အနုပညာ

This category contains 79 posts

ဂျာနယ် ၁၀ စောင်ကျော် ခံဝန်လက်မှတ် ရေးထိုးရ


အံ့ဘုန်းမြတ် (၂၅ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ အပတ်စဉ်ထုတ်ဂျာနယ်တွေထဲက ၁၀ စောင်ထက် မနည်း စာပေစိစစ်ရေးမူဝါဒတွေကို ဖောက်ဖျက်ကျူးလွန်လို့ဆိုပြီး ခံဝန်လက်မှတ်တွေ ဒီတပတ်ထဲမှာ ဆက်တိုက်လိုလို ရေးထိုးခဲ့ကြရပါတယ်။

ဒီလဆန်းပိုင်းမှာ စာပေစိစစ်ရေးကနေ ပြောင်းလဲကျင့်သုံးလာတဲ့ စာပေစိစစ်ရေး ကင်းလွတ်ခွင့်မှာပါဝင်တဲ့ အုပ်စု (၁) အနုပညာ၊ အားကစား၊ နည်းပညာဂျာနယ်တွေ အပါအ၀င် စိစစ်ရေးကို တင်ပြနေရဆဲ အုပ်စု (၂) ၀င် သတင်းဂျာနယ်တွေပါ ခံဝန်လက်မှတ်တွေ ရေးထိုးနေရတာပါ။

အုပ်စု (၁) ၀င် ဂျာနယ်တွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ပြီး ခံဝန်လက်မှတ်တွေ ထိုးခဲ့ရတာနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို ၀င်ထွက်နေတဲ့ ဂျာနယ်အယ်ဒီတာတဦးက အခုလို ပြောပြပါတယ်။

“အုပ်စု ၁ က ဟာတွေပေါ့။ သူ့ဘာသာသူ ထုတ်ခွင့်ပြုထားတဲ့ ဂျာနယ်တွေ မော်ဒန်တိုင်းမ်၊ health care၊ soccer ရယ် ၆ စောင်တောင် မကဘူး။ အဲဒီနေ့တပြိုင်တည်း လက်မှတ်လာထိုးတာ က ၆ စောင်လောက်ရှိတယ်။ ကောင်မလေးစက်ဘီးရင်းနဲ့ ဖုန်းလေး ကိုင်ထားတဲ့ပုံမှာ စက်ကပ်တိုသွားလို့ဆိုပြီး တော့ပေါ့။ အဲဒါမျိုးတွေချည်းပဲပေါ့။”

ဒါ့အပြင် အရင်ခွင့်ပြုနေကျ ကြော်ငြာတွေကိုတောင် အခု မူဝါဒအသစ် စတင်ကျင့်သုံးပြီး နောက်ပိုင်း ခွင့်မပြုတာမျိုးတွေ ရှိတယ်လို့လည်း အခြားဂျာနယ် အယ်ဒီတာတဦးက ဆိုပြန်ပါတယ်။

“အရင်ကဆို တင်စရာမလိုတဲ့ ဦးပိုင်ကထုတ်တဲ့ မြန်မာဘီယာတို့ဘာတို့ပေါ့။ အဲဒါတွေပါ ခံဝန်ထိုးခိုင်းတာ။ အဲဒီမတိုင်ခင်ကတည်းကဆိုတော့ အခု ဗုံးသတင်းဆိုတော့ ပိုဆိုးတာပေါ့။”

ဒီလို ခံဝင်လက်မှတ်တွေ ရေးထိုးရတဲ့နေရာမှာ စိစစ်ရေးမှ မဖော်ပြဖို့ တားမြစ်ထားတဲ့ သတင်းတွေနဲ့ အကြောင်းအရာတွေကို ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်သိရှိကြောင်း လက်မှတ်ထိုးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နောက်တကြိမ် ထပ်မံဖော်ပြခဲ့မယ် ဆိုရင်တော့ စာပေစိစစ်ရေးဌာနရဲ့  စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်မူတွေအတိုင်း စပေါ်ငွေ ကျပ်ငွေသိန်းငါးဆယ်ကို  ဂျာနယ်တိုက်မှ စာပေစိစစ်ရေးသို့ ပေးသွင်းကြရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျူးလွန်လာတဲ့ စာနယ်ဇင်းတွေအနေနဲ့ စာပေစိစစ်ရေးရဲ့ ခုံရုံးဖွဲ့စစ်ဆေးတာကို ခံယူရမှာ ဖြစ်ကြောင်းကိုလည်း အသိထားပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီလ ၂၄ ရက်နေ့က နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့ ဗုံးပေါက်ကွဲမှုသတင်းတွေကို စာပေစိစစ်ရေးကင်းလွတ်ခွင့်ရတဲ့ ဂျာနယ်အချို့မှာ ဖော်ပြမှုတွေ ရှိခဲ့တာကြောင့် စာပေစိစစ်ရေးက အရေးယူမှုတွေ ထပ်မံ ပြုလုပ်ဖို့ရှိနေတယ်လို့ ရန်ကုန် စာနယ်ဇင်းလောကသားတွေက ပြောပြကြပါတယ်။

Advertisements

တင်ထုတ်မူဝါဒနဲ့ပတ်သက်ပြီး ရှင်းလင်းမှုမရှိတာတွေကိုဝေဖန်


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကစတင်ပြီး​ အမျိုး​အစား​အလိုက် စာနယ်ဇင်း​အချို့ စာ​ပေစိစစ်​ရေး​ကို တင်ပြစရာမလို​တော့​ပဲ ပုံနှိပ်ထုတ် ဝေခွင့်​မူဝါဒ​သစ်တွေကို စတင်ကျင့်​သုံး​မယ်လို့ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ​ကြေညာခဲ့​ပြီး​တဲ့​ ​နောက်ပိုင်း​ ဂျာနယ်အချို့လည်း​ ဒီမူဝါဒ​တွေနဲ့ အညီ ပုံနှိပ်ထုတ်​ဝေလာကြပြီ ဖြစ်ပါတယ်။

ဒီလိုထုတ်​ ဝေလာကြပြီဖြစ်​ပေမယ့်​လည်း​ မူဝါဒတွေနဲ့အတူ ကန့်သတ်လာတဲ့​ ပုံနှိပ်ထုတ်ဝေ​ရေး​ဆိုင်ရာ မူဝါဒ​တွေနဲ့ ပတ်သက်ပြီး​  ရှင်းလင်းမှု မရှိတဲ့အချက်​တွေကို ​ထောက်ပြ​ပြီး စာနယ်ဇင်း​လောကသား​တွေက ဝေဖန် ​ပြောဆိုလိုက် ကြတာလဲဖြစ်ပါတယ်။

ပြန်ကြား​ရေး​ ဝန်ကြီး​ဌာန ပုံနှိပ်၊​ ထုတ်​ဝေသူများ​ မှတ်ပုံတင်နဲ့ စာ​ပေစိစစ်ပြန့်ချိ​ရေး​လုပ်ငန်း​များ​ ကြီး​ကြပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်လာတဲ့​ ရှင်းလင်းမှု မရှိတဲ့ စာ​ပေစိစစ်​ရေး​မူဝါဒ​တွေနဲ့အတူ ​ပြောင်း​လဲကျင့်​သုံး​ဖို့ ထုတ်ပြန်လာတဲ့​ မူဝါဒ၊​ အမှာ​တွေနဲ့ ညွှန်ကြား​ချက်ပါ အချက်အလက်​တွေကို ​ထောက်ပြ ​ဝေဖန်လိုက်ကြတာလည်း​ဖြစ်ပါတယ်။

အဲ့​ဒီထဲက စာ​ပေစိစစ်​ရေး​မူ (၁၂) ချက်နဲ့ အ​သေး​စိတ်ရမယ့်​ အချက် (၁၆) ​ ချက်တွေအပြင် စာ​ပေစိစစ်​ရေး​အ​နေနဲ့​ ဘယ်လိုအခန်း​ကဏ္ဍက ​နေမယ်ဆိုတာ အ​ရေး​ကြီး​တယ်လို့ အယ်ဒီတာတဦး​က ဆိုပါတယ်။

“တိုင်း​ ပြည်ရဲ့လုံခြုံရေး​နဲ့ ပတ်သက်တာ၊​ ကာကွယ်​ရေး​နဲ့ပတ်သက်တာ၊​ တိုင်း​ရင်သား​ စည်း​လုံးညီညွတ်မှု ပြိုကွဲတာ အဲဒါ​တွေနဲ့ ပတ်သက်တဲ့​ဟာက​တော့​ စိစစ်​ရေး​က ချတဲ့​ သူတို့မူ​ပေါ့​။ အဲ့ဒီလို သူတို့​ မူချထား​တယ် ဒါ​တော့​ မ​ကျော်နဲ့ အဲဒါဆိုလို့​ရှိရင်​တော့​ ဒါက​တော့​ မီဒီယာနဲ့ စိစစ်​ရေး​နဲ့ ပြဿနာ​ပေါ့​နော်။ ဌာနဆိုင်ရာ တခုခုနဲ့ ဖြစ်မယ်။ ​နောက် ပုဂ္ဂိုလ်​ရေး​အရ တခုခုနဲ့ ဖြစ်မယ်ဆိုလို့ရှိရင် အဲ့ဒီဖြစ်စဉ်မှာ ဖြစ်တဲ့​ဟာကို စိစစ်​ရေး​က သိန်း​ ၅၀ ထဲက​နေ ထုတ်ပြီး​တော့​ သူက ဖိုင်းကောက်ဦး​မှာလား​ မ​ကောက်ဘူး​လား​ဆိုတာ အဲဒါလည်း​ မရှင်း​ဘူး​။ မီဒီယာဘက်က မှန်​နေတယ် ဌာနဆိုင်ရာက မှားနေတယ် ပုဂ္ဂိုလ်​ရေး​ဘက်က မှား​နေတယ် ဆိုလို့ရှိရင်​ကော စာ​ပေစိစစ်​ရေး​အ​နေနဲ့က ဒီသတင်း​ကို ​ဖော်ပြလို့ ဆိုပြီး​တော့​ မီဒီယာကို အ​ရေး​ယူဦး​မှာလား​။ အ​ရေး​မယူဘဲနဲ့ ဌာနဆိုင်ရာနဲ့ ကိုယ့်​ဟာကိုယ် ရှင်း​ဆိုတဲ့​ပုံစံ လွှတ်​ပေး​မှာလား​ဆိုတာလည်း​ မရှင်း​ဘူး​။ အနုပညာဆိုလို့ရှိရင်လည်း​ အဲဒီလိုပဲ ထက်ထက်မိုး​ဦး​ကိစ္စနဲ့ ပတ်သက်ပြီး​တော့​ရေး​တယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး​ စိစစ်​ရေး​က ဘယ်လိုဝင်မှာလဲ။ ထက်ထက်မိုး​ဦး​ဘက်က ရပ်မှာလား​။ မီဒီယာဘက်က ရပ်မှာလား​။ သူက ကြား​ထဲက ဝင်ပြီး​ မီဒီယာကို သူက ဖိုင်း​ကောက်မှာလား​။ အဲဒီလို ပြဿနာမျိုး​တွေက အများ​ကြီး​ရှိတာ​ပေါ့​။”

ဒါ့​အပြင် ထုတ်ပြန်ထား​တဲ့​ ညွှန်ကြား​ချက်အမှတ် (၄၇) ပါ စိစစ်​ရေး​အဖွဲ့များ​ ဖွဲ့စည်း​ခြင်း​ အခန်း​ ပုဒ်မ (၁) မှာ ပါဝင်တဲ့​ အခုစိစစ်​ရေး​ ကင်း​လွတ်ခွင့်​ရတဲ့​ ဂျာနယ်၊​ မဂ္ဂဇင်း​၊​ စာ​စောင်နဲ့ အ​ထွေ​ထွေစာမူ​တွေကို စိစစ်​ရေး​ရမယ့်​အဖွဲ့မှာ စာ​ပေစိစစ်​ရေး​ဝန်ထမ်း​တွေအပြင် မြန်မာနိုင်ငံစာ​ပေနှင့်​ စာနယ်ဇင်း​အဖွဲ့ရဲ့ ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့ဝင်​တွေပါဝင်ရမယ်ဆိုတဲ့​ အချက်အ​ပေါ်ကိုလည်း​ သူက အခုလို ​ဝေဖန်​ပြောဆိုပါတယ်။

“ဗဟိုအလုပ်အမှုဆောင်တွေထဲက ဘယ်သူ​တွေပါမယ် ဆိုတာက​တော့​ သူတို့က တရား​ဝင် မ​ပြော​သေး​ဘူး​ပေါ့​နော်။ ပါမယ် စိစစ်မယ်ဆိုတဲ့​ကိစ္စ ​တော်​တော်​တော့​ ပြဿနာ ရှိတယ်ခင်ဗျ။ ဂျာနယ် လက်ကိုင်ရှိထား​တဲ့​ လူ​တွေကို​တော့​ ​ပေး​ပါမယ်လို့တော့​ ကျ​နော်​တော့​ မထင်ဘူး​။ တကယ်လို့သာ သူတို့ကိုယ်တိုင် ဒီထဲမှာ ဝင်ပါမယ်ဆိုလို့​ရှိရင် ဒါက​တော့​ ပြဿနာ ရှိနိုင်တာ​ပေါ့​နော်။ ပြဿနာ ရှိနိုင်တယ်ဆိုတာက သူ့ဂျာနယ်ဆို သူ ဘယ်လိုလုပ်မှာလဲ။ ကိုယ်ဂျာနယ်ဆို ဘယ်လိုလုပ်မှာလဲ ဆိုတဲ့​ ပြဿနာ​တွေ ရှိလာနိုင်တာ​ပေါ့​။”

လက်ရှိအ​ခြေအ​နေမှာ​တော့​ စိစစ်​ရေး​ကင်း​လွတ်ခွင့်​ရတဲ့​ အမျိုး​အစား​အလိုက် ထုတ်တင်အနုပညာဂျာနယ် အချို့ စတင် ထွက်ရှိ​နေပြီဖြစ်ပြီး​ အာမခံ​ငွေ ကျပ်​ငွေ သိန်း​ ၅၀ တင်သွင်း​ရမှာကို စိုး​ရိမ်စိတ်နဲ့​ သတိကြီး​ကြီး​ထား​ လုပ်​ဆောင်​နေရပုံ အနုပညာဂျာနယ် အယ်ဒီတာတဦး​ ပြောပြတာကတော့

“အခု ​လော​လောဆယ်မှာ​တော့​ အား​လုံး​က စ​ပေါ် သိန်း​ ၅၀ တင်ရမယ် ဆိုတဲ့​အခါကျ​တော့​ အဲဒီ​ကောင်ကြောင့် နည်း​နည်း​လေး​ သတိထား​ပြီး​ လုပ်​နေပုံရတယ်။ ​နောက်ချက်က စိစစ်တာက​တော့​ ကိုယ့်​စာမျက်နှာ​ပေါ်မှာ​တော့​ ကိုယ့်​တိုက်က ကိုယ့်ဟာကို ထူး​ထူး​ခြား​ခြား​ လုပ်ပြီး​တော့​ အရင်ကထက် ပိုပြီး​ ဂရုစိုက်ပြီး​တော့​ စိစစ်တာ​လေး​တွေ​တော့​ ရှိတယ်။ ဖြစ်တယ်ဆိုရင် ဒီက ပိုက်ဆံ​ပေး​ရမှာဆိုတဲ့​ အခါကျ​တော့​ အဲဒီအ​ပေါ်မှာ နည်း​နည်း​လေး​ပိုပြီး​ အရင်ကထက်စာရင် ပိုသတိထား​လာတယ်။ ကျန်တာ​တော့​ သိပ်ထူး​ထူး​ခြား​ခြား​တော့​ ဘာမှ မရှိပါဘူး​။”

ဒီလိုစိစစ်​ရေး​မူဝါဒ အ​ပြောင်း​အလဲ​ကြောင့်​ ရုံး​လုပ်ငန်း​အချို့မှာ သက်သာသွား​တာ​တွေရှိတယ်လို့လည်း​ သူက ဆက်ပြောပါတယ်။

“​တော်​တော်သက်သာသွား​တယ်။ ရုံး​ကနား​ ​ပြေး​ရပြုရတဲ့​ ကိစ္စ​ရော၊​ အချိန်​ရော၊​ အဲဒီ ဝန်ထမ်း​ကိစ္စ​ရော၊​ ဘာ​ရောညာ​ရောက တော်​တော်သက်သာသွား​တယ်။ အရင်တုန်း​ကလို​ပေါ့​ ရုံး​တင်ရက် ဘာညာဆိုရင်ပြီး​ ထုတ်စရာ မလို​တော့​ဘူး​။ သ​ဘောက ကိုယ့်​တိုင်ပင်နဲ့ ကိုယ့်​ဟာကိုယ် ထွက်ဖို့ပဲလိုတာ​လေ။ ထုတ်ချင်တဲ့​ရက်မှာ ထွက်နိုင်တဲ့​ အ​နေအထား​တခု ​ရောက်​အောင်ပဲ စဉ်း​စား​ပြီး​ ထုတ်လိုက်ကြ​တော့​တယ်။ အချိန်ကို limit ​လေး​ လုပ်ထား​ပြီး​တော့​ လုပ်နေရတာပေါ့။ အရင်တုန်း​ကဆိုလို့​ရှိရင်​တော့​ ဘယ်​နေ့ကို ​နောက်ဆက်တွဲ တင်ရမယ်။ ဘယ်​နေ့ကို ရုံး​က အပြီး​တင်ရမယ်ဆိုတဲ့​ဟာမျိုး​တွေ ရှိတာကိုး​။ အခုကျ​တော့​ ကိုယ့်​ဟာကိုယ်ပဲ ​ဖောင်ပိတ်မယ်။ ဘယ်​နေ့ပိတ်မယ် ဆိုတဲ့​ဟာ​လေး​ လုပ်ပြီး​ လုပ်နေကြတာပါပဲ။”

အခုစိစစ်​ရေး​ ကင်း​လွတ်ခွင့်​ မူဝါဒထဲမှာ​တော့​ အနုပညာ၊​ ကျန်း​မာ​ရေး​၊​ က​လေး၊​ နည်း​ပညာနဲ့ အား​ကစား​အမျိုး​အစား​ ဂျာနယ် (၈၂) ​စောင်၊​ မဂ္ဂဇင်း​ (၉၆) ​စောင်အပါအဝင် ဒီအမျိုး​အစား​တွေနဲ့ အကျုံး​ဝင်တဲ့​ အ​ထွေ​ထွေစာမူ​တွေနဲ့အတူ ပုံပြင်၊​ ရုပ်ပြ၊​ ထီ​ပေါက်စဉ်တွေ ပါဝင်ထား​ပါတယ်။

စီစစ်ရေးကင်းလွတ်ခွင့် စာနယ်ဇင်းလောကသားများ သတိနဲ့ကြိုဆို


အံ့ဘုန်းမြတ် (၈ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ဒီကနေ့မှာပဲ တရားဝင်စတင်ကြေညာလိုက်တဲ့ အမျိုးအစားတွေလိုက် စာပေစီစစ်ရေးကို တင်စရာမလိုတော့တဲ့ မူဝါဒတွေနဲ့အတူ အာမခံငွေအဖြစ် ကျပ်သိန်း ၅၀ တင်ဆောင်ရမယ့်ကိစ္စတွေ၊ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတွေမှာ ဘ၀မကျနိုင်တဲ့ အချက်အလက်အချို့ ပါဝါနေတာကြောင့် စာနယ်ဇင်း လောကသားတွေ သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။ အဲ့ဒီထဲက သတင်းဂျာနယ်တစ်စောင်ရဲ့ တာဝန်ခံအယ်ဒီတာ တစ်ဦးရဲ့ အမြင်ကတော့

“ကျနော့်အမြင်ကတော့ ကိုယ်ရေးတဲ့ဟာတွေ ကိုယ်တာဝန်ခံရမယ်၊ ပြီးတော့မှ ရေးတဲ့ဟာက ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမယ်ဆိုတဲ့ဟာကျတော့ ကျနော်တို့ သဘောကျတယ်။ လွတ်လွတ်လပ်လပ်လည်း ရေးချင်တာပေါ့။ ဒါပေမယ့်အခု သူတို့ရှင်းပြသွားတဲ့ထဲမှာ တရားရုံးက ၂ခုလို ဖြစ်နေတယ်။ ပထမ တရားရုံးကတော့ စာပေစိစစ်ရေးက ကိုင်တွယ်တဲ့ တရားရုံးတခု၊ အဲဒီတရားရုံးက ပထမပြဿနာ တခုပေါ်ရင် သူတို့ဆုံးဖြတ်မယ်။ ၂ ဖက်တော့ ကြားနာခွင့်ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်မှာက သူတို့ဆုံးဖြတ်မှာပါ။ ဆုံးဖြတ်တယ်ဆိုတဲ့အခါကျတော့ စစ်ဆေးတာလည်း သူတို့ပဲ၊ ဆုံးဖြတ်တာလည်း သူတို့ပဲဆိုတော့ ညှာတာမှု ရှိ မရှိကတော့ မပြောနိုင်ဘူးပေါ့။ အဲတော့ ဥပမာ – ပထမတကြိမ် ပြဿနာပေါ်တယ်၊ သူတို့ကလည်း ဆုံးဖြတ်လိုက်တယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်ဆိုရင် စပေါ်ငွေ သိန်း (၅၀) တင်ရမယ်။ ဒုတိယအဆင့်ဆိုရင် အပြစ်ရှိကြောင်း ထပ်ဆုံးဖြတ်တယ်ဆိုရင် ငွေဘယ်လောက်ကို ဒဏ်ကြေးအဖြစ် သတ်မှတ်မယ် ဆိုတာကို အဲဒီအချိန်မှာ သတ်မှတ်မှာလေ။ အဲဒါက တရားရုံးရဲ့ အဆုံးအဖြတ်မဟုတ်ဘူး။ ပြီးတော့မှ ဒီလိုမျိုးလုပ်လို့ ဒီတခုတဲနဲ့ ပြီးသွားလားလို့ဆိုတော့ မပြီးဘူး။ တချို့သောကိစ္စတွေဆိုရင် တရားရုံးမှာ အဆုံးအဖြတ် ခံယူရမှာလည်း ရှိသေးတယ်။ တရားရုံးဆိုတာ ရှိနေလျက်နဲ့ ဒီဟာကြီးတခုက ဘာလို့ရှိနေလည်းဆိုတာတော့ ကျနော့်တဦးချင်းအနေနဲ့ နားမလည်ဘူး။”

ဝါရင့် စာနယ်ဇင်းဆရာတစ်ဦးဖြစ်တဲ့  လျှပ်တပြက်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ကလည်း အခုလို တွေ့ကြုံလာနိုင်တဲ့ အခြေအနေ တွေကိုအခုလို ပြောပြပြန်ပါတယ်။

“ထစ်ခနဲဆို စာပေစိစစ်ရေးကို တိုင်တာတို့ ၀န်ကြီးကိုတိုင်တာတို့ ဘာတို့ လုပ်လို့မရတော့ဘူး။ လုပ်လို့မရတော့ ရုံးကနေ စာပို့တာတို့ တရားစွဲတာတို့ ဖြစ်လာတော့မှာပေါ့။ အယ်ဒီတာမှာပဲ အရည်အချင်းရှိဖို့ လိုတယ်။ အရည်အချင်းမရှိရင်တော့ ခံရမှာပဲ။ အရင်က ပုလိပ်နည်းပါပဲ။ ဟိုတုန်းက ရှိခဲ့ဘူးတယ်။ ဒါဆို စပေါ်ငွေတင်ပေါ့။  အဲဒီထဲကနေ ဒဏ်ရိုက်သွားမယ်။ ဖြတ်သွားမယ်။ အဲဒီထဲက လျော့သွားရင် ပြန်ဖြည့်၊ အလကားနေရင်း မြှုပ်နှံထားရမှာလေ။ အဲတော့ ဘယ်ထုတ်လုပ်သူက ဒါကိုမြှုပ်နှံမလည်း။ ဘယ်ပုံနှိပ်သူက ပေးမလည်း။ အဲ့ဒါ ပြဿနာရှိတယ်လေ။ ပုံနှိပ်သူက ပြဿနာဖြစ်နိုင်လို့ ငြင်းဆန်ရင် ဘယ်လိုလုပ်မလည်း။ သူကလည်း ဖြစ်ရင် ချိတ်ပိတ်ခံရမှာကို။ သူလည်း ၀င်ပါရင် ဒဏ်ခံရမှာပေါ့။ အဲတော့ အယ်ဒီတာနဲ့ ထုတ်လုပ်သူနဲ့ ပုံနှိပ်သူတွေက အယ်ဒီတာတွေကို ၀င်ကြပ်ပေးတဲ့ ပြဿနာတွေကလည်း ပေါ်လာမှာပဲ။ ဥပဒေပညာရှင်ဆိုတာကလည်း ဘယ်သူနာမည်တတ်လိုက်မယ်နော်ဆိုပြီး လုပ်လို့မရတော့ဘူး။ အစအဆုံး ပြန်ဖတ်ရမယ်။ ဒါတွေကတော့ ညိနိုင်တယ်။ ဖြုတ်သင့်တယ်ဆိုတဲ့ အကြံပေးနိုင်တဲ့ ပညာရှင် ဖြစ်ဖို့လိုတယ်။ အဲတော့ မီဒီယာကြီးတွေမှာတော့ ဒီဥပဒေပညာရှင်ဆိုတာ ရှိသင့်တယ်။”

လျှပ်တပြက်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ပြောကြားခဲ့တာပါ။ အနုပညာမဂ္ဂဇင်းတစ်စောင်ရဲ့ တာဝန်ခံအယ်ဒီတာ တစ်ဦးကလည်း

“အမတို့အတွက်တော့ စာပေစိစစ်ရေးမတင်ရဘူးဆိုရင်တော့ ပိုပြီးအာရုံစိုက်ရတော့မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာ၊ ကိုယ့်တာဝန်ယူရမှာလေ။ အရင်တုန်းကတော့ တခုခုဆိုရင် ထုချေလွှာတင်တာတို့ တောင်းပန်တာတို့။ ၀န်ခံဂတိသွားထိုးတာမျိုးတို့ကတော့ အဆင်ပြေတာပေါ့။ အခုကျတော့ ဖြစ်တယ်ဆိုရင် ဥပဒေနဲ့လည်း ရင်ဆိုင်ကြရမှာလေ။ ဒဏ်ကြေးဆိုလည်း ဒဏ်ကြေး။ ဒဏ်ကြေးနဲ့ မရရင် ဥပဒေနဲ့ ရှင်းရတော့မှာ။ အဲလိုဖြစ်နေတာ။ ခေါင်းတော့ပိုစားတော့မယ် ထင်တယ်။ ဥပဒေနဲ့ ပတ်သက်တဲ့လူက လိုသွားပြီ။ အဲတော့ အခုမူကတော့ အရင်လိုပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အတိုအပြတ်တွေ လူမှုရေးဖောက်ဖျက်တဲ့ ၀တ်စားဆင်ယင်မှုတွေ မရဘူး။ အဲဒါကို ဖောက်ဖျက်ရင်လည်း ကိုယ်ထည့်တဲ့ပုံ၊ ကိုယ်ထဲ့တဲ့စာအတွက်က ကိုယ်ကတာဝန်ယူရမှာ။ အတိုအပြတ်ရတယ်လို့ ဖွင့်ပေးလိုက်တာမဟုတ်ဘူး။ ကျန်တဲ့မူဝါဒက အရင်အတိုင်းပဲ။ အခုပိုဆိုးသွားတာက ကိုယ်လုပ်ရင် ကိုယ်တာဝန်ယူရမယ်။”

အနုပညာမဂ္ဂဇင်းတစ်စောင်ရဲ့ တာဝန်ခံအယ်ဒီတာ တစ်ဦးပြောခဲ့တာပါ။ ရန်ကုန်တိုင်းမ်နဲ့ ဖလားဝါးနယူး ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးကိုကို (စက်မှုတက္ကသိုလ်) ကလည်း

“စာပေမူဝါဒတွေကို လျော့ပေါ့လိုက်တဲ့ကိစ္စကတော့ အပြုသဘောဆောင်တဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့ လိုလားတဲ့ ဟာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုဆိုပါတယ်။ သို့သော် လုပ်ငန်းတွေက အခုဇွန်လ ၁၀ရက်နေ့မှာ စတင်မှာဆိုတော့ ကျနော်တို့ သိထားဖို့ကတော့ မျှော်လင့်ထားသလို ချောချောမွေ့မွေ့ ရာနှုန်းပြည့် ချောမွေ့စွာ လျှောက်လှမ်းရမယ်လို့ ကြိုတင်ယူဆထားရင်တော့ မှားလိမ့်မယ်။ အခုအသစ်အဆန်းတခု အနေနဲ့ စတင်လုပ်မယ် ဆိုတာကြောင့် အခက်အခဲလေးတွေက အနည်းနဲ့အများ ရှိလာနိုင်တယ်။ အဲဒါတွေကိုတော့ ကျော်လွှားသွားဖို့ လိုပါတယ်။ ဒီမူဝါဒတွေ ထွက်လာတဲ့အခါမှာ ခုနပြောတဲ့ စိုးရိမ်စိတ်တွေလည်း ရှိတယ်။ ပြဿနာတွေ တက်မလား၊ တရားစွဲခံရမလား၊ အဲတော့ ကျနော်တို့က တခုခုဖြစ်ချင်ရင် တခုတော့စွန့်လွှတ်ရမယ်။ ကျနော်တို့က ဒါကိုလိုချင်တာကို။ ဒါတွေကိုလိုချင်ရင်တော့ သတ္တိရှိရှိ ဖြတ်သန်းသွားရမှာပဲ။ မဖြတ်သန်းရဲရင်တော့ ရမှာမဟုတ်ဘူး။ လွတ်လပ်ခွင့်ကို သွားမယ်ဆိုရင် လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှုတွေကို ကျနော်တို့ ခုနပြောတဲ့ တရားတဘောင်ကိစ္စတွေကို ကျနော်တို့ ကြုံလာနိုင်တာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြတ်သန်းရတာပဲ။ ဖြတ်သန်းရင် ပြဿနာမရှိဘူး။ အသစ်အဆန်း ဖြစ်တဲ့အတွက် စလာလာချင်းမှာ စိတ်ပူပန်မှုနဲ့ တာဝန်ဆိုတာကြီးက ကိုယ့်အတွက် ဖိစီးနေတာပေါ့။ ဒါပေမယ့် အတွေ့အကြုံများလာရင် အချိန်ကြာလာတာနဲ့အမျှ တာဝန်ဆိုတာတော့ရှိမယ်။ သို့သော် အဲဒီတာဝန်က ကိုယ့်အပေါ်မှာ ဖိစီးမှုနဲ့ အဲဒီတာဝန်တွေက တဖြေးဖြေးတော့  ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်သွားနိုင်လိမ့်မယ်။ အဲတော့ ကျနော်မြင်တာက လွတ်လပ်ခွင့်ကို စရတဲ့အတွက်ကို အပြုသဘောလေး ကောင်းတဲ့သဘောလေး မြင်ပြီးတော့ သတ္တိရှိရှိ တာဝန်သိသိနဲ့ ဖြတ်သန်းလိုက်ရင် အဆင်ပြေသွားမှာပါ။”

အခုလို စာပေစီစစ်ရေးတင်ပြစရာမလိုတော့ပဲ ထုတ်ဝေခွင့်ရရှိမယ့် စာနယ်ဇင်းတွေထဲမှတော့ ဂျာနယ်တွေထဲက ၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင် ပါဝင်လာမှာ ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ သမ္မတသစ်ဖြစ်လာတဲ့ ဦးသိန်စိန်က သူ့ရဲ့မိန့်ခွန်းတွေထဲမှာ တိုင်းပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း တွေကို အလေးထားဖို့ ထည့်သွင်းပြောကြားထားပေမယ့် အစိုးရသစ်ရဲ့ အုပ်ရေးစနစ်အပြောင်းအလဲတွေထဲမှာ အခြားဝန်ကြီးဌာနတွေထက် ပြောင်းလဲမှုအား အနည်းဆုံးအဖြစ် ပြန့်ကြားရေးဝန်ကြီးဌာနကို ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာအပြီး အခုလို မူဝါဒတွေကို ပြောင်းလဲလာတာ ဖြစ်ပါတယ်။

အမျိုးအစားအလိုက် စာပေကင်းလွတ်ခွင့် အာမခံငွေဖြင့် စတင်ခွင့်ပြု


အံ့ဘုန်းမြတ် (၈ ဇွန်၂၀၁၁) (ဒီဗွီဘီ)

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ စာပေစိစစ်မူဝါဒတွေကနေ အမျိုးအစားတွေအလိုက် စာပေကင်းလွတ်ခွင့်တွေကို ဒီလ ၁၀ ရက်နေ့ကနေ စတင် ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒီလိုခွင့်ပြုတဲ့အခါမှာလည်း ပြစ်မှုတစုံတရာ ကျူးလွန်တဲ့အချိန်ကနေ စတင်ပြီး အာမခံငွေတင်ပြကြရမှာ ဖြစ်ပါတယ်။

အုပ်စု (၁) နဲ့ အုပ်စု (၂) လို့ စာပေစိစစ်ရေးက ခွဲခြားသတ်မှတ် ထားတဲ့ စာနယ်ဇင်းအမျိုးအစားတွေ ထဲက အုပ်စု (၁) ထဲက အနုပညာ၊ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာအမျိုးအစား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ စာစောင် စာပေစိစစ်ရေးတင်စရာ မလိုတော့ဘဲ ပုံနှိပ်ထုတ်ဝေခွင့် ရရှိလာကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းက ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ် ငန်းရုံးချုပ် အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ “စိစစ်ရေးမူဝါများ ပြောင်းလဲ ကျင့်သုံးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားမယ့် ညှိနှိုင်းအစည်းအဝေး” မှာ ပြန့်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက တရားဝင် ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးကိုကို (စက်မှုတက္ကသိုလ်) က အခုလို ပြောပြပါတယ်။

“အုပ်စုတစ်ပါ ဂျာနယ်မဂ္ဂဇင်းများနဲ့ အထွေထွေ စာပေတွေကို လာမယ့်ဇွန်လ ၁၀ ရက်နေ့ သောကြာနေ့မှာ စတင်ပြီးတော့ မူသစ်နဲ့ စာပေစိစစ်ရေးကို စာမူများ ကြိုတင်စရာမလိုဘဲ တိုက်ရိုက် တည်းဖြတ်ပုံနှိပ်ထုတ်ဝေခွင့် ပြုလိုက်ပြီဆိုတာကို သူတို့ကြေညာတာပါ။ အုပ်စုတစ်ပါတဲ့ ဂျာနယ်၊ မဂ္ဂဇင်း အထွေထွေ စာမူတွေကတော့ အနုပညာ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာ၊ အားကစားကဏ္ဍများနဲ့ အကျုံးဝင်တဲ့ စာမူတွေပါတယ်။ ထို့အပြင် ပုံပြင်စာမူတွေပါတယ်။ ရုပ်ပြစာမူတွေပါတယ်။ ထီပေါက်စဉ်တွေပါတယ်။ အခုကျနော်တို့ ပြောတဲ့ဟာတွေအားလုံး ဇွန်လ ၁၀ ရက်နေ့ကနေစပြီးတော့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို တင်စရာမလိုဘဲနဲ့ ထုတ်ဝေခွင့်ရသွားပါတယ်။”

ဒီလို စိစစ်ရေးကင်းလွတ်ခွင့်ထဲမှာတော့ လက်ရှိထုတ်ဝေနေတဲ့ ဂျာနယ်တွေထဲက ၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင်ပါဝင်လာမှာဖြစ်ပါတယ်။ ဒီ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်နဲ့ အထွေထွေစာမူတွေအနေနဲ့ စာပေစိစစ်ရေး တင်ပြစရာမလိုဘဲ ထုတ်ဝေခွင့်ရရှိကြမယ်ဆိုပေမယ့်လည်း ပြစ်မှုတစုံတရာကို စတင်ကျုးလွန်တဲ့ အချိန်ကနေ စတင်ပြီး အာမခံငွေအဖြစ် ကျပ်ငွေ သိန်း ၅၀ ဆီ တင်ကြရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ပါဝင်နေပါတယ်။

ဒီအကြောင်းကိုလည်း ဦးကိုကို (စက်မှုတက္ကသိုလ်) က အခုလိုပြောပါတယ်။

“လွတ်လပ်စွာ ထုတ်ဝေခွင့်ရတဲ့ဟာတွေက အကယ်၍များ တစုံတခု တိုင်တန်းမှု မရှိမချင်း ကြိုက်တာထုတ် ပြဿနာမလုပ်ဘူး။ တိုင်တန်းမှုတွေများ ရှိလာမယ်ဆိုရင် ဒီတိုင်တန်းမှုကြောင့် ဆုံးဖြတ်ပြီးတော့ သူဟာအာမခံငွေတင်ရန် လိုအပ်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ဆုံးဖြတ်တဲ့အခါကျရင် အဲဒီလူက အာမခံငွေသိန်း(၅၀)တင်ရမယ်။ နောက်ဒုတိယအကြိမ် ထပ်မံကျူးလွန်တဲ့ အချိန်ကျမှ အဲဒီ သိန်း(၅၀)ထဲက ထပ်မံဆုံးဖြတ်ပြီးတော့ အာမခံငွေထဲက ဘယ်လောက် နုတ်ယူသင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ နှုတ်ယူမှာဖြစ်ပါတယ်။ ပထမတကြိမ် တိုင်တန်းရုံနဲ့တင် မဟုတ်ဘူး။ တိုင်တန်းပြီးလို့ အဖွဲ့ကနေ အာမခံငွေ တင်ရန်လိုအပ်တယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ အာမခံငွေ သိန်း ၅၀ တင်ရမယ်လို့ ပြောပါတယ်။”

ဒါအပြင် စာပေစိစစ်ရေး ကင်းခွင့်ရမယ့် စာနယ်ဇင်းတွေအနေနဲ့ လိုက်နာရမယ့် စည်ကမ်းသက်မှတ်ချက် (၁၂) ချက်ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပုံနိုပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ စာပေစိစစ်နှင့် ဖြန့်ချိရေးဌာနက ထုတ်ပြန်ထားပြန်ပါတယ်။

ဒီစည်းကမ်းသတ်မှတ်ချက်တွေထဲမှာတော့ ဒို့တာဝန် အရေးသုံးပါးကို ဆန့်ကျင်ထိပါးရေးသားခြင်းမပြုရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အဲ့ဒီဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်ရေးသားခြင်းမပြုရ၊ မြန်နိုင်ငံအစိုးရရဲ့ လျှို့ဝှက်ဥပဒေတွေနဲ့ အကျွမ်းဝင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် တွေကို ထုတ်ဖော်ရေးသားခြင်းမပြုရ စတာတွေနဲ့အတူ ဘာသာရေး၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေ၊ ရိုးရာယဉ်းကျေးမှုတွေနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေလည်း ပါဝင်ထားပါတယ်။

အမျိုးအစားအလိုက် စာနယ်ဇင်းကင်းလွတ်မည့် မူဝါဒစတင်တော့မည်


အံ့ဘုန်းမြတ် ၆ မေ ၂၀၁၁ (ဒီဗွီဘီ)

အမျိုးအစားတွေအလိုက် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ စာစောင်တွေ ဒီလလယ်လောက်ကနေ စတင်ပြီး စာပေစိစစ်ရေးကို တင်စရာ မလိုတော့တဲ့ စာပေစိစစ်ရေးမူဝါဒတွေကို ပြောင်းလဲကျင့်သုံးတော့မယ်လို့ သိရပါတယ်။ ဒီလ ၈ ရက်နေ့၊ နေ့လယ် ရန်ကုန်မြို့က ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးချုပ် အစည်းအဝေးခန်းမမှာ ပြုလုပ်မယ့် “စီစစ်ရေးမူဝါများ ပြောင်းလဲကျင့်သုံးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားမယ့် ညှိနှိုင်းအစည်းအဝေး” အပြီးမှာ စတင်ကျင့်သုံးတော့မှာလဲ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊ စာပေစာနယ်ဇင်းအဖွဲ့နဲ့ ပုံနှိပ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေကို ဖိတ်ကြားထားပြီး ဖြစ်တယ်လို့ အမည်ဖော်ပြခွင့်မရှိတဲ့ စာပေစိစစ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။ ဒီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ပေါ်ပြူလာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးဟိန်းက အခုလို ပြောပြပါတယ်။

“အဲဒါတွေတော့ အဲဒီနေ့ကစပြီး အကုန်ချပြမယ်ပြောတယ်။ အရင်ကတည်းက ဒါမျိုးတွေကို ကြားနေရတယ်။ သိပ်မသေချာသေးဘူး။ အရင်က သတင်းထောက်တွေလည်း မတက်ရဘူး။ အခုတော့ သတင်းထောက်တွေပါ တက်လို့ရမယ်။ ဖိတ်ကြားထားပြီးအပြင် သတင်းထောက်တယောက်ပါ တက်လို့ ပြောတယ်။”

ပြောင်းလဲလာမယ့် မူဝါဒအသေးစိတ်ကိုတော့ အဲ့ဒီအစည်းအဝေးကျမှ သိရမှာဖြစ်တယ်လို့လည်း အခြားသတင်းဂျာနယ် အယ်ဒီတာကလည်းဆိုပါတယ်။ စာပေစိစစ်ရေး သတင်းရပ်ကွက်အချို့ကတော့ ဒီပြောင်းလဲ ကျင့်သုံးမယ့် မူဝါဒတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်လာမယ့် ဥပဒေ၊ နည်းဥပဒေတွေကို စတင်ကျူးလွန်တဲ့အချိန်ကနေ စတင်ပြီး ကျပ်ငွေ သိန်း ၅၀ ကို အာမခံအဖြစ် ထားရှိရမှာဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီငွေထဲကနေ ဒဏ်ကြေးအဖြစ် ဖြတ်တောက်သွားမှာ ဖြစ်ကာ ထုတ်ဝေသူတွေက ဒီအာမခံငွေပြည့်အောင် ထပ်မံဖြည့်တင်းထားရမှာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒီလို အာမခံငွေ ထားရှိရမယ့်ကိစ္စနဲ့ပတ်သက်ပြီး အသေးစား စာနယ်ဇင်းလုပ်ငန်းတွေ အကြပ်တွေ့လာနိုင်ဖွယ်ရာတွေ ရှိတယ်လို့ လည်း မဂ္ဂဇင်းထုတ်ဝေသူအချို့က ဆိုကြပါတယ်။

ဒီမူဝါဒတွေထဲမှာ ပါဝင်လာမယ့် စာနယ်ဇင်းအမျိုးအစားတွေမှာတော့ အနုပညာ၊ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာအမျိုးအစားဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ စာစောင်တွေပါဝင်ကြမှာဖြစ်ပြီး လက်ရှိထုတ်ဝေ ဖြန့်ချိနေတဲ့ အမျိုးအစားစုံ ဂျာနယ် ၁၇၂ စောင်ထဲက ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်က ၁၁၃ စောင်တို့ တွေ့ကြုံကြရမှာလည်း ဖြစ်ပါတယ်။ စာနယ်ဇင်း လောကထဲမှာတော့ ဒီပြောင်းလဲကျင့်သုံးလာမယ့် မူဝါဒတွေထဲမှာ ဘယ်လို ဥပဒေ၊ နည်းဥပဒေတွေ ထပ်မံ ပါဝင်လာမယ်ဆိုတာ စောင့်ကြည့်ကြရဦးမှာဖြစ်သလို အာမခံငွေထားရှိရမယ့် ကိစ္စတွေနဲ့အတူ သတင်းဂျာနယ်တွေ နိုင်ငံရေးအသားပေးဂျာနယ်တွေ ပါဝင်ခြင်း မရှိသေးတဲ့အပေါ်ကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

Categories

%d bloggers like this: