အက်ဆေး
This category contains 4 posts
ဒဏ္ဍာရီထဲက မဟုတ်တဲ့ ရန်ကုန်
အံ့ဘုန်းမြတ်
ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ မိုးရေတို့ကြောင့် ပိုမိုမဲမှောင်နေလောက်ရော့မယ် ။ ရန်ကုန်ဟာ ဒဏ်ရာတွေ ပွထနေပေမယ့် လှသွေးကြွယ်နေဆဲ စစ်ဘုရင် ရွှေနန်းကြော့ရှင် တစ်ပါးလိုပဲ .. အနောက်တောင်မုတ်သုံလေရဲ့ မိုးရေဆက်တွေရဲ့အောက် လှချင်တိုင်းလှနေတော့မှာတော့ သေခြာတယ်။။။
အပြာရောင် .. အနီရောင်တွေနဲ့ ရန်ကုန်ရဲ့အလှကို ဆင်မြန်းနေကြတဲ့ စိန်ပန်းတွေက ကြွေကျလာတဲ့ ပွင့်ဖက်တချို့က ၀န်ကြီးများရုံးရဲ့ အနောက်ဘက် ဗိုလ်အောင်ကျော်လမ်းမ တလျှောက် အဆုတ်လိုက် ကျဲဖြန့်ထားသလိုဖြစ်နေပေလိမ့်မယ်။။။
ပင်လယ်ဝကနေ တိုးဝှေ့လာတယ်လို့ ထင်ရတဲ့ လေနုအေးလေးတွေကြောင့် ခံစားမှုတွေကို ပိုပြီး အေးဆက်သွားစေလိမ့်မယ်။ အီမိုဖက်ရှင်နဲ့ လူငယ်တစု … နောက်တကြိမ် မိုးမမိအောင်လို့ .. ဗိုလ်အောင်ကျော် တာဝါဆီကို ပြေးလွှားဝင်ရောက်သွား ကြလိမ်မယ်။
ကားဟွန်းသံတွေ မကြားရပေမယ့် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ ကားအချို့ရဲ့ စက်သံတွေကတော့ ရန်ကုန်ရဲ့ သရုပ်ကို ဖော်ဆောင်နေတုန်းပဲ။။ ယဉ်နောက်လိုက်အချို့ ခရီးသည်တွေကို ဟိန်းဟောက် မံမဲနေတဲ့ ဓလေ့ကလည်း ရန်ကုန်ရဲ့ သွင်ပြင်လကဏာကို ပေါ်လွင်နေစေတယ်။
ဟော့ဒီလို အနောက်တောင်မုတ်သုံရဲ့ မိုးရေဆက်တွေအောက် မွေးကင်းစကလေးငယ်ကို ပွေ့ချီထားတဲ့ သားသယ်မိခင်တစ်ယောက် မီးပွိုင်ယဉ်တွေအရပ်မှာ ကလေးငယ်ရဲ့ ညစာအတွက် ၀ဲကျနေတဲ့ မျက်ရည်တွေကြားက တောင်းရမ်းနေရတဲ့ ရန်ကုန်ရဲ့ ဒုက္ခကို မြင်တွေ့ကြရမှာပါ။ ရန်ကုန်ဟာ ရန်တွေ ကုန်ပေမယ့် . . ဒုက္ခတွေကတော့ မကုန်သေးတာ သေခြာတယ်။
ရန်ကုန်ရဲ့ ပစ္စုပ္ပန်တစ်နေ့တာ တ၀မ်းတခါးကို လမ်းဘေးတလျှောက် မြင်တွေ့ရမယ့် မြင်ကွင်းတွေက ဖော်ပြနေကြလိမ်မယ်။ ၀က်သားဒုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အကြော်စုံ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွန်ဒုံးနဲ့ သန္ဓေတားဆေး ဘာကိုလိုလို လွယ်လွယ်လေးရနိုင်မယ့် နေရာပဲ။ ဒါဟာ ရန်ကုန်ရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ လမ်းဘေးယဉ်ကျေးမှုတစ်ခုလည်း ဖြစ်ပေတယ်။
နောက် .. ရန်ကုန်မှာ .. နှုတ်ပိတ်ခံထားရတဲ့ ခံစားချက်အချို့က ထွက်ကျလာတဲ့ ငတ်မွတ်နေတဲ့ ပြောရေးဆိုခွင့်တွေ ဗလောင်ဆူနေလိမ့်မယ်…
ရန်ကုန်မှာ .. အခွင့်အရေးတွေ လျှံပယ်နေတဲ့ ငမိုက်သားတို့ရဲ့  .. လူသတ်စင်တွေလည်း ပြည့်နှက်နေပေလိမ့်မယ် …
ရန်ကုန်မှာ .. မီးရောင်စုံတွေအောက်က စာဝတ်နေရေးအတွက် ဖောက်သည်ရှာနေရတဲ့ ပြည့်တန်ဆာတွေနဲ့ ပြည့်နက်နေလိမ့်မယ်…
အဲ့ဒီလို အဲ့ဒီလို .. ဟောင်းနွမ်းညစ်ပတ်နေတဲ့ ရန်ကုန်ရဲ့ ၀တ်စုံတွေကို အသစ်လဲလှယ်ပေးမယ့် မိခင်ရဲ့ လက်တွေလည်း ရိုက်နှက်ချိုးဖဲ့ ခံထားရသလိုပဲ။။
နောက်ဆုံးတော့ ရန်ကုန်ဟာ ပထွေးလက်ထဲက ပြည့်တန်ဆာတန်းကို ရောက်ရတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ လှပကြော့ရှင်းမှုမျိုးနဲ့ အခွင့်အရေး တကာအခွင့်အရေးတွေနဲ့ ပတ်သက်ရင် .. မရှိမဖြစ် မသိအဖြစ် အကြောင်းအရာတစ်ခုဖြစ်လာခဲ့ရတယ်။။
Advertisements
ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၃)
ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၃)
ရန်ကုန်က ကိုသန့်ဇင်က သူ့ရဲ့  (အစဆွဲထုတ်ခြင်း) လို့ အမည်ပေးထားတဲ့ ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၁) မှာ ရေးခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုတေဇ လရောင်လမ်း က ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၂) မှာ ပြန်လည်ရေးသားလာပါတယ်။ အဲ့ဒီဆောင်းပါးတွေမှာ  ကျွန်တော်တို့လူငယ်တွေအတွက် အယူအဆပိုင်းဆိုင်ရာတွေမှာ မတူညီတဲ့အမြင်အမျိုးမျိုးကို တွေ့ခဲ့ရပါတယ်။ ဒီပို့စ်မှာတော့  ကိုတေဇ လရောင်လမ်း ရဲ့ အမြင်တွေကို ကိုသန့်ဇင် က (အစတစ်စထွက်လာခြင်း) ဆိုတဲ့ခေါင်းစဉ်နဲ့ သူ့အယူအဆတွေကို ထပ်မံပြောကြားလာပြန်ပါတယ်။ ရေးသားမှုတွေနဲ့ ပတ်သက်လို့ကတော့ ကိုသန့်ဇင်နဲ့ ကိုတေဇတို့ရဲ့ သဘောထားအမြင်တွေသာ ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။
လေးစားစွာဖြင့် (အံ့ဘုန်းမြတ်)
=================================================
အစတစ်စထွက်လာခြင်း
TZ
ကျွန်တော်က အမေရိကန်ပြည်မှာ မြန်မာဝန်ကြီးချုပ်နဲ့  နိုင်ငံခြားရေးဝန်ကြီးတို့ ကိုဖိနပ်စာကျွေးခဲ့ တဲ့ပြည်ပရောက် တက်ကြွှ လှုပ်ရှားသူတွေကို ဆော်တယ်လို့ ကိုတေဇာက ထင်သွားပုံရပါတယ်။ ထင်မယ်ဆိုလည်းထင်ချင်စရာပါ။ အဲဒီ အချိန်က အဲဒီသတင်းက ဟော့ဖြစ်နေတာကိုး။ ရှင်းပြပါရစေဗျာ။ ပြည်ပရောက်တက်ကြွ လှုပ်ရှားသူတွေကို ဆော်ရအောင်သူတို့ ကကျွန်တော့်ရန်သူတွေမှမဟုတ်တာဗျာ။ ဦးသိန်းစိန်ကြီးဘက်ကနာရအောင် ကျွန်တော့်ယောက္ခမ လည်းမဟုတ်ဘူး။ ဒီအက်ဆေးကိုရေးရခြင်းရဲ့ ရည်ရွယ်ချက်က သူများလုပ်တာမှန်ရင်ဟုတ်တာမဟုတ်တာအပထားလို့ လိုက်လုပ်မယ်လို့ စဉ်းစားကြတဲ့ကျွန်တော့်အမျိုးတွေကို နဲနဲ သိသလောက်လေးသတိပေးလိုက်တာပါ။
မှန်ပါတယ် အစ်ကို။ လူတန်းစားဆိုတဲ့စကားလုံးသုံးလိုက်တာကျွန်တော်တော်တော်ရိုင်းသွားပါတယ်။ စေတနာပါတဲ့အမှား လေးမို့ ခွင့်လွှတ်တော်မူကြပါ။ ငနဲလို့ သုံးလိုက်တာကတော့ စာသွက်သွားအောင်ပါ။ အယ်လ်ဇိုင်ဒီ လည်းဒီစာကို ဖတ်ဖြစ်မယ်မထင်လို့ လေ။
နာကျည်းမှုတွေများလာလို့ စိတ်ထွက်ပေါက်အဖြစ် ပေါက်လိုက်တာက စိတ်တော့ခဏတာ ပြေသွားနိုင်တာပေါ့နော်။ ရေရှည်အကျိုးကိုကြည့် ရအောင်ဗျာ။ အယ်လ်ဇိုင်ဒီ ရဲ့ ကိစ္စကိုကြည့်ရင် ဘွတ်ရှ်ပေါ်လစီကို မကြိုက်ရင် သူကသတင်း စာဆရာပဲ ကလောင်နဲ့ ချတာ ဖိနပ်စာထက်ပိုအီတယ်ဆိုတာ ထွက်ပေါက်တစ်ခုထက်ပိုသိသင့်တာပေါ့။ ဟုတ်ဖူးလား။
ဒါလေးလုပ်မိတာထောင်ကျသတဲ့။ကဲ..ကောင်းသလား။ ဒီစာစုလေးကိုကျွန်တော်ရေးတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးပြီး စည်းကမ်း ရှိလာဖို့ ကိုတိုက်တွန်းချင်တာပါ။ စိုင်းစို်င်းခမ်းလှိုင် ရှိုးပွဲကို ပိုက်ဆံပေးလာကြည့် ပြီး  ရေသန့် ဗူးနဲ့ ပေါက်တာစိတ်ထွက်ပေါက်လို့ ကိုတေဇာ ယူဆပါသလားခင်ဗျာ။
ဝင်ကြေးတစ်ထောင်ပေးပြိး ကိုယ်အားပေးတဲ့အသင်း၊ တစ်ဖက်အသင်း၊ ဒိုင်လူကြီး နဲ့ ဘောကောက်ပါမကျန်ရလေအောင် မအေ၊နှမ အစုံအလင်နဲ့ အားပါးတရ ကလော်တုပ်ကာ နားကျည်းမှုတွေပြေပျောက်စေတယ်လို့ ယူဆရင်တော့တစ်ခုခုမှား လို့ ဖြင့်နေပါပြီ။ ကိုတေဇာ့ အမြင်ကိုလေးစားပါတယ်။ ကျွန်တော့်အမြင်ကိုလေးစားပေးပါလို့ တော့မတောင်းဆိုရဲပါဘူး။ ဒီကောင်ပေါက်ကရတွေလျှောက်ပြောနေတယ်။စေတနာတော့ ပါရှာသားပဲလို့ မြင်ပေးရင် ကျေးဇူးတင်ပါတယ်။
၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့  ကိုမင်းကိုနိုင်တို့က သပိတ်မှောက်လူထုကြီး စည်းကမ်းရှိပါလို့ ဆော်သြ နေချိန်မှာ ကျွန်တော်ဖြင့် နို့ တောင်မပြတ်သေးပါဘူး။ သူတို့ သြ၀ါဒလေးကိုကြိုက်လို့ စည်းကမ်းလေးထားဖို့ လက်ဆော့ မိတာပါ။ မကျေနပ်ရင်သူတို့ကို သွားဆဲတော်မူပါ။ ကျွန်တော်ငမိုက်သားက လေသံကြားပြီး သံယောင်လိုက်သူမျှ သာဖြစ်ပါကြောင်း။ ကျွန်တော့်အက်ဆေးလေးကိုဖတ်ပြီး ကိုတေဇာက ကိုရွှေမြန်မာ တွေကိုသောက်ဆင့်မရှိသူတွေလို့ ရှုတ်ချတယ်ထင်သွားပုံရတယ်။ရှင်းပြပါရစေ။
ကျွန်တော်မြန်မာစစ်စစ် အညာသားပါ။ တိုင်းပြည်ကိုချစ်လိုက်ပုံများနောက်ဆုံးထားခဲ့တဲ့ရည်းစားထက်တော့မလျော့ပါဘူး။ ကိုတေဇာ အမြင်ကတ်လောက်တဲ့စကားလေးထပ်ပြောပါရစေ- အမှန်တရားကိုတခါတလေရင်နာနာနဲ့  ခါးခါးသီးသီး လက်ခံလိုက်ရတာတွေရှိပါတယ်။ တစ်ခုတော့ပြောလိုက်ပါရစေ။ တို့လူမျိုးတွေသောက်ဆင့်မရှိကြဘူးကွာ။ သိုးဆောင်း လိုပြောရရင် awareness ဆိုလား ဘာဆိုလားမရှိဘူးလကွာလို့ ပြောပြီ ဘေးထိုင်နေမယ့်လူမျိုးထဲမှာ အီဖေကိုယ် မပါပါဘူး။ အနဲဆုံး ကိုယ့်ညီမလေးကိုတော့ ၀က်သားဒုတ်ထိုးဝယ်ကျွေးပြီး ပြောပြနေပါတယ်။ ဘော်ဒါတွေကို ဘီအီးတိုက်ပြီး အဆက်မပြတ် နားဒုက္ခပေးနေပါတယ်။ ခုတော့စာရေးတာ ပိုးဝင်သွားပြီ။ ကိုအံ့ကြီးကိုပဲ အပူကပ်ရမယ်။နောက်လဲပြောနေမှာပါ။ ဒါပဲလောလောဆယ်လုပ်နေနိုင်သေးသကိုးဗျ။
absolute truth ဆိုတာမရှိတာကို လက်ခံပါတယ်။ တချို့ အမှန်တရားတွေဟာ ခုထိလည်းမှန်နေဆဲလေ။ မြတ်စွာဘုရား မရှိတော့တာနဲ့ (၃၈) ဖြာမင်္ဂလာက အသုံးမ၀င်တော့ဘူးလားဗျ။ လင်ကွန်းပြောတာ ခုလဲမှန်တယ်လို့ ကျွန်တော်ကတော့ .ယူဆမိနေပါတယ်ဗျာ။ မမှန်တော့ဘူးလို့ ထင်တဲ့သူရှိရင်လည်း လေးစားပါတယ်။ သေချာတာကတော့ သူ့ စကားကို ယူသုံးလိုက်တာ ပြည်သူကို နှိမ်နှိမ်ပြုပြုပြောချင်လို့ မဟုတ်ပါ။ တို့ လူမျိုးတွေ့ ဒီ့ထက်တန်တဲ့အစိုးရ ရသင့်တယ်နော်လို့ သတိပေးလိုက်တာပါ။ နောက်ဆုံးပေးတဲ့ဆုကြိုက်တယ်…ဘာတဲ့ကြိုးစားနိုင်ပါစေတဲ့လား…. ပေးတဲ့ဆုနဲ့ ပြည့် ပါစေ…………..
TZ
အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ
ahunt-phone-myat1အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ
အံ့ဘုန်းမြတ် (2008.DEC 16)
အောက်တိုဘာလရဲ့ တစ်စုံတစ်ခုသော ညနေခင်းမှာ ကျွန်တော် အဲ့ဒီအရာကို စတင်တွေ့ရှိခဲ့ရတယ်။ အင်းယားကန်ဘောင်ပေါ်မှာ၊ Moon Bakery ထဲမှာ လမ်းဘေး လက်ဘက်ရည်ဆိုင်လေးထဲမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာလမ်းတွပေါ်မှာ ထူးထူးခြားခြားလေးပဲ အလွန်တရာ သိမ်မွေ့လွန်း လှတယ်။ အဲ့ဒီညနေခင်းတွေထဲမှာ ရှန်ပူရနံလေးတွေပါတယ်… ဂျင်းဘောင်းဘီလေးတစ်ထည်ပါတယ်။ ဘစ်ကားမှတ်တိုင်လေး တစ်ခုပါတယ်။ ညာဘက်လက်ဖ၀ါးလေး တစ်ဖက်က ကျွန်တော့် ဘယ်ဘက်လက်မောင်းကို မျှော်လင့်ချက် အမြှင်တန်းသေး သေးနဲ့ ဆုတ်ကိုင်လို့ပေါ့….။
ကြည်အေးရဲ့ဝတ္တုစာအုပ်အချို့အကြောင်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အာရုံခံစားမှုတွေအကြောင်း… အမြှုပ် ကလေးတွေ တစီစီဝှေ့တက်နေတဲ့ ရွှေအိုရောင် ဖန်ခွပ်ကလေးကို ရီဝေေ၀ကြည့်ရင်း ကျွန်တော် စကားတွေပြော ခဲ့ဘူးတယ်…။ အခိုက်အတန့်ဆိုတဲ့ စကားလုံးဟာ မိနစ်ပိုင်း၊ နာရီပိုင်းလောက်ပဲ ချစ်ခွင့်ရှိခဲ့တဲ့ ချစ်သူတွေအတွက် လွန်ကဲလွန်းလှတယ်လို့ ကျွန်တော် ထင်လိုက်မိတယ်…။ ဒီလိုနဲ့ အစဉ်သင့်စောင့်နေတဲ့ ကွက်လပ်တစ်ခုထဲ ကျွန်တော်ခုန်ချပစ်လိုက်တယ်….။
ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ… မုန်းတဲ့သူတွေအတွက်ပဲလေ။ ချစ်ကြတဲ့သူတွေအတွက်တော့ ကမ္ဘာကြီးဟာ ကျယ်နေဦးမှာပါပဲ။ တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်ရင်း ခွဲခွာခဲ့ကြတဲ့ ညချမ်းက အဖြူရောင် အငှားကားလေးတစ်ခုထဲမှာဆိုတာကိုတော့ ကျွန်တော် မှတ်မိနေ သေးရဲ့…..။
ကျွန်တော်… ဘ၀ဆုံးနေတဲ့ ကိုယ်တိုင်ခုန်ချခဲ့တဲ့ ကွက်လပ်တစ်ခုထဲကနေ မျှော်လင့်ချက်ဆိုတဲ့အရာကို ရူးသွပ်မိုက်မဲစွာနဲ့ မွေးဖွားသန့်စင်ပစ် လိုက်မိတယ်။ ဒါဟာ အိမ်မက်တွေချစ်တက်တဲ့ ကျွန်တော့်ချစ်သူအတွက် နှစ်သိမ့်စကားဆိုတဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုယ်က အိမ်မက်တွေထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ရသူမို့လို့ပါ။ အခုတော့… အလွမ်းတွေ ပန်းအဖြစ်တောင် မဖူးပွင့်နိုင်တော့ဘူး။
ဒီနေရာမှာ…ဆွယ်တော်ပန်းတွေ ပွင့်နေကြပြီလေ….။ တစ်ချိန်ကတော့ သူနဲ့ကျွန်တော် ပျဉ်းမပန်းတွေအကြောင်း တဖွဲ့တနွဲ့ဖွင့်ဆိုခဲ့ကြဘူးတယ်။ ငှက်ကလေးတွေ အော်မြည်နေကြတာကိုပဲ နှစ်ယောက်သားအတူရယ်နိုင် အောင်ကြိုးစားခဲ့ဘူးကြတယ်။ ဒါပေမယ့် အခိုက်အတန့်လေးပါပဲ… အဲ့ဒီအချိန်က ရယ်မောပျော်ရွှင်မှုတွေထဲမှာ အနိဌာရုံခံစားချက်တွေ ရှိနေခဲ့တယ်ဆိုတာ သူရော ကျွန်တော်ရော… သတိမမူမိခဲ့ကြဘူးလေ။ ဒါဟာ အချစ်ရဲ့ မာယာတွေပဲလားလို့ ကျွန်တော်သံသယရှိလာမိတယ်။
ဘာပဲဖြစ်ဖြစ်လေ…။ အားလုံးကို စွန့်လွှတ်လိုက်ရပေမယ့် သတိရခြင်းတွေကိုတော့ ကျွန်တော့်ကို သူပိုင်ဆိုင်ခွင့်ပေးခဲ့တာကိုပဲ ကျွန်တော်ကျေးဇူး တင်နေမိတယ်လေ။ ချင်မိုင်မြို့ရဲ့လမ်းမတွေပေါ်မှာလျှောက်သွားရင်း အင်းလျားကန်ဘောင်ပေါ်ကသူ့ကို သတိရမိတယ်။ ဆောင်းညချမ်းတွေ တိုင်မှာသူနွေးထွေးစွာ ဆုတ်ကိုင်ခဲ့ဘူးတဲ့ ကျွန်တော်ဘယ်ဘက်လက်မောင်းက အေးစက်လိုနေလေရဲ့…. ဒီလိုနဲ့ပဲ… အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ ဆက်မက်နေမယ်ဆိုတာ ပြောပြလိုက်ကြပါဗျာ။
အံ့ဘုန်းမြတ် (2008.DEC 16)
မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်
Ahunt Phone Myatမီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်
အံ့ဘုန်းမြတ် (2009 MAY 8)
မြို့ရိုးတခြမ်းမရှိတော့တဲ့ အဲ့ဒီမြို့ဟောင်းလေမှာ တစ်ချိန်တုန်းက သွေသံတွေ ရွှဲရွှဲဆိုခဲ့တဲ့ စစ်ပွဲတစ်ချို့ရဲ့ စီးချင်းထိုးသံတွေဟာ အခုအချိန်ထိ ပျံလွှင့်နေတုန်းပဲလို့ ဆိုရမှာပေါ့။ ကာယခွန်အားကို ဘုရားလိုကိုးကွယ်ခဲ့ကြတဲ့ အဲ့ဒီလိုခေတ်တုန်းကတော့ သူရဲကောင်းဆိုတာ အသက်ကို ဖက်နဲ့ထုတ်နေခဲ့ကြမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ စစ်ပွဲဆိုတာ လူငယ်သေကြေပြီး လူကြီးတွေ စကားပြောရာ နေရာတစ်ခုဖြစ်ခဲ့ရတယ်….
ကာယခွန်အားကို စိုက်ထုတ်… ရဲစွမ်းသတိကို အရင်းအနှီးပြုပြီး သူရဲကောင်းဖြစ်ချင်တဲ့ ဘယ်လူငယ်တွေရဲ့နာမည်မှ ကျောက်စာအတင်မခံခဲ့ရတာကတော့ အမှန်တရားတစ်ခုပဲ… ဒါကို သမိုင်းလို့ ခက်ညံ့ညံ့ ပုဂ္ဂိုလ်တွေက ဖွင့်ဆိုကြပြန်တော့ သမိုင်းဆိုတာ သွေးနဲ့ရေးတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာကောင်းလာလေရဲ့…..  ဒီလိုနဲ့ အနာဂတ်ပါဆိုတဲ့ လူငယ်တွေ ဘယ်ခေတ်အထိ သေဆုံးပေးနေကြရဦးမှာလဲ….
အဲ့ဒီခေတ်က လူငယ်တွေရဲ့ ဆောင်ဓားတွေမှာ သွေးအလိမ့်လိမ့်ပေကြံနေခဲ့ကြမှာ သေခြာနေပေမယ့် ပြတိုက်ထဲမှာ ငြိမ်သက် စွာလဲလျှောင်းနေတဲ့ ဂုဏ်ပြုခံ ပြဇာတ်ဆန်တဲ့ ဆောင်ဓားတွေကိုတော့ သူတို့ကိုင်ဆောင်ခဲ့ကြတယ်ဆိုတာ သံသယဖြစ်စရာ ကောင်းလှပေရဲ့….
စစ်မက်ဆိုတာ အေးချမ်းသာယာနေတဲ့ တောအုပ်တစ်ခုတည်းမှာလည်း ဖြစ်ချင်ဖြစ်နေနိုင်သလို ရွှေအတိချထားတဲ့ စည်းစိမ်ခံ နန်းဆောင်တွေထဲမှာလည်း ဖြစ်နေနိုင်ပါတယ်…. အဓိကကတော့ သူရဲကောင်းလို့ ကျောက်စာအတင်မခံရနိုင်မှန်း သိလိုက်ရတဲ့အချိန်မှာ… အနာဂတ်ရဲ့လူငယ်တွေဟာ ကိုယ်ကိုယ်တိုင် ပန်းခြံတွေကြားမှာ လမ်းလျှောက်ရင်း စကားပြော နိုင်ကြစေဖို့ ဆောင်ဓားတွေကိုဆွဲထုတ် စည်းစိမ်ခံ နန်းဆောင်တွေကို မီးရှို့ပစ်ဖို့ပဲလိုတယ်…
သမိုင်းကို သမိုင်းဖြစ်ဖို့အတွက်… သူတို့ရဲ့ဆောင်ဓားတွေဟာ သူတို့အနာဂတ်အတွက်ပဲဖြစ်နေရင် ဘယ်အသက်ကိုမှ သူတို့ဖက်နဲ့ထုပ်နေမှာ မဟုတ်တော့တာ သေခြာတယ်…  ဒီလိုနဲ့ ယုံကြည်ချက်အပြည့်နဲ့ သူတို့မျက်နှာကို နှောင်းလူငယ်တွေ မှင်ကြောင်ထိုးကြလိမ့်မယ်… အသွေးအသားနဲ့ ရင်းနှီးခဲ့ကြရတဲ့ သူတို့ရဲ့အနာဂတ်ကို သူတို့ဟာသူတို့ ပြဌာန်းနိုင်ကြလိမ့်မယ်… ဒါဟာ သမိုင်းပါလို့ ရဲရဲဝန့်ဝန့်ကြွေးကြော် နေကြပါလိမ့်မယ်…. နောက်နောင် ဘယ်သောအခါမျိုးမျှာမှ စစ်ပွဲတွေ ထပ်ဖြစ်မလာ နိုင်စေဖို့အတွက်ပေါ့…. စစ်ပွဲဆိုတာ ပျက်ဆီဆုံးရှုံးမှုတွေနဲ့ အနိဌာရုံတွေရဲ့ ဘဏ်ဌာတိုက်လို့ဆိုရပေမယ့် သမိုင်းတလျှောက်မှာ တော့ စစ်ပွဲတွေပြီးမှ ပိုတိုးတက်လာတာကြည့်ရယ်ပါ… အဲ့ဒီတိုးတက်မှုဆိုတာတွေထဲမှာလည်း ယဉ်ကျေးမှုဆိုတာတွေက အတုံးလိုက်အတစ်လိုက် ကျန်ရှိနေခဲ့ဦးမှာပဲလေ…။ ဒီလိုနဲ့ မျိုးဆက်တစ်ဆက်နဲ့တစ်ဆက် လက်ဆင့်ကမ်းသယ်လာတဲ့ မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်…
အံ့ဘုန်းမြတ် (2009 MAY 8)
ကျွန်တော်သဘောကျတဲ့ ပန်းချီကားတစ်ချပ်ကို တင်ပြထားတာပါ။ အပေါ်က ဆောင်းပါးနဲ့တော့ ကိုက်ညီမှုရှိမရှိ မသိဘူးပေါ့
ကျွန်တော်သဘောကျတဲ့ ပန်းချီကားတစ်ချပ်ကို တင်ပြထားတာပါ။ အပေါ်က ဆောင်းပါးနဲ့တော့ ကိုက်ညီမှုရှိမရှိ မသိဘူးပေါ့
Categories
%d bloggers like this: