အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

This category contains 36 posts

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ


အံ့ဘုန်းမြတ် ၇ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ Messenger News Journal ဂျာနယ်ကို စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတင်ပြခွင့်နဲ့ နောက်ဆုံးရသတင်းတွေ မျက်နှာဖုံးမှာ ဖော်ပြခွင့်တွေကို သီတင်းပတ်တခုထိ ပိတ်ပင်ပြီး အရေးယူလိုက်ပါတယ်။

စာပေစိစစ်ရေးက ဒီကနေ့မနက်ပိုင်းမှာ ဂျာနယ်တိုက်ကို ပိတ်ပင်ကြောင်း အကြောင်းကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ပြဋ္ဌာန်းတဲ့ ပုံနှိပ်ထုတ်ဝေရေး နည်းဥပဒေတွေနဲ့ ငြိစွန်းခဲ့တယ်ဆိုပြီး အရေးယူလိုက်တာလို့ Messenger ဂျာနယ်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။ Continue reading

Advertisements

ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စတင်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အံ့ဘုန်းမြတ် ၂၂ သြဂုတ် ၂၀၁၁ (ဒီဗွီဘီ)

နိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် လက်ရှိအစိုးရနဲ့ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် စတင်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ခုလိုပြောကြား တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“သူ့မှတ်ချက်က အားရကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ သူပြောပါတယ်။ အသေးစိတ် ဆွေးနွေးတဲ့အချက်တွေတော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။” Continue reading

ပြည်တော်ပြန်ရေး သမ္မတမိန့်ခွန်း နိုင်ငံရေးအင်အားစုများကြိုဆို


အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ပရောက်နိုင်ငံသားတွေ ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်တဲ့အပေါ် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်ကြပါတယ်။

ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်း​ရှင်း​စင်တာက စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တဲ့ သမ္မတမိန့်ခွန်းပါ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ကမ်းလှမ်းချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အပါအ၀င် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင် တွေက ကြိုဆိုလိုက်ကြတာဖြစ်ပါတယ်။

အဲ့ဒီထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက    “ဒီဥစ္စာက သတင်းကောင်းပါ။ ကျနော်တို့အနေနဲ့လည်း အဲဒီလိုပြောတယ်ဆိုရင် ကြိုဆိုပါတယ်။ အခုဖြစ်စဉ်တွေကို ဒီထက်တိုးတက်လာဖို့ကို ကျနော်တို့ မျှော်လင့်တယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး နိုင်ငံရေးမှာပါဝင်ခွင့်ပေးဖို့ လိုအပ်ကြောင်း အခုလို ပြောကြားပါတယ်။

    “ပထမဆုံးအခေါက်မှာကို ငြိမ်းချမ်းရေးသဘောတွေ ပြေလည်ရေး သဘောတွေ ပြောသွားတဲ့မိန့်ခွန်းတွေ ပြောသွားတာရှိတယ်။ အခုဒါကို ထပ်ပြောတယ်ဆိုတာတော့ ကျနော်တို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် နောက်ဆက်တွဲတွေက ထပ်ပြီးလွှတ်ပေးသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါမှလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို သွားတဲ့နေရာမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးပေါ်လာပြီး အားလုံးမျှတတဲ့ အနေအထားတရပ်ကို ရောက်အောင် သွားနိုင်ခွင့်တွေ ဖြစ်လာဖို့ အကြောင်းတွေ ဖြစ်လာတယ်လို့ပဲ မှန်းဆနိုင်တယ်ပေါ့။”

သမ္မတမိန့်ခွန်းကို နားထောင်ခဲ့ရတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေကလည်း

“သမ္မတကြီးကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်းကို အဓိက စဉ်းစားနေတယ်။ စဉ်းစားပြီးတော့ အပွင့်လင်းဆုံးပြောရင် သူက တခြားပြည်ပတွေနဲ့လည်း ပြေလည်အောင်လုပ်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကအစ သူ့အလိုအလျောက် ပြန်ရုပ်သိမ်းသွားအောင် လုပ်မယ့်သဘောရှိတယ်။ မြန်မာပြည်က စီးပွားရေးတိုးတက်အောင် သူကြိုးစားနေတဲ့ အနေအထားမျိုးရှိပါတယ်။ တံခါးကို တကယ်ဖွင့်မယ့် အနေအထားမျိုး။ ဘာလို့လည်းဆိုတော့ လေးလဆိုတဲ့ အချိန်ကာလက ဘာမှမရှိဘူး။ ဒီအပေါ်မှာ သူ့အနေနဲ့လည်း ပြောင်းလဲသင့်တာတွေ လျှော့ပေးသင့်တာတွေ၊ အခုလည်း မျက်မြင်ကိုယ်တွေ့ လျှော့နေတာ ပြောင်းလဲနေတာတွေ တွေ့ပြီဆိုတဲ့အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တနှစ်အတွင်းမှာတော့ အခြေအနေတွေ အများကြီးပြောင်းသွားမယ်။”

စီးပွားရေးနဲ့အတူ နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေကို ပြိုင်တူမြှင့်တင်သင့်တယ်လို့လည်း သမ္မတမိန့်ခွန်းအပေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ ဘုန်းဝင်းကလည်း အခုလို ပြောကြားထားပါတယ်။

“အဆုံးပိုင်းမှာပြောတာက သူက ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ်။ အခုလက်ရှိရှိနေတဲ့ အခွင့်အရေးတွေကို အရယူပြီး တယောက်နဲ့တယောက် အပြစ်မယူဘဲ နိုင်ငံကိုလည်း ရေခံမြေခံကောင်းပြီးသားဆိုတော့ တိုးတက်အောင်လုပ်မယ်ဆိုတော့ ဒါကတော့ ကောင်းတာပေါ့။ ဆိုလိုတာက တယောက်နဲ့တယောက် အပြစ်မတင်ဘူးဆိုတာက ကျနော်တို့ အရင်တုန်းကလို သတင်းစာထဲကနေ တယောက်နဲ့တယောက် ပုတ်ခတ်နေတာမရှိတော့ဘူး။ ပြီးတော့ အခွင့်အရေးကိုလည်း အရယူမယ်ဆိုတော့ အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတာကိုလည်း အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ သဘော၊ ဒီတခါကတော့ သူတို့က စီးပွားရေးကိစ္စကို အဓိကပြောတယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ အားလုံး စီးပွားရေးရော၊ လူမှုရေးရော၊ နိုင်ငံရေးရော အားလုံးမျှပြီးတော့ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

ဒီကနေ့ တွေ့ဆုံပွဲမှာတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) က အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့ အပါအ၀င် လူမှုရေး အသင်းအဖွဲ့တွေနဲ့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေက ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပြီး စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဖွဲချုပ်လူငယ်များ ထိုင်းနိုင်ငံဘန်ကောက် နိုင်ငံရေးသင်တန်းပြီးဆုံး


အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်လူငယ်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီလ ၇ ရက်နေ့ ၁၅ ရက်နေ့အထိ နိုင်ငံရေးသင်တန်းတခု တက်ရောက်ခဲ့ကြပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်တွေ ဖွဲ့စည်းထားတဲ့ ပညာရေးကွန်ရက်ရဲ့ အစီအစဉ်ပို့ချတဲ့ သင်တန်းမှာ အဖွဲ့ချုပ်လူငယ် ၁၄ ဦး တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီသင်တန်းအတွင်းမှာတော့ နိုင်ငံရေးသိပ္ပံပညာရပ်တွေအပြင် ထိုင်းလွှတ်တော်၊ နိုင်ငံရေးဝန်ကြီးဌာနနဲ့ နိုင်ငံရေးပါတီကိုပါ သွားရောက်လေ့လာခွင့် ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပြပါတယ်။

“သင်တန်းတက်ရောက်နေစဉ် ကာလမှာပဲ သူတို့ကို သင်တန်းပို့ချပေးတဲ့ ဆရာများနဲ့ အဲဒီ ပညာဒါန ပညာရှင်များရဲ့ စီစဉ်မှုနဲ့ ထိုင်းလွှတ်တော်ကို သွာရောက်လေ့လာခွင့် ရတယ်ဆိုတဲ့ အကြောင်း၊ အခုလက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က လက်ခံတွေ့ဆုံတဲ့အကြောင်း၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်တဲ့အကြောင်း။ နောက် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ကို သွားတော့ ပါတီရဲ့ ညွှန်ကြားရေးမှူးချုပ်က သူတို့ကို လက်ခံတွေ့ဆုံတဲ့အကြောင်း၊ နောက်တော့ သင်တန်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ  အတွေ့အကြုံတွေ ရှင်းပြပါတယ်။ ပြီးတော့ သင်တန်းနဲ့ပတ်တက်တဲ့ အကြံပြုချင်တာတွေလည်း ပြောပါတယ်။”

ဒါ့အပြင် သင်တန်းတက်လူငယ်တွေက နိုင်ငံရဲ့ ကွဲပြားခြားနားချက်တွေကို နှိုင်းယှဉ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စိတ်ဓာတ်တက်ကြွလာကြောင်းတွေကိုလည်း သင်တန်းတက်လူငယ်တွေက ပြောကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

“သူတို့ကတော့ ထိုင်းနိုင်ငံရောက်တဲ့အခါမှာ မြန်မာနိုင်ငံကိုလည်း ခောတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်တဲ့စိတ်ဆန္ဒတွေ တက်ကြွလာတဲ့အကြောင်း၊ ထိုင်းနိုင်ငံရေးတွေနဲ့ ပတ်သက်လို့ သူတို့အတော်အတန် တတ်နိုင်သလောက် လေ့လာနိုင်ခဲ့တဲ့အကြောင်း၊ ပြီးတော့ သင်တန်းမှာပို့ချတဲ့ ဘာသာရပ်တွေကလည်း နိုင်ငံကို အကျိုးပြုနိုင်တဲ့ ဘာသာရပ်ဖြစ်ကြောင်း၊ ဒါပေမယ့် အစဖြစ်ပေမယ့် ဒါထက်နက်နက်ရှိုင်းရှိုင်း ပိုပြီး လေ့လာသွားပြီး ကြိုးစားချင်စိတ်တွေ ရှိလာတဲ့အကြောင်း အဲဒါတွေ ပြောပါတယ်။”

အခုအဖွဲ့ဝင်တွေရဲ့ ပြည်ပသင်တန်းတက်ရောက်မှုဟာ ပါတီစတင်ထူထောင်ပြီး နှစ် ၂၀ ကျော်ကြာ ပထမဆုံးအနေနဲ့ တရားဝင် သွားရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ပါတီဝင်တွေ ဖွံ့ဖြိုးရေးအတွက် နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ သတင်းစာ သင်တန်းတွေကို ဆက်တိုက်လိုလို ပြုလုပ်နေပါတယ်။

ပဲခူးခရီးစဉ်နဲ့ပတ်သက်ပြီး ဒေသခံအာဏာပိုင်တွေနဲ့ လူထုကို ကျေးဇူးတင်ကြောင်း ဒေါ်စု ပြောကြား


အံ့ဘုန်းမြတ် (၁၅ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး ရန်ကုန်ပြင်ပ ပဲခူးမြို့သို့ ဒီလ ၁၄ ရက်နေ့က သွားရောက်ခဲ့တဲ့  နိုင်ငံရေးခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အဘက်ဘက်က ကူညီ ဆောင်ရွက်ပေးခဲ့သူတွေ အပါအ၀င် ဒေသခံအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအား အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ ထုတ်ပြန်ပြီး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ခုလို ပြောပြပါတယ်။

“ပဲခူးမြို့နှင့် သနပ်ပင်မြို့များသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်၊ သံဃာတော်များ၊ အနောက် ရွှေနံ့သာ ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား တွေ့ဆုံဖူးမြော်၍ မေတ္တာနှင့် သြ၀ါဒများကို ခံယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသူများအား လည်းကောင်း၊ လာရောက် အားပေးကြသော ပြည်သူလူထုအားလည်းကောင်း၊ ဒီမိုကရေစီ ကွန်ရက်များနှင့်၊ လူမှုကွန်ရက်များက အဖွဲ့ဝင်များအား လည်းကောင်း၊ အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသော ဒေသဆိုင်ရာ အာဏာပိုင်များအား လည်းကောင်း၊ လူမှုရေး အဖွဲ့အစည်းများအား လည်းကောင်း၊ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့များ အားလည်းကောင်း၊ တာဝန်ကျေပွန်စွာ စီစဉ်ဆောင်ရွက်ပေးသော အဖွဲ့ချုပ် အဖွဲ့ဝင်များအား လည်းကောင်း၊ အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲလိုမျိုး ကြေညာပါတယ်။”

ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူး ရွှေမော်ဓောဘုရားကို ၀င်ရောက် ဖူးမြော်ခဲ့သလို ဘုရားဝင်း တောင်ဘက်မုခ်မှာရှိတဲ့ သာသနာ့ မဏ္ဍိုင်ကျောင်းက ဆရာတော်ကြီး အပါအ၀င် ရဟန်း သံဃာတွေကို သင်္ကန်းဆက်ကပ် လှူဒါန်းတာတွေ ပြုလုပ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သနပ်ပင်မြို့နဲပဲခူးမြို့တွေမှာ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ကမ္ဘာက အဆင့်အတန်းရှိတဲ့ နိုင်ငံတခုအဖြစ် လက်ခံလာအောင် ၀ိုင်းဝန်းကြိုးစားကြဖို့နဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်လာဖို့အတွက် တိုက်တွန်းခဲ့သလို မြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေတချို့ကိုလည်း ပြည်သူလူထုကို ရှင်းလင်းပြောကြားခဲ့သလို ရေဘေးသင့် ပြည်သူတွေကိုလည်း အားပေးမှု ပြုလုပ်ခဲ့ပါတယ်။

Categories

%d bloggers like this: