအနုပညာလောကဖွံ့ဖြိုးတိုးတက်ဖို့ အပြုသဘောဆောင်ပြီး ဝေဖန်ကြစေချင်ပါတယ်။ လေးစားမှုဖြင့်)
Leave a Reply