ဆောင်းပါး, နိုင်ငံရေး

ကွဲလွဲမှုနှင့် ကျွန်တော်တို့ဝန်းကျင်


ကွဲလွဲမှုနှင့် ကျွန်တော်တို့ဝန်းကျင်

ဦးကျော်ငြိမ်း (ရန်ကုန်)

The Voice Journal အတွဲ ၅ ၊ အမှတ် ၃၉ မှာ ဖော်ပြခဲ့တဲ့ ဆရာဦးကျော်ငြိမ်းရေးသားတဲ့ “ကွဲလွဲမှုနှင့် ကျွန်တော်တို့ဝန်းကျင်ဆောင်းပါးကို ပြန်လည်ကူးပြီး ပို့စ်အနေနဲ့ တင်လိုက်ရပါတယ်။ ဒီဆောင်းပါးမှာ နိုင်ငံရေး အရရော လူမှုရေးအရပါ မြန်မာလူမျိုးတွေကြားမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ကွဲလွဲမှုသဘောတရားတွေနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို ဖတ်ရှုနိုင်ကြမှာဖြစ်ပါတယ်။ ဒီဆောင်းပါးနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ The Voice Journal နဲ့ စာရေးသူ ဆရာဦးကျော်ငြိမ်းတို့ရဲ့ အာဘော်နဲ့ သဘောထားအမြင်တွေပဲ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

ယခုလို ဒီမိုကရေစီ အကြိုကာလများတွင် ‘လွတ်လပ်စွာကွဲလွဲခွင့်’ ဟူသောအသံများ မကြာခဏကြားနေရ၏။ ကွဲလွဲမှုနှင့်ပတ်သက်လာလျင် ဆံတစ်ပင်တင်း၊ ချစ်ခြင်းမယား ဆိုသိုသကဲ့သို့ တစိုတစိတ်ကလေးမျှ လက်မခံ၊ ငြင်းဆန်လိုသော ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် ၄င်း ‘လွတ်လပ်စွာကွဲလဲလွဲခွင့်’ ဟူသည်နှင့် အံဝင်ခွင်ကျဖြစ်ပါ့မလားဟူ၍ူ စဉ်းစားမိရင်း ဤစာကိုရေး ပါသည်။ အဘယ့်ကြောင့်ဆိုသော် ‘လွတ်လပ်စွာကွဲလွဲခွင့်’ နှင့် ကျွန်တော်တို့ မယဉ်ပါးခဲ့သည်မှာ ဆယ်စုနှစ်ငါးခု နီးပါးရှိခဲ့ပြီဖြစ်သည်။

ကျွန်တော့်သမီး ကိုးတန်းကျောင်းသူသည် Right ဆိုသော စကားကို မကြာမကြာသုံး၏။ သူ့ဘက်က လုပ်သင့်သည်၊ မှန်သည်ထင်သမျ ‘ဒါသမီးရဲ့Right ပဲ’ ဟု ပြောကာလုပ်လေ့ရှိ၏။ သူ့အမေကအားရှိအောင် နွားနို့တိုက်၏။ သူကမကြိုက်။ သူက ‘ကော်ဖီမစ်ပလိန်း’ကြိုက်၏။ သူကြိုက်တာ သူသောက်ခွင့်ရှိရမည်။ ဒါ သူ့ရဲ့ Right ပဲ ဟုဆို၏။ နွားနို့က အားရှိပြီး ဉာဏ်ကောင်းစေသည်ဟု သူ့အမေကပြောလျင် သူကလည်း ပြန်ပြော၏။ ”ကော်ဖီသောက်လျင်စိတ်ရွှင်ပြီး မအိပ်ချင်၊ စာများများဖတ်၍ရသည်”တဲ့လေ။ ”ငါကအမေ၊ ငါ့စကားနားထောင်” ဟု မအေလုပ်သူက ဗီတိုအာဏာဖြင့် သုံး၍ အဆုံးသတ်၏။ သမီးဖြစ်သူက မကျေနပ်၊ မျက်ရည်ကျ၏။ ဤသည်မှာ မိသားစုထဲ၌ပင် လွတ်လပ်စွာ ကွဲလွဲခွင့်မရှိ၍ ဤသို့ပြဿနာလေးတွေတက်ရသည်။ အမှန်တော့ ကွဲလွဲမှုဆိုသည်မှာ မိသားစုအတွင်း၌ ဖြစ်စေ၊ လူ့အဖွဲ့အစည်းအမျိုးမျိုးအတွင်း၌ဖြစ်စေ ရှိကြစမြဲဖြစ်၏။ ကွဲလွဲမှုကို ရင့်ကျက်တည်ကြည်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ သည်းခံစိတ်ရှည်ခြင်း၊ လူကြီးလူကောင်းဆန်ခြင်း၊ သဘောထားအမြင်၊ အပြုသဘောအမြင်ဖြင့် အသိအမှတ်ပြုနိုင်ပါမှလည်း ပြဿနာများဖြေရှင်းနိုင်မည်ဖြစ်သည်။ ပြဿနာကို ကြီးထွားအောင် မွေးမြူမထားဘဲ မြန်မြန်ရှင်းနိုင်လေ၊ အလုပ်လုပ်ရတာ ပိုကောင်းလေဖြစ်မည် ထင်သည်။ ကွဲလွဲမှုကို အသိအမှတ်ပြု ညှိနှိုင်းဖြေရှင်းခြင်းဖြင့် တိုးတက်တည်ငြိမ်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီ ခရီးလျောက်ကြမည်ဆိုလျင် မိမိကိုယ်တွင်းဒီမိုကရေစီကို မိမိဘာသာ အရင်တည်ဆောက်ရမည်ဖြစ်ပေသည်။ သမာဓိရှိခြင်း၊ ရင့်ကျက်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ စိတ်ရှည်သည်းခံခြင်း အစရှိသော ဒီမိုကရေစီတရားများကို မိမိကိုယ်တွင်း ပထမဦးဆုံးတည်ဆောက်သင့်သည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေဖြင့် ယခင်နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ကွဲလွဲမှုကို ‘အဆိပ်အပင်း’ တစ်ခုပမာမှတ်ယူခဲ့ကြသည်။ ကွဲလွဲသူကို မဟာရန်သူအဖြစ်သဘောထားခဲ့ကြသည်။ ပြန်လည် ပြင်ဆင်ရေးသမား၊ ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်စသည်ဖြင့် အမျိုးမျိုးစွပ်စွဲကာ သုတ်သင်ခဲ့ကြသည်။ ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းရသည်အထိ၊ ကွဲလွဲမှုကို အကြောက်ကြီးကြောက်ခဲ့ကြသည်။ အလိုလိုနေရင်း ကျွန်တော်တို့လည်း လူစင်စစ်က ပုတ်သင်ဘ၀ရောက်ခဲ့ရသည်။ ထိုးထွင်းဖောက်ထွက်လိုသော ကျွန်တော်တို့ ဦးနှောက်တွေကို လက်ဝဲတရားသေ အမှိုက်သရိုက်များဖြင့် ပိတ်ဆို့၊ တုံးအစေခဲ့ကြသည်။ ကိုယ့်ဘောင် ကိုယ်ခတ်ပြီး ကိုယ့်အကျဉ်းကိုယ်ချခဲ့သည်။ ကိုယ့်ကျင်းကိုယ်တူးပြီး ကိုယ့်အမိန့် ကိုယ်ပြန်ခဲ့ကြသည်။ ထိုအတွေးဟောင်း၊ အခေါ်ဟောင်းများသည် ယခုထက်တိုင် ကျွန်တော်တို့အသွေးအသားထဲတွင် ကျန်ရှိစိမ့်ဝင်နေ ဆဲဖြစ်သည်။

အသိအမှတ်မပြုနိုင်မှုများ၊ မပူးပေါင်းနိုင်မှုများ၊ မယုံရဲမှုများ၊ မယုံရမှုများ၊ ခွဲခွဲခြားခြားသန့်သန့်သီးသီးဖြင့် ဧက၀ါဒဆန်မှုများ၊ Change ကို တစ္ဆေကြောက်ကြောက်နေခြင်းများ၊ ထမင်းလုံးတစ္ဆေ လန့်လန့်နေခြင်းများ၊ ငါတကောကောမှုများ၊ ပရိယာယ်ေ၀၀ုတ်များပြား ရှုပ်ထွေးနေခြင်းများ၊ မသေချာ၊ မရေရာမှုများပြားလွန်းမှု၊ အမုန်း အညှိုးအတေးစိတ်ထားသေးသိမ်နုံနဲ့မှုများ၊ သံသယလွန်နေမှုများ၊ အကြောက်လွန်နေမှုများ၊ ဉာဏ်နီဉာဏ်နက် များလွန်းနေခြင်းများ၊ သင်းခွဲလိုမှုများ အစရှိသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို လုံးပါးပါးစေမည့် အနုတ်သဘောပြစိတ်ထားများက ကျွန်တော်တို့ သွေးထဲတွင် စိုးရိမ်မှတ်ထက် ကျော်လွန်ပါဝင်နေသည်ကို သတိ ပြုသင့်ကြပေပြီ။

‘ရွှေဥမင်ဆရာတော် ရေးသောကျမ်းမှာ ပို၍ကောင်းမွန်ပြီး နောင်လာနောင်သားတို့အတွက် ပို၍သင့်မြတ်ပေသည်’ ဟူ၍ တောင်ဖီလာဆရာတော်က လျောက်ထားကာ ၄င်းရေးသားပြုစုသော ကျမ်းမှာမူ မပြည့်စုံမကျစ်လျစ်ဟူ၍ မီး၌ပူဇော်လေသည်။ ဤသည်မှာ ကွဲလွဲမှုကို အထက်တန်းကျမြင့်မြတ်သည့် စိတ်ထားဖြင့် အသိအမှတ်ပြုခြင်းဖြစ်သည်။ အာဃစိတ်ထားဖြစ်သည်။ ကျွန်တော်တို့ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တွေအနေဖြင့် အမှန်ကိုအမှန်အတိုင်း၊ အမှားကို အမှားအတိုင်း၊ အဆိုးကိုအဆိုးအတိုင်း၊ အကောင်းကိုအကောင်းအတိုင်း မြင်ကြဖို့ လိုပေပြီ။ ငါပြောတာမှ အဟုတ်၊ ငါလုပ်တာမှ အမှန်ဆို နေမြဲဆိုနေကြဦးမည်ဆိုလျင်တော့ ကျွန်တော်တို့လူ့အဖွဲ့အစည်း၏ ရှေ့ရေး ရင်လေးဖွယ်ရာ အဆင့်ကတက်တော့မည်မဟုတ်ပေ။

အချုပ်တန်းဆရာဖေနှင့် စလေဦးပုညတို့ကဲ့သို့ နဲနဲလေးမှ စကားအတင်မခံ၊ ကက်ကက်လန်နှုတ်ထိုး၊ သူ့ထက်သူ လူစွမ်းကောင်း လုပ်နေခြင်းသည် အကျိုးမရှိ၊ အချည်းနှီး၊ အချိန်ဖြုန်းခြင်းသက်သက် သာဖြစ်ပါလိမ့်မည်။ ကွဲလွဲမှုကို အသိအမှတ် မပြုရုံမက အတ္တရှေ့ တန်းတင်ကာ ဒေါသဖြင့် တုံ့ပြန်ကြခြင်းဖြစ်သည်။ ထိုမှတစ်ဆင့်အာဃတ၊ အမုန်း၊ အညှိုးအတေးများ ထပ်ဆင့်ကာ၊ ထစ်ခနဲရှိ ဓါးဆွဲ၊ တုတ်ဆွဲဖြင့် လူမိုက်၊ လူရမ်းကားတို့ လွှမ်းမိုးသည့် လူမှုပတ် ၀န်းကျင်တစ်ခု ဖြစ်ပေါ်လာဖို့ ရှိပေသည်။

‘အနည်းစု’ နှင့် ‘အများစု’ အပြန်အလှန်လေးစားအသိအမှတ်ပြု ခြင်းသည် ဒီမိုကရေစီဖြစ်သည်။

ဒီမိုကရေစီရေစီတွင် ကျွန်တော်တို့ အလိုက်သင့်မျောပါနိုင်ဖို့ အရေးကြီးသည်။ ဆတ်ဆတ်ထိမခံ၊ အကဲဆတ်လွန်းခြင်းသည် မပြည့်ဝရာ၊ မရင့်ကျက်ရာကိုပြသည်။ ကျွန်တော်တို့သည် ညွှတ်လွယ် ပြောင်းလွယ်ရှိရမည်။ ညှိလွယ်နှိုင်းလွယ်ရှိရမည်။ ကြွပ်ဆတ်မာကျော နေလျင်ကား ရေစီးထဲ နစ်မြုပ်ကျန်ရစ်ခဲ့မည်သာ။ တင်းနစ်ကစားပွဲပြီးလျင် ကစားသမားတို့ အပြန်အလှန်ပွေ့ဖက် နှစ်သိမ့်အားပေးကြ၏။ အနိုင်၊ အရှုံးကို အသိအမှတ်ပြုလက်ခံကြသည်။ စိတ်ထားရင့်ကျက်မှုကို ပြသည်။ အချို့က တင်းနစ်ရိုက်တံ (Racket) ကို ရိုက်ချိုးသည်။ ဒေါသတွေ ပေါက်ကွဲသည်။ ရှုံးရခြင်းကို လက်မခံ။ ဤသည်မှာ ဒီမိုကရေစီ မဆန်ခြင်းဖြစ်သည်။ ကျွန်တော်တို့ သင်္ဘောကြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောသောဒီမိုကရေစီဆိပ်ကမ်းသို့ ရောက်ရှိရေးမှာ ကျွန်တော်တို့၏ မာလိန်မှူးများ၊ သင်္ဘောသားများ၏ နားလည်ကျွမ်းဝင် ညီညွှတ်မှုပေါ်တွင် အဓိကမူတည်သည်။ မာလိန်မှူးနှင့် သင်္ဘောသားတို့ တစ်ယောက်တစ်ပေါက် မညီမညွတ်ဖြစ်နေကြလျင်၊ ပဋိပက္ခဖြစ်နေကြလျင် လိုရာခရီးမရောက်ဘဲ ကျွန်တော်တို့သင်္ဘောကြီး မုန်တိုင်းကျောက်ဆောင်များအကြား နစ်မြုပ်ဖို့ရှိ၏။

သင်္ဘောကြီးကျောက်နုတ်ဖို့ပြင်နေပြီ

မာလိန်မှူးကောင်းရပြီလား

မကြာမီလေသင့်တော့မည်

ရွက်ဖွင့်တော့မည်လား

အချင်းးချင်းးညီညီညွတွတ်ပ်ပါ။

လိုရာပြီးစီး၊ ထိုခရီး၊ လှိုင်းကြီးလေထန်ကင်းပါစေ။

ဦးကျော်ငြိမ်း (ရန်ကုန်)

၁/၇/၂၀၀၉

(မှတ်ချက်။   ။ The Voice Journal အတွဲ ၅ ၊ အမှတ် ၃၉ ပါ ဆရာဦးကျော်ငြိမ်းရေးသားတဲ့ “ကွဲလွဲမှုနှင့် ကျွန်တော်တို့ဝန်းကျင်ဆောင်းပါးကို ပြန်လည်ဖောပြထားခြင်းဖြစ်ပါသည်။ ပြန်လည်ကူးယူဖော်ပြသူများ အနေဖြင့် အံ့ဘုန်းမြတ်ဘလော့ခ်နှင့် The Voice Journal တို့မှ ကူးယူဖော်ပြသည်ဆိုတာကို ဖော်ပြပြီး လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။)

Advertisements

About ahuntphonemyat

Journalist.

Discussion

One thought on “ကွဲလွဲမှုနှင့် ကျွန်တော်တို့ဝန်းကျင်

  1. ဒီမိုကရေစီ ခရီးလျောက်ကြမည်ဆိုလျင် မိမိကိုယ်တွင်းဒီမိုကရေစီကို မိမိဘာသာ အရင်တည်ဆောက်ရမည်ဖြစ်ပေသည်။ သမာဓိရှိခြင်း၊ ရင့်ကျက်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ စိတ်ရှည်သည်းခံခြင်း အစရှိသော ဒီမိုကရေစီတရားများကို မိမိကိုယ်တွင်း ပထမဦးဆုံးတည်ဆောက်သင့်သည်။

    ဆိုတဲ့ ဆရာ့ရဲ့စာသားလေးကို ကြိုက်တယ်။

    ပြီးတော့ တင်းန်းနစ် ပြိုင်ပွဲအပြီးမှာ ထားကြတဲ့ ရင့်ကျက်တဲ့တင်းန်နစ်သမားတွေရဲ့ အပြုအမူတွေနဲ့ စိတ်ထားတွေကိုလည်းလေးစားမိတယ်။

    ဒီဆရာရေးတာတွေကတော့ အနှစ်တွေပါပဲ။
    ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။

    ကဲ့…ကိုယ်ကြိုက်တာတော့ ကိုယ်ရေးပြီးပြီ
    လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိတယ်လို့တော့ မပြောတော့ပါဘူး။း)

    Posted by ကျော်ညိုသွေး | August 2, 2009, 5:06 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: