သဘာဝပတ်ဝန်းကျင်

This category contains 12 posts

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီမြစ်အတွက် ပန်ကြားလွှာထုတ်ပြန်


အံ့ဘုန်းမြတ် (၁၁ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာပြည်ရဲ့ အဓိက အသက်သွေးကြောမြစ်တခုဖြစ်တဲ့ ဧရာဝတီမြစ် ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အပေါ်​ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနဲ့ တရုတ်အစိုးရတွေ အပါအ၀င် ပညာရှင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ မြန်မာပြည်သူတွေ ပူးပေါင်းဆောင်ရွက် ဖြေရှင်းကြဖို့ ပန်ကြားလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ​ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ဆိုတဲ့ အမည်နဲ့ ပန်ကြားလွှာတစောင်ကို ဒီကနေ့ ရက်စွဲနဲ့​ ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံအစိုးရနဲ့အတူ တရုတ်အစိုးရ​ အပါအ၀င် နိုင်ငံကာ​ အသိုင်းအ၀ိုင်းနဲ့ ပညာရှင်တွေကို ပေးပို့လိုက်တာပါ။

ဒီလို ပေးပို့ပန်ကြားလာတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“ဒီနေ့စပြီးတော့ အားလုံးကို ဖြန့်လိုက်ပါပြီ။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား သံတမန်များအားလုံး၊ ကုလသမဂ္ဂအဖွဲ့အစည်းများအားလုံး၊ နောက် ပြည်တွင်းမှာရှိတဲ့ ပြည်တွင်းပြည်ပ ဂျာနယ်တွေ၊ မီဒီယာတွေအားလုံးကို ကျနော်တို့ ဖြန့်ဝေပြီးပါပြီ။ ပြည်သူလူထုကိုလည်း ဧရာဝတီကို ချစ်မြတ်နိုးတဲ့လူ အားလုံးပေါ့ဗျာ။ ပြည်သူ တရပ်လုံးကိုတော့ ကျနော်တို့ ရည်ညွှန်းပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။ အာလုံး လက်တွေ့ကျကျ ရည်မှန်းချက် အောင်မြင်ဖို့ အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ရှေ့ဆက်ပြီး ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ စီအီးစီ အစည်းအဝေးတို့ ဘာတို့မှာ မပြောသေးပါဘူးခင်ဗျ။ ကျနော့်အထင်တော့ ဒါ လိုအပ်သလို ပြောမယ်လို့ ထင်ပါတယ်။ အခုထိတော့ ကျနော်တို့ အထူး မပြောသေးပါဘူး။ အခုမှ ပန်ကြားလွှာကလည်း ဒီနေ့မှ ထွက်တာကိုး။ အဲဒီမှာ မဟာမြစ်ကြီး ဧရာဝတီ တည်တံ့ခိုင်မြဲရေး အတွက်ပေါ့ဗျာ ထိန်းသိမ်းဖို့ကိစ္စတွေ ရည်ရွယ်ပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ တကယ့် အလေးနက်ဆုံး ပန်ကြားချက်ပါပဲ။ သေချာလေ့လာပြီးတော့ ထုတ်ပြန်ထားတဲ့ ပန်ကြားချက် ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်တဲ့  အင်္ဂလိပ်-မြန်မာ နှစ်ဘာသာပါ ဒီပန်ကြားလွှာထဲမှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဂေဟစနစ် ပြောင်းလဲမှုတွေကို ရာဝတီမြစ်အား အမှီပြုနေရတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအပေါ် အစိုးရ အပါအ၀င် ပညာရှင်တွေ၊ နိုင်ငံတကာအသိုင်း အ၀ိုင်းတွေနဲ့ မြန်မာနိုင်ငံသားတွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ ကချင်ပြည်နယ်အတွင်း အကောင်အထည် ဖော်နေတဲ့  ဧရာဝတီမြစ်ဖျားပိုင်း ရေအားလျှပ်စစ်စီမံကိန်း ၈ ခု​ ဖြစ်တဲ့ “ဆည်ရှစ်ဆည်” ဒါမှမဟုတ် “မြစ်ဆုံ” စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံပြည်သူတွေရဲ့ ရိုးရာဘ၀ အသက်မွေးဝမ်းကြောင်းမှုတွေ မပျက်စီးရအောင် ပြန်လည်သုံးသပ်ပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှောင်ရှားနိုင်ဖို့အတွက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူတွေ အားလုံးရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်နိုင်မယ့် အဖြေတွေကို ရှာဖွေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အလားတူ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ တရုတ်အစိုးရတို့​ အနေနဲ့လည်း နှစ်နိုင်ငံအကျိုးကို မျှော်ကိုးပြီး တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်တွေကို အန္တရာယ် ဖြစ်စေမယ့် နောက်ဆက်တွဲ​ ပြဿနာတွေကို ရှောင်ရှားလိုကြမယ်လို့လည်း ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလွှာ​ အတွင်းမှာ ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်​​ အနေနဲ့ ဒီပန်ကြားလွှာ​ ထုတ်ပြန်ရတဲ့ အဓိက​ အကြောင်း အရင်းတွေကိုလည်း ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဧရာဝတီကို ကယ်တင်ကြပါစို့ ဆိုတဲ့ နောက်ဆုံးအပိုဒ်ဟာ ထင်ထင်ရှားရှား ဖော်ပြထားတာပါပဲ။ အဲဒီမှာ ဘယ်လို ဖော်ပြထားသလဲဆိုရင် ဧရာဝတီရဲ့ ဂေဟစနစ်ကို ပြောင်းလဲစေပါက ထိုမြစ်ကြီးနဲ့ ဆက်စပ်နေသော မြန်မာနိုင်ငံ မြောက်စွန်းနေ တိုင်းရင်းသားလူမျိုးများမှ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဆန်စပါး စိုက်ပျိုးနေကြသော သူများအထိ လူ့အဖွဲ့အစည်းများတွင် ပါဝင်သူများအားလုံးကို ထိခိုက်မည် ဖြစ်ပါသည်။ ဧရာဝတီမြစ်ကို ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့ နိုင်ငံ၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းသာမက ကျွန်ုပ်တို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို စောင့်ရှောက်ခြင်းလည်း မည်ပါသည်။ အရေးအကြီးဆုံး အကျိုးဆက်မှာ ထိန်းသိမ်းခြင်းလုပ်ငန်းတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပါက ပိုမိုနားလည်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းမှု တို့ကိုပါ ရရှိစေနိုင်ပါသည်။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအများပြားကပင် ဧရာဝတီနဲ့ ပတ်သက်၍ တန်ဖိုးရှိသော သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် မြစ်ကြီးကို ထိန်းသိမ်းရန် လက်တွေ့ကျသော  အကြံဉာဏ်များနှင့် သတင်းအချက်အလက်များ အများအပြား ရှိနေသည်မှာလည်း သေချာပါသည်။ အခု ရှိပြီးသားဖြစ်သော သစ်တောနှင့် မြစ်ကြောင်းများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေများကို လိုက်နာရုံဖြင့်ပင် တိုးတက်မှု  အများအပြား ရရှိနိုင်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေးတရားနှင့် သဟဇာတ ဖြစ်ခြင်းကို ချစ်မြတ်နိုးသူ အားလုံးတို့အား အာရှတိုက်ရဲ့ အရေးပါဆုံး မြစ်ကြီးတခုဖြစ်တဲ့ ဧရာဝတီ ခြိမ်းခြောက်နေတဲ့ အန္တရာယ်များအား ကမ္ဘာတဝှမ်းမှ သိရှိနားလည်ကြစေရန် ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်တဲ့ အဲဒီလို ဖော်ပြထားပါတယ်။ ဒါဟာ အဲဒီ ဧရာဝတီအတွက် ပန်ကြားလွှာ  ထုတ်ပြန်ရခြင်းရဲ့ ပင်မ ရည်ရွယ်ချက် ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပန်ကြားလွှာအရင်က ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး အစိုးရက သတင်းစာတွေကနေ တဆင့် ဧရာဝတီမြစ်ဖျားပိုင်း ရေအားလျှပ်စစ်​ စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကို အမှီပြုနေရတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ တရုတ်နဲ့ မြန်မာပညာရှင်တွေ​ ပါဝင်တဲ့ အဖွဲ့ရဲ့ သတိပေးမှုတွေကို အစိုးရက တုံ့ပြန်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စီမံကိန်း တည်ဆောက်မှုတွေကြောင့် ဒေသခံပြည်သူတွေ​ အနေနဲ့လည်း ကျောက်သဲ ထုတ်လုပ်တဲ့ နေရာ၊ အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာ၊ လမ်းတွေဖောက်လုပ်တဲ့​ နေရာတွေ​ အပါအ၀င်  စီမံကိန်းတွေရဲ့  မြို့ပြအင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေပါ ရရှိနေကြပြီလို့လည်း ရေးသားခဲ့ဖူးပါတယ်။

Advertisements

မန္တလေးတောင်ပေါ်မှာ ပလတ်စတစ်များ သိမ်းဆည်းရန် လူငယ်များ ပြင်ဆင်


အံ့ဘုန်းမြတ် ၂၉ မေ ၂၀၁၁ (ဒီဗွီဘီ)

လာမယ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်မယ့် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနေ့”မှာ မန္တလေးမြို့က လူငယ်တွေစုပေါင်းပြီး မန္တလေးတောင်ပေါ်က ပြန့်ကျဲနေတဲ့ ပလတ်စတစ်တွေလိုက်လံ သိမ်းဆည်းကြဖို့ ပြင်ဆင် နေကြပါတယ်။

မန္တလေးမြို့ပေါ်က ဘာသာပေါင်းစုံက လူငယ်တွေပါဝင်တဲ့ Youth for Social Change Myanmar (YSCM) က ဖွဲ့စည်းထားတဲ့ မန္တလေးလူမှုရေးကွန်ရက် (ကမ္ဘာမြေကြီးကို ချစ်ကြသူများ) က ဒီအစီအစဉ်ကို ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပြီး အဲ့ဒီနေ့မှာတော့ မန္တလေးတောင်ခြေက ခြင်္သေကြီးနှစ်ကောင်ရှေ့ကနေ စတင်ပြီး ပလတ်စတစ်တွေကို ကောက်ယူသိမ်းစည်းကြမှာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ် ပြုလုပ်မှာနဲ့ ပတ်သက်ပြီး မန္တလေးလူမှုရေး ကွန်ရက်တာဝန်ခံ လူငယ်တဦးက အခုလို ရှင်းပြပါတယ်။

“မန္တလေးက တော်တော်လေး ညစ်ပတ်နေပါပြီ။ ရေစီးရေလာလည်း မကောင်းတော့ပါဘူး။ ပတ်ဝန်းကျင်တခုလုံးလည်း ညစ်ပတ်နေပါတယ်။ အဲဒီဟာကနေ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေက တဒေါင့်တနေရာကနေ ပါဝင်လှုပ်ရှားရင်းနဲ့ နိုင်ငံတော်အစိုးရကလည်း ကျနော်တို့အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်ကို မြင်သာထင်သာ ရှိလာပြီးတော့ သူတို့ တကယ် အလုပ်လုပ်လာမယ် ဆိုရင် ကျနော်တို့မြို့က သာယာလှပလာမှာပေါ့။ နောက်တချက်က ပလတ်စတစ်ရဲ့ အန္တရာယ်တွေက တအား ကျယ်ပြန့်တဲ့အတွက် ဒါတွေကို ပညာပေးအစီအစဉ်လေး လုပ်ဆောင်ပြီး ကျနော်တို့ တဖြည်းဖြည်း ဒီလိုပဲ လုပ်ဆောင် လာကြတာပေါ့။”

မန္တလေးက လူမှုရေးလုပ်ငန်းတွေ ၀ါသနာပါတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ ၀န်ထမ်းလူတွေ စုပေါင်းပြီး ဒီအစီအစဉ်ကို ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့နဲ့ ပတ်ဝန်းကျင်တွေမှာ စိမ်းလန်းစို ပြေဖို့အတွက် စာရေးဆရာညီပုလေးအပါအ၀င် စာနယ်ဇင်းလောကသားတွေနဲ့ အနုပညာ လောကသားတွေလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သစ်ပင်စိုက်ပျိုးတာ၊ အမှိုက်သိမ်းစည်းတာတွေကို ပြုလုပ်လျက် ရှိနေပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရ လက်တွေ့ဆောင်ရွက်ရန်လို


အံ့ဘုန်းမြတ် ၂၄ မေ ၂၀၁၁ (ဒီဗွီဘီ)

နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေရယူပြီး အစိုးရသစ်က လက်တွေ့ အကောင်အထည် ဆောင်ရွက်ဖို့လိုတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တတ်သိပညာရှင်တွေက ပြောဆို လိုက်ကြပါတယ်။

https://sites.google.com/site/ahuntphonemyat/APM-ENVROMENTUOHNINTERVIEWS-24052011.mp3?attredirects=0&d=1

အစိုးရအဖွဲ့သစ်ရဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက ဒီလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ IBC  (International Business Center) ပြုလုပ်ခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ NGO၊ INGO အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးပွဲအပြီး ပညာရှင်တွေက ပြောကြားလိုက်ကြတာ ဖြစ်ပါတယ်။

အဲဒီလို ပြောကြားထားတဲ့အထဲက ဖရီဒါခေါ် “သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့” ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအုန်းနဲ့ မေးမြန်းထားပါတယ်။

မနေ့က IBC မှာ လုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနဲ့ ပညာရှင်တွေ၊ စာနယ်ဇင်းဆရာတွေရဲ့ တွေ့ဆုံပွဲအကြောင်း ရှင်းပြပေးပါဦး။

ဦးဝင်းထွန်းက သစ်တောရေးရာဝန်ကြီးပေါ့။ သူက သဘာဝပတ်ဝန်းကျင် ဥက္ကဋ္ဌ၊ နောက်ရန်ကုန်တိုင်းဒေသကြီးက ၀န်ကြီးချုပ် ဦးမြင့်ဆွေကလည်း ပြောတယ်။ သူတို့ နှစ်ယောက် ပြောပြီးတော့ လူလေးငါးဆယ်ယောက်လောက်ကတော့ ထမေး ကြ၊ ပြောကြ၊ အကြံပြုကြ၊ ဆွေးနွေးကြတာပေါ့။ တော်တော်ပွင့်ပွင့်လင်းလင်းပဲ ရှိပါတယ်။

ဒီအခမ်းအနားမှာ ကအတွေ့အကြုံ လေးတွေလဲ သိချင်ပါတယ်ခင်ဗျ။

သူတို့က ပွင့်ပွင့်လင်းလင်းရှိပြီးတော့ ဒါက ပထမဦးဆုံးပေါ့။ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောခွင့်ပေးတာဆိုတော့ ၀မ်းသာစရာပေါ့။

ဆရာအပါအ၀င် အခြားပုဂ္ဂိုလ်တွေကရော ဘာတွေ မေးမြန်းဆွေးနွေးခဲ့ကြလဲဗျ။

ကျနော်ကတော့ ဥပဒေတွေဘာတွေ လုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဥပဒေတို့၊ ဇီဝဘေးကင်းရေးဥပဒေ၊ မူပိုင်ခွင့်ဥပဒေတို့၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ စသည်ပေါ့။ ဒါတွေကို ကျနော်တို့ ဆွေးနွေးတယ်။ စာရေးဆရာ ချစ်စံဝင်း ကလည်း တော်တော်လေး ဆွေးနွေးခဲ့တယ်။ စာပေလွတ်လပ်ခွင့်ရဖို့  သဘာဝပတ်ဝန်းကျင်ကိစ္စတွေနဲ့ပတ် သက်ပြီးတော့ စာပေစိစစ်ရေးက Relax (လျော့ပေါ့) လုပ်ဖို့ကိစ္စပြောတယ်။ နောက် ကျနော်တို့ သူ့ရှု့ထောင့်နဲ့သူ ပြောကြဆိုကြ ရှိပါတယ်။

ဒီလိုဆွေးနွေး အကြံပေးခဲ့ကြတော့ အစိုးရအဖွဲ့အနေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အာမခံ ဖြေကြားပေးသွားတာမျိုးတွေရော ရှိလားဗျ။

ဘာမှတော့ အဖြေပေးမသွားဘူး။ ကျနော်တို့ အကြံပေးတာတွေ အကုန်တော့ မှတ်သွားတယ်။ ကျနော်တို့ပေးတဲ့ အကြံဥာဏ်တွေက အလွန်ကောင်းတယ်။ သူ မျှော်လင့်ထားသလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတာတွေ ကြိုဆိုတယ်။ ဒါတွေ မှတ်သားပြီး အတတ်နိုင်ဆုံး သူအဆင်ပြေအောင်လုပ်မယ်လို့တော့ ပြောသွားတာပဲ။ သူတို့အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ပြောတယ်။

အစိုးရအဖွဲ့က  ဆရာတို့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကိုရော တကယ် အကောင်အထည်ဖော်လာနိုင်ပါ့မလားဗျ။

ပြုပြင်နေတာတော့ သေချာတယ်။ သူတို့ဆန္ဒရှိတယ်။ သူတို့ရဲ့ပြောပြချက်တွေက စနစ်ကျတယ်လို့ ယူဆတယ်။ အကောင်အထည်ဖော်ဖို့ ဆိုတာတော့ တချို့ကိစ္စတွေက နေ့ချင်းညချင်း လုပ်လို့မရဘူး။ ဥပဒေလိုဟာမျိုးဆိုပါတော့၊ ဥပဒေတွေကို မူကြမ်းတွေ ဆွဲပြီးပြီ။ ဥပဒေအနေနဲ့တော့ အကောင်အထည် မသက်ရောက်သေးဘူး။ အဲဒါတွေတော့ နေ့ချင်းညချင်း လုပ်ဖို့မလိုပါဘူး။ အချိန်တော့ ယူရမယ်။ အချိန်သိပ်ယူရင်လည်း ခေတ်နဲ့အပြိုင် နောက်ကျသွားမှာစိုးလို့ အကြံပြုတယ်။

အရင်တုန်းကဆိုရင် အစိုးရက ပညာရှင်တွေပြောတာ သိပ်ဂရုမစိုက်ခဲ့ဘူး။ အခုက ပညာရှင်တွေရဲ့ အကြံပေးတာတွေကို နားထောင်လာတယ်ပေါ့။ ဒီအပေါ်ကိုရော ဆရာဘယ်လိုမြင်လဲဗျ။

ကျနော်တို့ ဒီလိုအခွင့်အရေးမျိုးက ပထမဦးဆုံး ရတဲ့အခွင့်အရေးမျိုးပါ။ ပထမဦးဆုံး လွတ်လွတ်လပ်လပ် နိုင်ငံတော်အစိုးရကိုယ်စားလှယ်တွေနဲ့ အန်ဂျီအိုနဲ့ မီဒီယာနဲ့ စာရေးဆရာတွေ၊ ပညာရှင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတော့ ဒီခေတ်မှာ ပထမဦးဆုံးဆိုတော့ ကြိုဆိုပါတယ်။ ကျေနပ်တယ်။ အဲဒါလေးပဲ။ နိုင်ငံ တော်အစိုးရလည်း အပြုသဘောမျိုးနဲ့ စာလည်းရေးတယ်။ ပြောလည်းပြောတယ်။ ဟောပြောပွဲတွေလုပ်တယ်။ အဲဒါတွေအပေါ်မှာကိုလည်း လွတ်လွတ်လပ်လပ် ရှိတဲ့အတွက် ကျေနပ်ပါတယ်။ ကျနော်တို့အပေါ်မှာ ကောင်းမြင်ပြီးတော့ ဒီအဖိုးကြီးတွေက သူတို့သေခါနီးမှာ တိုင်းပြည်အတွက် သူတို့ အကောင်းဆုံးဖြစ်အောင် စေတနာနဲ့ လုပ်တယ်ဆိုတာကို သူတို့ လက်ခံတာကိုတော့ ကျနော်ယုံပါတယ်။ လက်မခံ ဘူးဆိုရင်တော့ ကျနော်လည်း အချုပ်ထဲရောက်တာ ကြာပြီ။ စေတနာ ထားတာ ကိုတော့ ကျေးဇူးလည်းတင်တယ်။ ရှေ့လည်းဆက်ပြီးတော့ အတတ်နိုင်ဆုံး သဘာဝပတ်ဝန်းကျင် သာယာအောင် လုပ်မယ်လို့ ခံယူထားပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီကို ဆက်စပ်ဝန်ကြီးဌာနတွေက ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေပါဝင်တဲ့ အဖွဲ့ဝင် ၂၁ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

ဒီအခမ်းအနားမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက နိုင်ငံတော်အဆင့်က ဆောင်ရွက်ရမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များအပေါ် ဝေဖန်အကြံပေးမှု တွေကို ကြိုဆိုလက်ခံမှာ ဖြစ်သလို အကြံပေးမှုတွေကို အဆင့်ဆင့် အမြန်ဆုံး အကောင်ထည် ဖော်မယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး နှစ်အလိုက် သစ်တောဧရိယာ လျော့ကျမှုမှာ ဟက်တာ ၅၀,၀၀၀ နီးပါးရှိနေသလို မြန်မာ့သစ်တောတွေရဲ့ မြေပေါ်နဲ့ မြေအောက် ကာဗွန် ထိန်းသိမ်းထားနိုင်စွမ်းမှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၀ အတွင်း ၀ ဒသမ ၃၈၇ မီလျံမက်ထရစ်တန် လျှော့ကျလာခဲ့ရတယ်လို့ အာဆီယံဒေသတွင်း နိုင်ငံတွေက ပညာရှင်တွေရဲ့ စစ်တမ်းက ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေ အမြန်ဆုံးပြဌာန်းဖို့ အစိုးရသစ်ကို တိုက်တွန်း


အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-ENVROMENT%26PRESENTNEWS-28042011.mp3?attredirects=0&d=1

ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့မှာ ပါဝင်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ဦးအုန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေ အမြန်ဆုံးပြဌာန်းဖို့ သမ္မတကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ ၁၀ ဦးကျော် လောက် ပါဝင်မယ့် သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့ဝင် ဖရီဒါခေါ် “သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့” ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအုန်းက တိုက်တွန်း ဘပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဥပဒေသစ်တရပ်ဖြစ်တဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းဥပဒေကို အစိုးရက ပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့် ဒီစီမံကိန်းတွေကိုသာ အကောင်အထည်ဖော်လာရင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ပိုမိုဖြစ်လာနိုင်တာကြောင့် ထိန်းချုပ်နိုင်ဖို့ အတွက် ဒီဥပဒေတွေကို အမြန်ဆုံးပြဌာန်းဖို့ လိုအပ်နေတာလို့ သူက ဆိုပါတယ်။

“Special Economic Zone Investment law တွေ ထွက်ပေမယ့် Environmental Law မထွက်သေးဘူး။ အဲဒီဥပဒေတွေ ထွက်လာတဲ့အခါကျတော့ ဥပဒေတွေကို ကိုးကား Refer လုပ်တဲ့အခါမှာ Environmental Law မှာ ဘယ်ဥပေဒ၊ ဘယ်အပိုဒ်၊ ဘယ်ကဏ္ဍအရ အရေးယူမယ်ဆိုတဲ့ ဥပဒေမှ မရှိသေးတာ။ ဘယ့်နှယ့်လုပ် အရေးယူမလဲ။ အဲ့ဒါတွေ အမြန်ဆုံး ထုတ်ပေးဖို့လိုတယ်။ ကျနော်ဝေဖန်ရတာ နည်းနည်း အားနာစရာပေါ့လေ။ သမ္မတကြီး မိန့်ခွန်းကတော့ သိပ်ကောင်းတယ်။ သူ့မိန့်ခွန်းအတိုင်း လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ တဖက်ကလည်း ကျွန်တော်တို့ အချိန်တော့ စောင့်ကြည့်ဖို့လိုမယ်လို့ ထင်တယ် တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့ဗျာ။”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေ၊ ဇီဝဘေးကင်းရေး ဥပဒေတွေနဲ့ မူပိုင်ခွင့်ဥပဒေတွေကို အထူးစီးပွားရေးဇုံဥပဒေထက် အရင် ရေးဆွဲထားပြီးဖြစ်ပေမယ့် အစိုးရအဖွဲ့က မပြဌာန်းသေးတာအပေါ် အခြားပညာရှင် အချို့ကလည်း ဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်။

သမ္မတဦးသိန်စိန်ကတော့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကို အလေးထား လုပ်ဆောင်သွားမယ်လို့ ပြောကြားထား ပေမယ့် သက်တမ်း တလကြာမြင့်လာတဲ့ အခုအချိန်အထိ အကောင်အထည် မဖော်နိုင် သေးတာလည်း ဖြစ်ပါတယ်။ ဒီမိန့်ခွန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးအုန်းက

“ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ကောင်းအောင်လုပ်ဖို့ သူတို့ ဆန္ဒရှိတယ်။ လုပ်ပုံ လုပ်နည်းကတော့ အမျိုးမျိုး ရှိကြ တာပေါ့ဗျာ။ စိတ်ကူးအမျိုးမျိုး ရှိကြတာပေါနော်။ သမ္မတကြီးကလည်း သမ္မတကြီး စိတ်ကူး ရှိမှာပေါ့။ သူပြောတဲ့ မိန့်ခွန်းကလည်း အရမ်းကောင်းတယ်။ အဲဒီအတိုင်း လုပ်နိုင်ရင်တော့ ဒါ အတိုင်း ထက် အလွန်ပါပဲ။ လုပ်တော့ လုပ်မှာပဲ ဘယ်လောက်အထိ လုပ်နိုင်တယ် မလုပ်နိုင်တယ်တော့ ကျနော်တို့ စောင့်ရမယ်။ လိုအပ်ရင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင် သင့်ပါပဲ။ အစိုးရကို ဝေဖန်သင့်တာ ဝေဖန်နေပေမယ့် အစိုးရနဲ့ လက်တွဲမလုပ်လို့လည်း မဖြစ်တော့ အစိုးရနဲ့လည်း ကျနော်တို့ ဖားတာမဟုတ်ဘူးနော်၊ အလုပ်တခုအတွက် လက်တွဲလုပ်ဖို့ကတော့ ကျနော် ၀န်မလေးပါဘူး။”

ဒီ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာသုတေသနအဖွဲ့မှာတော့ ဦးသိန်းထွန်း (ထွန်းဖောင်ဒေးရှင်း)၊ MCC ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်၊ ပါမောက္ခဒေါက် တာအောင်ထွန်းသက်၊ ဒေါက်တာစိန်မြင့်၊ ဒေါ်ရင်ရင်လေးနဲ့ ဦးအုန်းအပါအ၀င် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး ဒီအဖွဲ့ကနေ အစိုးရသစ်နဲ့ သမ္မတကို သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာတွေ အကြံပေး တင်ပြ သွားကြမှာ ဖြစ်ပါတယ်။ သမ္မတကတော့ သူ့မိန့်ခွန်းထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး လိုအပ်ချက်တွေကို ဟန်ချက်ညီညီနဲ့ ထိန်းညှိဆောင်ရွက်ပေးမယ့် မူဝါဒတရပ်ကို ချမှတ်သွားမယ်လို့လည်း ပြောကြား ထားပါတယ်။

အင်းလေးကန် ရေရှည်တည်တံ့နိုင်ရေး ဆုံးဖြတ်ချက်များချမှတ်


အံ့ဘုန်းမြတ် ၂၆ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

အင်းလေးကန် ရေရှည်တည်တံ့နိုင်ရေးအတွက် ကန်အတွင်းမှာ ကျေးရွာတွေ၊ အိမ်တွေ၊ ကျွန်းမျှောတွေအပြင် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ထပ်မံတိုးချဲ့တည်ဆောက်တာတွေကို တားမြစ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလ ၁၂ ကနေ ၁၄ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့တဲ့ အင်းလေးကန် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဒီအချက်တွေနဲ့အတူ အခြားအချက် ၃၀ ကျော်ပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ခဲ့တာ တွေနဲ့ပတ်သက်ပြီး အင်းလေးကန် ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ FREDA လိုခေါ်တဲ့ ‘သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒု-ဥက္ကဋ္ဌ ဦးအုန်း က အခုလိုပြောပါတယ်။

“ကျွန်းမျောတွေ မတိုးချဲ့ဖို့ ဒါတွေလည်းပါတယ်။ အဲဒီတော့ မတိုးချဲ့တော့လည်း သူတို့ရဲ့ စားဝတ်နေရေးအတွက်ကတော့ စဉ်းစားပေးရမှာပေါ့။ အဲဒီတော့ သူတို့ကိုနေရာတကာလည်း အကျပ်ကိုင်လို့မရဘူး၊ လွှတ်ထားလို့လည်းမရဘူး၊ ထိန်းထိန်း သိမ်းသိမ်း လုပ်ရမှာပေါ့နော်၊ အဲဒါတွေရှိတယ်။”

ဒီဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးပညာရှင်တွေနဲ့အတူ ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အာဏာ ပိုင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပညာရှင်တွေက အင်းလေးကန်နဲ့ပတ်သက်တဲ့ စာတမ်းပေါင်း ၃၀ ကိုဖတ်ကြားခဲ့ပြီး ဒေသခံတွေလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်လို့လည်း ဦးအုန်းက ပြောပါတယ်။ ဒီဆွေးနွေးပွဲက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဦးအုန်းက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့က နိုင်ငံခြားကိုပဲ အားကိုးလို့မဖြစ်ဘူး။ ပြည်တွင်းအားနဲ့လည်း ကျနော်တို့အင်းလေးကန်ကြီး ထူထောင်ရမယ်။ ဟိုတယ်နဲ့တိုးရစ်က (ခရီးသွားလုပ်ငန်း) ကရတဲ့ ငွေကလည်း ပေးရမယ်။ ကျွန်းမျောတွေကရောင်းတဲ့ ခရမ်းချည်သီး  တွေဘာတွေ ပွဲရုံတွေကလည်း ပေးရမယ်။ စသည်ဖြင့်ပေါ့ဗျာ။ သဘာဝပတ်ဝန်းကျင်ကို ဒီအင်းလေးကန်ကို အခြေပြုပြီးတော့ စီးပွားရှာတဲ့လူတွေက ၀န်ဆောင်မှုတွေအတွက် ပြန်ပေးရမယ်။ အဲဒါလည်း ကျနော်တို့မဖြစ် မနေတွန်းအားပေးရမယ်။ အလွန်ကျယ်ပြန့်ပါတယ်။ ဒါဟာ နေ့ချင်းညချင်း လုပ်လို့ မရပါဘူး။ နှစ်နဲ့ချီလုပ်ရမယ်။ နှစ်တောင်မှ ၁ နှစ် ၂ နှစ်နဲ့မရဘူး။ ၁၅ နှစ်၊ အနှစ် ၂၀ လောက် ဆက်လုပ်ရမှာ။”

အင်းလေကန် ရေနည်းပါးမှုကို ပြီးခဲ့တဲ့ ဧပြီလက နှစ် ၅၀ ကျော်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့ပြီး အင်းလေးကန်ဒေသဟာ ရက်ကန်းရုံ၊ ငွေထည်၊ ကြေးထည်အလုပ်ရုံ၊ အခြားလက်မှုလုပ်ငန်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေ အများဆုံးလုပ်ကိုင်တဲ့ ဒေသ တခုလည်းဖြစ်ပါတယ်။

နှစ် ၅၀ ကျော်အတွင် အင်းလေးကန် ရေခမ်းခြောက်မှုကို ဧပြီလက ပထမဆုံး မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀ီးကလီးအလဲဗင်း)

Categories

%d bloggers like this: