ညီညွတ်သော ဒီမိုကရက်တစ်ပါတီ

This category contains 2 posts

တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးရေးလုပ်ဖို့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေ ပြောကြား


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်နဲ့ တိုင်း​ရင်း​သား ​လက်နက်ကိုင်အင်အား​စု​တွေကြား​ တိုက်ပွဲ​တွေ အမြန်ဆုံးရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့ဆုံ​ဆွေး​နွေး​ရေး​လုပ်ဖို့ ဒီမိုကရက်တစ် အင်အား​စု နိုင်ငံ​ရေး​ပါတီ (၁၁) ပါတီ ပူးပေါင်း​ဖွဲ့စည်း​ထား​တဲ့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ​တွေက​နေ ​မေတ္တာရပ်ခံ ​ပြောကြား​လိုက်ကြပါတယ်။

ဒီက​နေ့မှာ ထုတ်ပြန်တဲ့​ ဒီမိုက​ရေစီမိတ်​တွေပါတီ (၁၁) ပါတီရဲ့ ​ကြေညာချက်မှာ အခုလို ​ရေး​သား​ဖော်ပြ ​ပြောကြား​လာတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး​ မိတ်​ဆွေပါတီ (၁၁) ပါတီရဲ့ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦး​သု​ဝေက အခုလို​ပြောပါတယ်။

“တိုင်း​ရင်း​သား​နယ်စပ်​တွေမှာ တိုက်ပွဲ​တွေ အရှိန်နဲ့ ဖြစ်လာတာကို အင်မတန်မှဝမ်း​နည်း​တယ်။ မဖြစ်​စေချင်ပါဘူး​ဆိုတဲ့​ အကြောင်း​ကိုပဲ ​ပြောခဲ့​တာ။ အဲဒါ​ကြောင့်​မို့လို့ ကျ​နော်တို့ အား​လုံး​ညှိနှိုင်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ရ​အောင် လုပ်ကြပါဆိုတာကို တိုက်တွန်း​တာပါ။ သမ္မတကြီး​ပြောတဲ့​ မိန့်ခွန်း​ထဲမှာလည်း​ ပါတယ်။ အား​လုံး​ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့ ဖြစ်​စေချင်တယ်ဆိုတာ။ အဲတော့​ အစိုး​ရအသစ်အ​နေနဲ့ ဒီလိုငြိမ်း​ချမ်း​တဲ့​နည်း​ကို ​ပေး​ပြီး​တော့​မှ ဒါဟာတိုင်တိုင်ပင်ပင်နဲ့ လုပ်​စေချင်တာ​ပေါ့​။ အနှစ်ချုပ်​တော့​ အခုဟာက ကျ​နော်တို့ တိုက်တွန်း​တယ်ဆိုတာ အဘက်ဘက်က ဝိုင်း​ပြီး​တိုက်တွန်း​ပြီး​ပြောရမှာ​ပေါ့​။ အား​လုံး​ကောင်း​စေချင်တာကိုး​။”

ဒီလိုတိုက်တွန်း​ပြောကြား​တာ​တွေကို အစိုး​ရအ​နေနဲ့ အ​လေး​အနက်ထား​ဖို့ လိုတယ်လို့လည်း​ ဦး​သု​ဝေက ဆိုပါတယ်။

“ဒီလိုတိုက်ပွဲတွေ ဖြစ်​နေတာ​ကြောင့်​ တိုင်း​သူပြည်သား​လူထု​တွေ အများ​ကြီး​နစ်နာရတယ်။ အိုး​အိမ်​တွေဆုံး​ရှုံး​ရတယ်။ အဲဒါတွေ​ကြောင့်​ ဒါ​တွေက ပိုကျယ်ပြန့်သွား​မယ်ဆိုရင် မ​ကောင်း​ဘူး​ပေါ့​။ ဒါ​ကြောင့်​မို့လို့ အခုကတည်း​က​နေ ငြိမ်း​ချမ်း​ရေး​ရအောင် ကြိုးစား​ကြပါလို့ ​ပြောရတာ​ပါ။ ဒီလိုတိုက်တွန်း​တာ​တွေ များ​လာ​တော့​ အစိုး​ရက အ​ရေး​တယူ​တော့​ လုပ်လာရမှာ​ပေါ့​။ နက်နဲ​လာရမှာ​ပေါ့​။”

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ (၇) ရက် ​ရွေး​ကောက်ပွဲ​နေ့က​နေ စတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့ ​နောက်ဆုံး​ ကချင်ပြည်နယ်တွေမှာ မြန်မာ့​တပ်မ​တော်နဲ့ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့အစည်း​တွေကြား​ တိုက်ပွဲ​တွေ ဆက်တိုက်လိုလို ဖြစ်ပွား​လာတာနဲ့ ပတ်သက်ပြီး​ အတိုက်အခံနိုင်ငံ​ရေး​ အင်အား​စုအချို့​က​တော့​ အစိုး​ရသစ်ဟာ ငြိမ်း​ချမ်းရေး​ကို လိုလား​ဖွယ်မရှိတာကို ပေါ်လွင်စေစတယ်လို့ ​ ပြစ်တင်​ဝေဖန်မှု​တွေလည်း​ ရှိ​နေပါတယ်။

ဒီလ (၉) ရက်​နေ့က စတင်ပြီး​ ကချင်ပြည်နယ်တွင်း​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေကိုရပ်ဖို့ ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော် (ကေအိုင်အေ) က ဆန္ဒရှိ​နေ​ပေမယ့်​ ပြည်​ထောင်စုအစိုး​ရနဲ့ အမျိုး​သား​ကာကွယ်​ရေး​နှင့်​ လုံခြုံရေး​ကောင်စီတို့က တာဝန်ယူ ကမ်း​လှမ်း​လာတမျိုး​တော့​ မရှိ​သေး​ပါဘူး​။ လက်ရှိအ​ခြေအ​နေမှာ​တော့​ အဲ့​ဒီ​ဒေသ​တွေမှာ စစ်​ပြေး​ဒုက္ခသည် နှစ်​သောင်း​လောက်ရှိ​နေပြီ ဖြစ်ပါတယ်။

ဒီလို တိုင်း​ရင်း​သား​ဒေသ​တွေက တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး​ အစိုး​ရပိုင်မီဒီယာ​တွေမှာ ဝါဒဖြန့်ချိ​ရေး​သား​မှု အချို့သာရှိပေမယ့်​ သတင်း​ဂျာနယ်​တွေမှာ​တော့​ ဒီကိစ္စ​တွေနဲ့ပတ်သက်ပြီး​ စာ​ပေစိစစ်​ရေး​က တင်းတင်းကြပ်ကြပ်ထိန်း​ချုပ် ပိတ်ပင်ထား​ပါတယ်။

၁၁ ပါတီ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီဖွဲ့စည်း


အံ့ဘုန်းမြတ် ၆ ဇွန် ၂၀၁၁ (ဒီဗွီဘီ)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက ဒီမိုကရက်တစ် အင်အားစုနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၁ ပါတီ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီက မကြာခင်မှာကျင်းဖွယ်ရှိလာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းလုပ် ဆောင်နေကြပါတယ်။

ဒီလ ၂ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ ဒီကော်မတီကနေ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က အခုလို ပြောပြပါတယ်။

“နှစ်ရက်နေ့က ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မိတ်ဆွေပါတီများ ၁၁ ပါတီ အစည်းအဝေးလုပ်ပါတယ်။ အဲဒီ နှစ်ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုတာပေါ့။ ပြီးရင် ၁၀ ရက်နေ့မှာ ပထမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေး စမယ်။ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာကော်မတီ ကနေတော့ အရင်ရွေးကောက်ပွဲလို ကိုယ့်ဘက်က အားနည်းချက်တွေ မဖြစ်အောင်ရယ်၊ မထပ်အောင်ရယ်၊ မလပ်အောင်ရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲ မဲရုံကိုယ်စားလှယ်တွေ အပြည့်အ၀ရရေး၊ ပြီးတော့ ဒီမိုကရက်တစ်ပါတီတွေ တကယ်မဟာမိတ်လုပ်ပြီးတော့ ကျန်တဲ့ ကြံ့ခိုင်ရေးတို့ တစညတို့နဲ့ စီးချင်းထိုးနိုင်အောင်ပေါ့။”

ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီထဲမှာတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ၀ံသာနုအန်အယ်လ်ဒီနဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့ ပါဝင်ထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကနေ ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး နေ့ရက်အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးသလို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေရဲ့လစ် လပ်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်မြေတွေကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Categories

%d bloggers like this: