အင်တာဗျူး

This category contains 11 posts

လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ HRDP ကို မေးမြန်းခြင်း


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

အစိုးရသစ်က ဒီလ ၅ ရက်မှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ မြှင့်တင် ရေး၊ ကာကွယ်ရေး ဆောင်ရွက်ဖို့ ဒီကော်မရှင်ကို ဖွဲ့စည်းတာလို့ အစိုးရကြေညာချက်က ဆိုပါတယ်။

ကော်မရှင်ရဲ့ ခေါင်းဆောင်တွေအဖြစ် ပါဝင်ဆောင်ရွက်မယ့်သူတွေဟာ စစ်အစိုးရ လက်ထက်တုန်းက မြန်မာ့လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုခဲ့ သူတွေ အများစုပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာကို အပြုသဘောဆောင် ကြိုဆိုသူရှိသလို ဒီကော်မရှင်ရဲ့ လုပ်ဆောင်နိုင်မှုအပေါ် သံသယရှိနေသူလည်း ရှိပါတယ်။

ဒီကော်မရှင်ဖွဲ့စည်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP-Human Rights Defenders and Promoters network) ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်လေးကို မေးမြန်းထားပါတယ်။ Continue reading

အစိုးရသစ်လက်ထက် စတုထ္ထမဏ္ဍိုင် ပြန်လည်တည်ဆောက်မည်ဟု မယုံကြည်


(၀ါရင့်သတင်းစာဆရာဦးသာဘန်းနှင့် ဆက်သွယ်မေးမြန်းချက်)

အံ့ဘုန်းမြတ် ၃ မေ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-UTHARBANINTERVIEWS-03052011.mp3?attredirects=0&d=1

ဒီကနေ့ကျရောက်တဲ့ “ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ရေးနေ့” မှာ မြန်မာပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာဦး ဦးသာဘန်းရဲ့ အမြင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာခင်ဗျ။ ဒီကနေ့က အနှစ်နှစ်ဆယ်မြောက် ကမ္ဘာ့နိုင်ငံအသီးသီးမှာပြုလုပ်နေတဲ့ “ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ရေးနေ့” (World Press Freedom Day) နေ့ဆိုတော့ ကျနော်တို့တိုင်းပြည်မှာလည်း အစိုးရအပြောင်းအလဲ လုပ်ထားတဲ့ အခြေအနေလည်း ဖြစ်နေပြန်ပါတယ်။ ဆိုတော့ အစိုးရသစ်လက်ထက် ကျွန်တော်တို့နိုင်ငံက စာနယ်ဇင်းတွေရဲ့ လွတ်လပ်ခွင့်တွေ နည်းနည်းပါးပါးများ ပိုရလာနိုင်မလားဗျ။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့ ဗိုလ်နေ၀င်းလက်ထက်ကနေပြီးတော့ စစ်အာဏာရှင်ဖြစ်တဲ့ ဦးသန်းရွှေလက်ထက်အထိ သတင်းလွတ်လပ်ခွင့် လုံးဝမရှိခဲ့ပါဘူး။ အခုသမ္မတ ဦးသိန်းစိန် လက်ထက် လွတ်လပ်ခွင့်ရှိမလားဆိုတော့ သူတို့က ဒီပုပ်ထဲက ဒီပဲပါပဲ။ အရပ်သားအစိုးရဆိုပေမယ့် စစ်ဗိုလ်တဖြစ်လည်း ဘောင်းဘီချွတ်တွေပဲ။ အဲတော့သူတို့က လွတ်လပ်ခွင့်ကို ပေးမှာမဟုတ်ပါဘူး။ နည်းနည်းပါးပါးတော့ လိုက်လျောမှုလေးတွေ မထိတထိလေးတွေလောက်ပဲ ရမှာပဲ။ သတင်းလွတ်လပ်ခွင့် လုံးဝရမယ်လို့တော့ လုံးဝမယုံကြည်ဘူး။

နိုင်ငံတနိုင်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေကို အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ပြီး လွတ်လပ်ခွင့်တွေ ပေးသင့်တယ်လို့ အပြုသဘောဆောင်ပြီး သမ္မတအစိုးရကို တိုက်တွန်းပြောဆိုကြတာမျိုးတွေလည်းရှိတယ်။ ဒီအပေါ်ကို ဆရာအနေနဲ့ ဘယ်လို သဘောထားပါသလဲ။

ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင်သုံးခုကို တည့်မတ်ပေးဖို့ မဏ္ဍိုင်သုံးခုရဲ့ အမှားတွေ ချို့ယွင်းချက်တွေ မဆီလျော်တာတွေကို ထောက်ပြဖို့အတွက်က သတင်းစာက စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့ ခေါ်တာပဲ။ အဲတော့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ဟာက စစ်အာဏာရှင်ဖြိုလို့ ပြိုခဲ့ပြီ။ အခုမှ ပြန်စဖို့ဆိုတာ ဒီဘောင်းဘီချွတ်တွေခေတ်မှာ ပြန်စမယ်ဆိုတာ ကျနော်တော့ မယုံဘူး။ ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး။ အမျိုးမျိုး လှည့်ပြီးတော့ ချုပ်ချယ်မှာလို့ပဲ ကျနော်ယူဆတယ်။

သမ္မတသစ်ဖြစ်လာတဲ့ ဦးသိန်းစိန်က သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ စာနယ်ဇင်းတွေကို အလေးထားဖို့ ထည့်သွင်း ပြောကြားထား တဲ့အပေါ်ကို ဆရာ ဘယ်လိုသုံးသပ်ပါသလဲ။

အပြောကတော့ ကောင်းတယ်။ ချောနေတာပေါ့၊ လက်တွေ့မှာ ဒီနေ့ထိ ဘာမှာမှ မပေးဘဲ။ စာပေစိစစ်ရေး ဆိုတာလည်း ရှိနေသေးတယ်။ တင်းကျပ်နေသေးတယ်။ အဲဒါတွေနဲ့ စာပေကင်ပေတိုင် စိစစ်ရေးကတော့ သတင်းစာလွတ်လပ်ခွင့် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ရှိမှာမဟုတ်ဘူး။ သတင်းစာလွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့် ရှိဖို့ဆိုရင် စာပေကင်ပေတိုင် ကို အရင်ဆုံးဖျက်ရမယ်။ အဲဒါပြီးမှ လွတ်လပ်ခွင့်ဆိုတာကို ကြိုးစားယူရမယ်လို့ ယုံကြည်တယ်။

အစိုးရသစ် အပြောင်းအလဲနဲ့အတူပေါ့နော်။ ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလ၊ လွှတ်တော် အစည်းအဝေးကာလတို့လိုပေါ့နော်၊ နိုင်ငံရေးအရ ထူးခြားတဲ့ ဖြစ်စဉ်တွေမှာ သတင်းသမားတွေရဲ့ သတင်းယူခွင့်၊ သတင်းတင်ပြခွင့် ဒါတွေနဲ့ပတ်သက်ပြီးတော့ရော ဆရာ့အမြင် ဘယ်လိုများရှိပါသလဲ။

လွှတ်တော်အစည်းအဝေးမှာ သတင်းထောက်တွေကို ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ နိုင်ငံတကာရဲ့ သတင်းဌာနတွေရဲ့ သတင်းထောက်တွေ တက်ခွင့်မရတာအပြင် ပြည်တွင်းမှာရှိတဲ့ သတင်းစာတွေပေါ့၊ သူတို့ရဲ့ အစိုးရထုတ်တဲ့ သတင်းစာက သတင်းထောက်တွေလည်း တက်ခွင့်မရဘူး။ နောက် ဂျာနယ်တွေ ပုဂ္ဂလိကဂျာနယ်တွေက သတင်းထောက်တွေလည်း တက်ခွင့်မရဘူး။ အနားတောင်မှ ကပ်လို့ မရဘူး။ အဲဒါက စတုတ္ထမဏ္ဍိုင်ကို ဘယ်လိုလုပ်ဖော်မှာလဲ။ လွှတ်တော်နားတောင် မ၀င်ရတဲ့ သတင်းထောက်တွေက လွှတ်တော်ထဲမှာ ရေးတဲ့၊ ပြောတဲ့ဟာတွေကို ဖော်ပြလို့ မရဘူးဆိုတော့ စတုတ္ထမဏ္ဍိုင်ကို ဘယ်လိုဖော်မှာလဲ။

လက်ရှိအခြေအနေမှာ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာ သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းဂျာနယ်တွေအပါအ၀င် ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြခွင့်နေရတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာဘယ်လို သဘောရပါသလဲ။

အများကြီးကို ချုပ်ချယ်ပါတယ်။ အများကြီးကို လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ်။ ပထမတုန်းက ပြည်တွင်းမှာတင် ပိတ်ပင်မယ်ဆိုပေမယ့် အခုက နိုင်ငံတကာအရေးမှာပါ ပိတ်ပင်ပါတယ်။ အခု အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဒီမိုကရေစီလှုပ်ရှားမှုတွေ ကျနော်တို့ ရေးခွင့်မှ မရတာဘဲ။ ပိတ်ပင်တာပဲ။ တားဆီးတာပဲ။ အဲဒါကိုကြည့်ရင် နိုင်ငံတကာမှာ အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ပြည်သူတွေ တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲတွေကို နိုင်ငံတကာရဲ့ တိုက်ပွဲတွေကိုပင်လျှင် ဖိနှိပ်ပြီးတော့ ပြည်သူတွေက အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတာကို မထိအောင် ဖုံးနေတာပဲ။ အဲတော့ ဘယ်လိုလုပ်ပြီးတော့ သတင်းလွတ်လပ်ခွင့် ရမလဲဗျာ။

ရာစုနှစ် ထက်ဝက်နီးပါးလောက် အစိုးရအဆက်ဆက်က စာနယ်ဇင်းတွေကို ပိတ်ပင်ထိန်းချုပ် ကန့်သက်မှုတွေကို လုပ်ခဲ့တာကြောင့် သတင်းတွေကို အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်တင် ပေးနိုင်ဖို့အတွက်ပေါ့နော် မြန်မာမီဒီယာအဖွဲ့ အစည်းတွေ ပြည်ပမှာ အခြေစိုက်ပြီး တင်ပြလာကြရတာမျိုးတွေလည်း နောက်ပိုင်းမှာ တော်တော်ကျယ်ပြန့် လာပါတယ်။ ဆိုတော့ ဒီပြည်ပအခြေစိုက် မြန်မာမီဒီယာတွေအပေါ်ကိုရော ဆရာဘယ်လို အမြင်ရှိပါသလဲ။

နိုင်ငံတကာက လွှင့်နေတဲ့ အသံလွှင့်ဌာနတွေ သတင်းဌာနတွေနဲ့ အင်တာနက်မှာတင်တဲ့ သတင်းတွေက ကျနော်တို့ အဲဒါတွေကို အလေးထားပြီးတော့ လေ့လာနေရတာပဲ။ အဲဒါတွေနားထောင်နေရတာပဲ။ ပြည်တွင်းက အဖြစ်အပျက်တွေကို ပြည်တွင်းက သတင်းတွေကို ပြည်တွင်းက သတင်းဌာနတွေ သတင်းစာတွေကနေ ဂျာနယ်တွေကနေ ဖော်ပြခွင့်မှ မရှိတာ။ ခင်ဗျားတို့ ဖော်ပြနေတော့ ကျနော်တို့က သတင်းပရိသတ်အနေနဲ့ကော သတင်းကို စိတ်ဝင်စားနေတဲ့ လူတွေအနေနဲ့ကော သတင်းသမားတွေအနေနဲ့ကော ခင်များတို့က လိုအပ်တဲ့ ဌာနတွေလို့ ယုံကြည်ပါတယ်။

နောက်ပိုင်းမှာ ကျနော်တို့ရဲ့ ပြည်တွင်း၊ ပြည်ပမီဒီယာလုပ်ငန်းတွေမှာ လူငယ်တွေ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင် လာကြတာကိုလည်း တွေ့ရပါတယ်။ ဒီလို သတင်းလုပ်ငန်းကို ရွေးချယ်လုပ်ကိုင်လာကြတဲ့ လူငယ်သတင်းသမားတွေကိုရော ဆရာဘယ်လိုများ ပြောကြားလိုပါဦးမလဲ။

ကျနော်တို့ လူငယ်သတင်းသမားတွေ လူငယ်သတင်းထောက်တွေက ကြိုးစားကြပါတယ်။ အထဲမှာလုပ်နေတဲ့ ပြည်တွင်း ဂျာနယ်မှာ လုပ်နေတဲ့ လူငယ်တွေကော ခင်များတို့လို နိုင်ငံတကာ သတင်းဌာနတွေမှာ လုပ်နေတဲ့ လူငယ်တွေကော အများကြီး ကြိုးစားကြပါတယ်။ ခင်ဗျားတို့ရဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ လုပ်နေကြတဲ့ လူငယ်သတင်းထောက် တွေဆိုရင် တကယ့်ကို စွန့်စွန့်စားစား မကြောက်တရားနဲ့ လုပ်နေကြတာပဲ။ သူတို့က အဖမ်းခံရမှာလည်း မကြောက်ဘူး။ ထောင်ကျမှာလည်း မကြောက်ဘူး။ အဲလိုလုပ်နေတဲ့ လူငယ်တွေကို ပိုချီးကျူးပါတယ်။ ပိုပြီးတော့ အဲဒီလူငယ်တွေ အတွက်လည်း သတင်းသမားတယောက်အနေနဲ့ ဂုဏ်ယူပါတယ်။

ဦးသာဘန်းဟာ ၁၉၆၂ ခုနှစ် ကနေ ၁၉၇၈ ခုနှစ်အထိ ကြေးမုံသတင်းစာမှာ အယ်ဒီတာတဦးအဖြစ် လုပ်ကိုင်ခဲ့ဘူးသလို ၁၉၈၆ ခုနှစ် ၁၉၉၀ ပြည်နှစ်တွေအထိ မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်ထုတ်ဝေဖို့ အကူအညီပေးမှုနဲ့ စစ်အစိုးရရဲ့ ထောင်ဒဏ်ချမှတ်တာကို ခံခဲ့ရသူတယောက် ဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ အပြောင်းအလဲအတွက် အဖွင့်ကျားကွက် ဖြစ်ကောင်းဖြစ်နိုင်တယ်


(စာရေးဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်း)

အံ့ဘုန်းမြတ် ၁၄ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

နအဖစစ်အစိုးရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး စစ်တပ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲလာမယ့် ရွေးကောက်ပွဲအဖြစ် စဉ်ဆက်မပျက်လိုလို ထောက်ခံရေးသားနေတဲ့ The Voice ဂျာနယ်ရဲ့ ပင်တိုင် ဆောင်းပါးရှင် စာရေးဆရာ တစ်ဦးဖြစ်သလို ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးချယ်ဖို့ အခြားမရှိတဲ့အတွက် လက်ခံသင်တယ်လို့ ယူဆထားတဲ့ စာရေးဆရာ ဆရာကျော်ဝင်းရဲ့ ရွေးကောက်ပွဲရက် သတ်မှတ်ချက်အပေါ် အမြင်နဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းပေါ် သုံးသပ်ချက်တွေကို နားသောတဆင်ကြရမှာဖြစ်ပါတယ်။ စာရေးဆရာ ဆရာကျော်ဝင်းကို တိုက်ရိုက်ဆက် သွယ်မေးမြန်းထားပါတယ်။

ဆရာကျော်ဝင်းဟာ The Wave မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေလျက်ရှိပြီး ”ကမ္ဘာပြားပြီ” စာအုပ်နဲ့  ၂၀၀၆ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်(သုတ)ဆုရရှိခဲ့ပြီး ဘာသာပြန်နဲ့ ပင်ကိုယ်ရေး လုံးချင်းစာအုပ်ပေါင်း (၆၀) ကျော် ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် The Voice ဂျာနယ်အပါအ၀င် အခြားဂျာနယ်တွေမှာ လည်း မျက်မှောက်ခေတ်နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေအပါအ၀င် အတွေးအမြင်ဆောင်းပါးတွေကို စဉ်ဆက်မပျက်ရေးသားနေတဲ့ စာရေးဆရာ တစ်ဦးလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာ့စာပေဟာ ဖွံ့ဖြိုးမှုမရှိ


ဆရာသန်းဝင်းလှိုင်နှင့် အင်တာဗျူး

အံ့ဘုန်းမြတ်၁ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ် မြန်မာ့သမိုင်းနဲ့ နိုင်ငံရေးစာပေတွေကို စဉ်ဆက်မပျက် ရေးသားနေတဲ့ စာရေးဆရာသန်းဝင်လှိုင်ဟာ ကလောင်တွေကို စာပေစိစစ်ရေးက ပိတ်ပင်တာ နိုင်ငံရေးနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အာဏာပိုင်တွေက ထပ်မံဖမ်းဆီးဖို့ ပြင်ဆင်လာတာကြောင့် ထိုင်း မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို တိမ်းရှောင် ရောက်ရှိခဲ့ပါတယ်။ ဒီလို ရောက်ရှိလာတဲ့ ဆရာသန်းဝင်းလှိုင်ကို သူထွက်လာရတဲ့ အကြောင်းတွေ၊ သူဖြန်သန်းခဲ့ရတဲ့ မြန်မာ့စာပေလောကအပေါ် သုံးသပ်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အကြောင်းအချင်းအရာတွေနဲ့ ပတ်သက်ပြီး ဆရာသန်းဝင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာသန်းဝင်းလှိုင်က ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရောက်ရှိလာတယ်ဆိုပြီး ကျနော်တို့ ကြားသိရပါတယ်။ ဆရာဘာကြောင့်မို့ ထွက်လာရတယ် ဆိုတဲ့အကြောင်းကို သိချင်ပါတယ်။

ထွက်လာတဲ့အကြောင်းကတော့ ကျနော်ရေးတဲ့စာအုပ်တွေ ၁၅ အုပ် လောက် ဆိုင်းငံခံထားရတယ်။ နောက်တခါ ကျနော့်ရဲ့ ကလောင်ခွဲတွေပေါ့ အရင်တုန်းက စာပေတို့ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ဟာတွေပါ အဲဒါတွေပါ ပိတ်ခံထားရတယ်။ အခု စာအုပ် ၁၅ အုပ်ဆိုင်းငံ ခံထားရတာကတော့ သူတို့က အန်အယ်လ်ဒီပါတီက ထွက်ခိုင်းတာကို ကျနော်က မထွက်လို့ပေါ့။ နောက်တခါ ဘာကလောင်မှ ရေးခွင့်မပြုဘူး ပိတ်လိုက်တာက ဒီဗွီဘီတို့ အာရ်အက်ဖ်အေတို့၊ ဗွီအိုအေတို့ပေါ့ ပြည်ပ သတင်းဌာနတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံတော်အစိုးရကို အကြည်အညို ပျက်စေရန် သတင်းမှားတွေကို ပေးပို့တယ်။ ဆက် သွယ်တယ်။ အဆိုးမြင်ဝါဒီ စာနယ်ဇင်းသမားဆိုပြီး သတ်မှတ်ပြီးတော့ အကုန်လုံးပိတ်တာ။ ပိတ်လိုက်တဲ့အပြင် ကျနော့်ကို ပြန်ဖမ်းမယ့် အနေအထားလုပ်တဲ့အတွက် ကျနော်အနေနဲ့ အဖမ်းမခံချင်လို့ ဒီဘက်ကို ထွက်လာတဲ့ သဘောပါ။”

ဟုတ်ကဲ့ ဆရာ။ ဆရာ ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့စာပေလောကအပေါ်ရော ဘယ်လိုများ သုံးသပ်မိပါသလဲဗျ။

“မြန်မာနိုင်ငံက ဘယ်လိုမျိုး ဖြစ်နေသလဲဆိုတော့ လွတ်လပ်ရေးရတာ ၆၄ နှစ် ရှိနေပြီ စာပေလွတ်လပ်ခွင့်တို့ ဘာတို့ဆိုတာ မေးယူရမလို ဖြစ်နေပြီ။ လူတွေက အကြောက်တရားတွေနဲ့ အမှန်တရားရဲ့ စည်းအပြင်ကို ရောက်နေတယ်လို့ပဲ ကျနော်က သုံးသပ်တယ်။ နောက်တခုက လောကမှာ အရွက်မရှိတဲ့သစ်ပင်က အရိပ်မပေးနိုင်ဘူး။ အရိပ်မပေးနိုင်တဲ့သစ်ပင်ကလည်း ဘာတန်ဖိုးမှ မရှိဘူး။ အဲတော့ ဗမာနိုင်ငံက ဒီမိုကရေစီဘာညာနဲ့ အသံကောင်းဟစ်နေပေမယ့် စစ်အာဏာရှင်စနစ်အောက်မှာ စာပေအနုပညာက ဘယ်လိုမှ ဖွံ့ဖြိုးမှုမရှိဘူး ဆိုတာကတော့ သဘာဝကျနေတယ်။ အဲတော့ ကျနော်တို့က ရတဲ့နည်းနဲ့ တိုက် မယ်ဆိုပြီး ဒီဘက်ကို ထွက်လာတဲ့သဘောပါ။”

ဆရာဒီဘက် လွတ်မြောက်နယ်မြေဘက်ကို ရောက်ရှိလာပြီဆိုတော့ ဆရာ့အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားလဲဆိုတာ သိချင်ပါတယ်။

“ကျနော်ကတော့ ဟိုမှာ ရေးလို့ မရတာ ဒီမှာက လွတ်မြောက်နယ်မြေ ဖြစ်တဲ့အတွက် ကျနော်က ကိုယ်တတ်ကျွမ်းတဲ့ စာပေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကို အသိပေးချင်တယ်။ ကိုယ်ယုံကြည်ချက်၊ ကိုယ်ရေးချင်တဲ့ဟာလေးတွေကို ဒီမှာ လွတ်လွတ်လပ်လပ် ရေးချင်တဲ့စိတ်ကတော့ နံပါတ်တစ်ပေါ့။ မြန်မာပြည်မှာ ဘာလုပ်ငန်းကိုပဲလုပ်လုပ် နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတာ အဲဒါ ကျနော်က သိပ်ဘ၀င် မကျဘူး။ နောက်တခါ လူတယောက် အထူးသဖြင့် ကျနော်တို့လို စာနယ်ဇင်းသမားက နိုင်ငံရေးအသိအမြင်တွေ မကြည်လင်ဘူး။ မတိုးတက်ဘူးဆိုရင် ကျနော်တို့ စာပေတွေက လူမှုဘ၀တွေကို ဘယ်လိုမှ ထင်ဟပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်က ယူဆတယ်။ ကျနော်က ထောင်ကျမခံရဲတာက ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ အစာငတ်ခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့ ထောင်ကျခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့ ဗမာပြည်မှာက လူ့အခွင့်အရေးတွေ ဘာတွေ လူ့တန်ဖိုးတွေ ဘာမှသိတာ မဟုတ်ဘူး။ နောက် ထောင်ထဲမှာလည်း ကျနော်တို့ ဘ၀ကို မကျိုးပဲ့စေချင်ဘူး။ ထောင်ထဲမှာ လူလို မနေရဘူး။ လူလိုလည်း အိပ်ရတာ မဟုတ်ဘူး။ လူလိုလည်း စားရတာ မဟုတ်ဘူး။ ဒါ ကျနော် ၆ နှစ်နဲ့ ၈ လ နေခဲ့ရတာပေါ့နော်။ အဲတော့ ကိုယ့်ရဲ့ အကျိုးရှိအချိန်တွေ ထောင်ထဲမှာ မကုန်ဆုံးစေချင်ဘူး။ အဲတော့ လွတ်မြောက်နယ်မြေကနေ ကျနော်တတ်ကျွမ်းတဲ့ နေရာကနေ ပြည်သူလူထုအတွက်၊ အမှန်တရားနဲ့ တိုင်းပြည်အတွက် လူထုရဲ့ လိုအပ်ချက်ကို တထောင့်တနေရာက ပါဝင်ဆောင်ရွက်ဖို့ ထွက်လာတာပါခင်ဗျ။”

ဆရာသန်းဝင်းလှိုင်ဟာ ၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာ သင့်ဘ၀မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ “အနာဂတ်လွန်းပျံယာဉ်” ဆောင်းပါးနဲ့ မြန်မာ့စာပေလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါးပေါင်းစုံတွေကို ရေးသားခဲ့ကာ လုံးချင်းစာအုပ် ၃၀ ကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေဘက်မှာတော့ ဆရာသန်းဝင်းလှိုင်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလမှာ ထောင်အချုပ် ၁ လခွဲ ကျခံရပြီး ၂၀၀၀ ပြည်နှစ်မှာ “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို စာအုပ်ထုတ်ဝေသူက ခွင့်ပြုချက် မရရှိဘဲ ထုတ်ဝေခဲ့တာ ကြောင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) အမြင်


မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) အမြင်

အံ့ဘုန်းမြတ် ၃ ဖေဖော်ဝါရီ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

နအဖအစိုးရ အာဘော် သတင်းစာတစ်စောင်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ မနေ့က အယ်ဒီတာ့အာဘော်ကနေ မြန်မာ့ရုပ်ရှင် နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက် ရုပ်ရှင်လောကသားတွေ ကြိုးပမ်းဆောင်ရွက်ကြဖို့ ရေးသားလာတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိမြန်မာရုပ်ရှင်လောကသားတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာရုပ်ရှင် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)

  • မနေ့ကထုတ်တဲ့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်မှာ မြန်မာ့ရုပ်ရှင် နိုင်ငံတကာကို ထိုးဖောက် နိုင်ဖို့အတွက် ရုပ်ရှင်လောကသားတွေ ကြိးပမ်းဆောင်ရွက်ကြဖို့ ရေးသားလာတာ တွေ့ရပါတယ်။ အဲ့ဒီတော့ ဦးမျိုးမင်းတို့ ရုပ်ရှင်လောကသားတွေ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို သိချင်ပါတယ်။
  • ကျနော်တို့ ၀န်ကြီးပြောတာ အကယ်ဒမီပေးပွဲတိုင်းမှာ သမားရိုးကျ မဲပြာပုဆိုးထဲက ခွဲထွက်ပြီးတော့ တက်နိုင်သလောက် စိတ်ကူးသစ် အတွေးသစ်တွေနဲ့ စဉ်းစားကြပါ။ ဇာတ်လမ်းတွေကို တည်ဆောက်ကြပါ ဆိုလို့ ကျနော်က အဲဒီလို တည်ဆောက်တာ၊ အခု အဲဒီလို တည်ဆောက် လိုက်တဲ့အတွက် ရလဒ်ကဘာဖြစ် သလဲဆိုတော့ ကျနော်တို့ ဆိုရင်အခု မရိုက်ခင်ကတည်းကကိုက ဒါရိုက်တာ ၅ ယောက်က ဇာတ်လမ်းတွေ တင်ရတဲ့ အဖြစ်ကို ရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထွင်လွန်းလို့တဲ့။ “အဲဒီတော့ ဘာဖြစ်သလဲဆို ကားအဟောင်းတွေကို ပြန်ရိုက်ရတယ်၊ အဟောင်းတွေကို ရိုက်တဲ့အခါမှာ အဟောင်းတောင်မှ ရိုက်တဲ့အဟောင်းကို အရင် အများပြည်သူကို ချပြထားပြီးသားဟာကို အဲဒီအတိုင်း ပြန်ရိုက်တာကို အဲဒီဟာကို ခွင့်မပြုဘူး၊ အဲဒီလိုကြီး ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဘာရိုက်ရမှန်းကို မသိဘူး လောလောဆယ်က၊ အဲဒီလို ဖြစ်တာ။ အဲဒီတော့ ရုပ်ရှင်တွေက သမားရိုးကျထဲကို ပြန်ရောက် ကုန်တာလေ၊”
  • လက်ရှိကြူံတွေ့နေရတဲ့ ဆင်ဆာဖြတ်တောက်မှုတွေကိုလည်း သိချင်ပါတယ်ခင်ဗျ။
  • “တခါတလေကျရင် ဇာတ်လမ်းတွေကို ပြင်ခိုင်းတာတွေ ရှိသေးတယ်။ ပြင်ခိုင်းတာက ပြသနာမရှိဘူး။ တချို့ဟာတွေကျလို့ရှိရင် ဘယ်ဟာက ရှည်တယ်၊ ဘယ်ဟာက တိုတယ်။ အဲလိုတွေ ပြင်ခိုင်းတာတွေရှိတယ်။ အမှန်တော့ အဲဒါက ပြောခွင့် မရှိဘူးဗျ။ ပြောခွင့်မရှိဘူးဆိုတာ အနုပညာရှင်တွေရဲ့ အပိုင်းပဲ။ ဥပမာ ကျနော်က ဒီ (မြင်ကွင်း) ကြီးကို လေးပြီးတော့ တမင်တကာ ပြချင်ပြတယ်။ နောက်ပိုင်းမှာ ကျနော်က သွားသွက်ရင် သွက်မယ်လေ။ အဲဒီနေရာမှာ ပြင်းစရာအဖြစ်ကို လိုချင်လို့ ပြတာဖြစ်တယ်။ အဲဒါကို ပြင်းတယ်လို့ ဆိုပြီးတော့ ဖျက်ခိုင်းတာရှိတယ်။ နောက် ဇာတ်သိမ်းကို ဒီလိုပြင်လိုက် ဟိုလိုပြင်လိုက် အဲဒီလို တွေ လာတယ်။ အဲဒါက ပြောခွင့်မရှိဘူး။”
  • ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တက်ခါစက အခုလို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရုပ်ရှင်လောကသားတွေ ဆွေးနွေးကြ စာတမ်းတွေ ရေးကြဆိုပြီး လုပ်ခဲ့ပါသေးတယ်ဗျ၊ အဲ့ဒါရဲ့ နောက်ဆက်တွဲရော အခုဘယ်လိုတွေ ဖြစ်နေလဲ။
  • “အဲဒီကာလလေးကို ကျနော်ကလွမ်းတယ်။ ဘာလို့လဲဆိုတော့ ဆင်ဆာအဖွဲ့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးပြီးတော့ Workshop တွေလုပ်တယ်။ ဘာ့ကြောင့် ဖျက်တယ်။ ဘာ့ကြောင့် ဖြစ်တယ်။ အဲဒါဆို ကျနော်တို့ ဘယ်လိုလုပ်ရင်ရမလဲ။ ဘယ်လိုပြရင်ရမလဲ အဲဒါလေးတွေ ရှိတယ်ပေါ့နော်။ ဆွေးနွေးလို့ ကောင်း တဲ့လူတွေ အများကြီးပဲ။ နည်းနည်းပြောင်းသွားတယ်ဆိုတာ လွတ်လပ်လာတယ်လေ။ လွတ်လပ်လာတယ် ဆိုတာ ထူးထူးဆန်းဆန်း ကားလေးတွေ၊ သရဲကားလေးတွေ ဘာလေးတွေ အဲဒီလိုဆိုတော့ ဗွီဒီယိုဈေးကွက် တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ နည်းနည်းလေး လွတ်လပ်လာတော့ လှုပ်လှုပ်ရှားရှားလည်း ဖြစ်လာရော ဈေးကွက်လည်း ကောင်းလာတာပေါ့နော်။ ကောင်းလာပြီးတော့ နောက်ပိုင်ကျတော့ အခု သရဲကားတွေ မရတော့ဘူးဆိုတော့ အခုဆင်ဆာက တအားကြပ်သွားတာ။ တအားကြပ်သွားတဲ့ အခါကျတော့ ဒါရိုက်တာတွေ တော်တော်မျာများက ဘာလုပ်နေလဲဆိုတော့ ကျနော်တို့ရဲ့ အနာဂတ်က မသေချာတော့ဘူး။”
  • ဟုတ်ကဲ့ဗျ၊ ဒီလိုအခြေအနေမျိုးဖြစ်နေတာဆိုတော့ ဦးမျိုးမင်းတို့အနေနဲ့ တောင်းဆိုလို့ ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုး တောင်းဆိုချင်လဲ။
  • “သမားရိုးကျထဲက လွတ်ဖို့ဆိုတာက ခွင့်ပြုပေးမှရမယ်လေ။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ဆန်းသစ်တဲ့ အမြင်တွေကို ခွင့်ပြုပေးမှလေ။ ဒါပေမယ့် အဲဒီလို ဆန်းသစ်တဲ့ဟာတွေကို ခွင့်မပြုဘူး ဖြစ်နေတယ်။ အဲဒီကြားထဲမှာ ကျနော်တို့က ဒုကရောက်နေတာ။ အဲဒီတော့ အခုဘယ်သူပြောတာကို ဘယ်လို နားထောင်ရမှန်း မသိဘူး ဖြစ်နေတယ်။ “အဲဒီလို ဖြစ်နေတာ။ ၀န်ကြီးက လမ်းညွှန်တယ်၊ လမ်းညွှန်တဲ့အတိုင်း ကျနော်တို့က လုပ်လိုက်တယ်၊ လိုက်လုပ်ပေမယ့် နောက်ပိုင်းက ကျနော်တို့ကို အဲဒီလို သမတာ။ အဲဒီတော့ ကျနော်တို့က ဘယ်လိုလျှောက်ရမှန်းမသိဘူး။ အဲဒီတော့ ပြည်ပဈေးကွက်ကို ဖယ်ထားလိုက်ဦး ပြည်တွင်း ဈေးကွက်ထဲမှာ ကို ကျနော်တို့က ကိုယ့်ကိုကိုယ် သက်တမ်းရှည်အောင်၊ သက်စိုးရှည်အောင် တော်တော် ရပ်တည်နေရ တယ်။ အဲဒါ ဘယ်လောက် ကြာပြီလဲဆို ၁ နှစ်ခွဲ ၂ နှစ်လောက် ရှိပြီ။

Categories

%d bloggers like this: