လူမှုရေး

This category contains 37 posts

ပဲခူးခရီးစဉ်နဲ့ပတ်သက်ပြီး ဒေသခံအာဏာပိုင်တွေနဲ့ လူထုကို ကျေးဇူးတင်ကြောင်း ဒေါ်စု ပြောကြား


အံ့ဘုန်းမြတ် (၁၅ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး ရန်ကုန်ပြင်ပ ပဲခူးမြို့သို့ ဒီလ ၁၄ ရက်နေ့က သွားရောက်ခဲ့တဲ့  နိုင်ငံရေးခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အဘက်ဘက်က ကူညီ ဆောင်ရွက်ပေးခဲ့သူတွေ အပါအ၀င် ဒေသခံအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအား အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ ထုတ်ပြန်ပြီး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ခုလို ပြောပြပါတယ်။

“ပဲခူးမြို့နှင့် သနပ်ပင်မြို့များသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်၊ သံဃာတော်များ၊ အနောက် ရွှေနံ့သာ ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား တွေ့ဆုံဖူးမြော်၍ မေတ္တာနှင့် သြ၀ါဒများကို ခံယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသူများအား လည်းကောင်း၊ လာရောက် အားပေးကြသော ပြည်သူလူထုအားလည်းကောင်း၊ ဒီမိုကရေစီ ကွန်ရက်များနှင့်၊ လူမှုကွန်ရက်များက အဖွဲ့ဝင်များအား လည်းကောင်း၊ အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသော ဒေသဆိုင်ရာ အာဏာပိုင်များအား လည်းကောင်း၊ လူမှုရေး အဖွဲ့အစည်းများအား လည်းကောင်း၊ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့များ အားလည်းကောင်း၊ တာဝန်ကျေပွန်စွာ စီစဉ်ဆောင်ရွက်ပေးသော အဖွဲ့ချုပ် အဖွဲ့ဝင်များအား လည်းကောင်း၊ အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲလိုမျိုး ကြေညာပါတယ်။”

ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူး ရွှေမော်ဓောဘုရားကို ၀င်ရောက် ဖူးမြော်ခဲ့သလို ဘုရားဝင်း တောင်ဘက်မုခ်မှာရှိတဲ့ သာသနာ့ မဏ္ဍိုင်ကျောင်းက ဆရာတော်ကြီး အပါအ၀င် ရဟန်း သံဃာတွေကို သင်္ကန်းဆက်ကပ် လှူဒါန်းတာတွေ ပြုလုပ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သနပ်ပင်မြို့နဲပဲခူးမြို့တွေမှာ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ကမ္ဘာက အဆင့်အတန်းရှိတဲ့ နိုင်ငံတခုအဖြစ် လက်ခံလာအောင် ၀ိုင်းဝန်းကြိုးစားကြဖို့နဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်လာဖို့အတွက် တိုက်တွန်းခဲ့သလို မြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေတချို့ကိုလည်း ပြည်သူလူထုကို ရှင်းလင်းပြောကြားခဲ့သလို ရေဘေးသင့် ပြည်သူတွေကိုလည်း အားပေးမှု ပြုလုပ်ခဲ့ပါတယ်။

Advertisements

ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်ကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို


အံ့ဘုန်းမြတ် (၁၀ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို တရားစွဲဆိုလိုက်ပါတယ်။

တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ၂၀၀၁ ခုနှစ်မှာ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ နေအိမ်နဲ့ ခြံနဲ့ပတ်သက်ပြီး “အမွေဘုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု” ဆွဲဆိုခဲ့တဲ့  နဲ့ပတ်သက်ပြီး မော်နီတာဂျာနယ်အင်တာဗျူးမှာ ဦးအောင်ဆန်းဦးက တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုလိုက်တာပါ။

ဒီလိုတရားစွဲတဲ့နေရာမှာ ဦးအောင်ဆန်းဦးနဲ့အတူ ဖော်ပြသူ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ၀ဏ္ဏကျော်ထင် ဦးလှမြင့်ဆွေတို့ကို တရားစွဲဆိုလိုက်ပါတယ်။

ဒီလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ရှေ့နေတွေက တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ တရားဆွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို တရားစွဲရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ရှင်းလင်း ပြောဆိုပါတယ်။

“ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမွေဘုံ စီမံခန့်ခွဲပေးစေလိုမှုဆိုပြီး စွဲဆိုထားတယ်။ စွဲဆိုထားတဲ့အမှုက လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတွေကို စစ်ဆေးဖို့အဆင့်ရှိသေးတယ်။ အမှုကမပြီးသေးဘူး၊ အဆုံးအဖြတ်တွေ မချမှတ်ရသေးဘူး။ အဲ့ဒီအချိန်မှာ မော်နီတာဂျာနယ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆောင်းပါးတခုရေးခဲ့တယ်။ ဆောင်း​ပါး​မှာ ဦး​အောင်ဆန်း​ဦး​က အဓိကငြင်း​ချက်​တွေ (Major Issue) တွေမှာ​ သူအနိုင်ရပြီး​ပြီလို့ ရေး​ထားပါ​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ပစ္စည်း​တွေလိုချင်တဲ့​သ​ဘောနဲ့ ပြုလုပ်​နေတယ်ဆိုပြီး​ ​ပြောတယ်။ ဒီအ​ပေါ်မှာ တရား​ရုံး​က အဆုံး​အဖြတ် မပြုရ​သေး​တဲ့​ကိစ္စကို ပုဂ္ဂိုလ်တဦး​တ​ယောက်တည်း​ရဲ့ ​ပြောကြား​ချက်ကို ဂျာနယ်ကထည့်​တယ်၊​ ဒီကိစ္စနဲ့ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာဦး​ကြည်ဝင်း​နဲ့ ကျ​နော်တို့ကို ကိုယ်စား​လှယ်စာ​ပေး​ပါတယ်။ အဲ့​ဒါနဲ့ ကျ​နော်တို့ ပြီး​ခဲ့​တဲ့​တနင်္လာ​နေ့က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ တရား​စွဲပါတယ်။”

လက်ရှိခြေအနေမှာတော့ ရန်ကုန်တိုင်းတရားလွှတ်တော်က အမှုကို လက်ခံထားပြီး ထုတ်ပြန်လာမယ့် သတိပေးကြေညာစာကို စောင့်ဆိုင်းနေတယ်လို့လည်း ဦးဥာဏ်ဝင်းက ဆိုပါတယ်။

“ကျနော်တို့လျှောက်ထားတာက ၁၉၂၆ ခုနှစ် တရားရုံးများအား မထီမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၂ နဲ့ ၃ ပါ။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီအမှုကို လက်ခံထားပါတယ်။ လာမယ့် ရုံးချိန်းတွေမှာ ဘာလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ တရားလွှတ်တော်ရဲ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ သတိပေးကြေညာစာတွေကို စောင့်ကြည့်ရမှာပါ။ ပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားသွားမှာပါ။”

အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ တရားရုံးများအား မထီမဲ့မြင်ပြုမှု ပုဒ်မတွေဟာ လက်ရှိ အသက်ဝင်နေပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားကျင့်ထုံးတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတဲ့အပေါ်ကိုလည်း ဦးဥာဏ်ဝင်းက အခုလိုရှင်းလင်းပြောဆိုပါတယ်။

“လုံးဝ အကျုံးဝင်မှုရှိပါတယ်။ လက်ရှိအစိုးရမတက်ခင် ကာလမှာပဲ ကျနော်တို့ ရှေ့နေကြီး ဦးအောင်သိန်းတုန်းကလည်း ပြစ်ဒဏ်ပေးခံရတာပါ။ ပြစ်မှုမြောက်တာ မမြောက်တာကို ပြောတာမဟုတ်ပါဘူး ဒီဥပဒေ အသက်ဝင်နေသေးတယ် ဆိုတာကို ကျနော်ပြောတာပါ။”

ဒါ့အပြင် ဒီအမှုမှာ ဦးအောင်ဆန်းဦးရဲ့ အင်တာဗျူးကို ဖော်ပြခဲ့တဲ့ မော်နီတာဂျာနယ်က တာဝန်ရှိသူတွေကို ထည့်သွင်းတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“ဦးအောင်ဆန်းဦး အပါအ၀င် မော်နီတာဂျာနယ် ထုတ်ဝေသူ ၀ဏ္ဏကျော်ထင် ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင် သူတို့ကို ထည့်ဆွဲတယ်။ သူတို့ ၂ ယောက်ကို ဆွဲရတာကလည်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားရုံး မထီမဲ့မြင် ပြုမှုဥပဒေတွေမှာ ဥပဒေလုပ်ထုံး လုပ်နည်း တွေနဲ့ အညီ တရားရုံး စီရင်ချက်တွေမှာ ထုတ်ဝေသူနဲ့ အယ်ဒီတာလည်း တာဝန်ရှိတယ်ဆိုပြီး တသမတ်ထဲ ဆုံးဖြတ်ထားတယ်။ ဒီအပေါ်မှာ အဲဒီသုံးဦးကို တနင်္လာနေ့က တရားစွဲပါတယ်။”

တရားစွဲဆိုခံရတဲ့ထဲမှာ ပါဝင်တဲ့ မော်နီတာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ကတော့ ဒီအပေါ်ကို အခုလိုပြောပါတယ်။

“ဒါ ဖြေတဲ့သူ​တွေရဲ့ အာ​ဘော်ပဲ​လေ။ ကိုယ့်​အာ​ဘော်မှ မဟုတ်ဘဲ။ သတင်း​ရေး​တာ မဟုတ်ဘူး​။ သတင်း​ဆိုရင်​တော့​ သတင်း​ရေး​သူရဲ့ အာ​ဘော်ပဲ။ ဒါက အင်တာဗျုး​တဲ့​သူက ​မေး​တယ်။ ​အောင်ဆန်း​ဦး​က ​ဖြေတယ်။ တခြား​ဟာ​တွေ တချို့ဟာ​တွေက တရား​ရုံး​ကျမှပဲ ​ပြော​တော့​မယ်။ တချို့ဟာ​တွေက အစ်မ​ကော၊​ ကို​အောင်ဆန်း​ဦး​ပါ ဗိုလ်ချုပ်​အောင်ဆန်း​ သား​သမီး​တွေဖြစ်လို့ ဘာမှဖြစ်စရာ အ​ကြောင်း​မရှိဘူး​။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိ​စေရလို့ ဦးရွှေမန်းတို့က မကြာခဏ ​ပြောဖူး​တာပဲ။ ဥပ​ဒေ အဆုံး​အဖြတ်ခံယူရမှာပါ။”

ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး နေအိမ်နဲ့ ခြံဝင်း အမွေပိုင်ဆိုင်လိုမှုနဲ့ စတင်တရားစွဲဆိုမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအမှုမှာတော့ ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဦးအောင်ဆန်းဦး အမှုရှုံးနိမ့်ခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်မှာတော့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက အမွေဘုံ ပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနဲ့ ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်အကြာ ဒီကနေ့အချိန်အထိ တရားရုံးက မဆုံးဖြတ်သေးတာလည်း ဖြစ်ပါတယ်။

ဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၉ ခုနှစ်မှာ နေအိမ်ပြင်မှုပြုလုပ်ခဲ့စဉ်အချိန်ကလည်း ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် ပြင်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရပါတယ်။

ပုဂံဒေသထိန်းသိမ်းပြုပြင်ရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုလုပ်မည်ဟုဆို


အံ့ဘုန်းမြတ် (၁၁ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

မိသားစုပုဂံဘုရားဖူး ခရီးစဉ်က ပြန်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ဟောင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဦးဆောင်ပြုလုပ်မယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေမှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ အတူ သဘာဝပတ်ဝန်းကျင် အပါအ၀င် လူမှုရေးမြှင့်တင်မှု လုပ်ငန်းတွေကို ပြုလုပ်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သူရဲ့ ၄ ရက်ကြာ မိသားစု ပုဂံဘုရားဖူးခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတွေ အတွက် ပုဂံမိတ်ဆွေများလို အဖွဲ့အစည်းတခု တည်ထောင်ပြုလုပ်လိုပြီး အစိုးရ၀န်ကြီးဌာနတွေ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြုလုပ်ဖို့ ပြောကြားလိုက်ပါတယ်။

“friends of Bagan လိုဟာမျိုး လုပ်ရင်ကောင်းမလားလို့ စဉ်းစားတယ်။ အဲတော့ ပုဂံကို ရောက်ဖူးတဲ့လူတွေ ရှေးဟောင်း အမွေအနှစ်တွေကို တန်ဖိုးထားတဲ့ လူတွေက ၀ိုင်းစုပြီးတော့ တကယ့် ကျွမ်းကျင်သူတွေနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်တယ်။ နောက် ပုဂံရဲ့ ယဉ်ကျေးမှုကို ဘယ်လိုအားပေးနိုင်မလဲ။ ပုဂံကို ကူညီတယ်ဆိုတာ ပုဂံအဆောက်အဦတွေတင် မဟုတ်ဘူး။ ပုဂံကို မှီပြီးတော့ အသက်မွေးဝမ်းကြောင်း ရှာနေတဲ့ လူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ကူညီနိုင်အောင်လို့ အဲလိုဟာမျိုး လုပ်ချင်တယ်။ ပုဂံနဲ့ နောက်ပုပ္ပါးပတ်ဝန်းကျင်မှာ၊ ပုပ္ပါးပတ်ဝန်းကျင်ကျတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရှေးဟောင်းအဆောက်အဦ ထိန်းသိမ်းရေးကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ အဲဒီဟာကို စပြီးတော့ လုပ်ချင်တယ်။ အစိုးရနဲ့ ပူးပေါင်းနိုင်ရင် အကောင်းဆုံးပေါ့။ ယူနက်စကိုနဲ့လည်း တိုင်ပင်မယ်လို့ စဉ်းစားတယ်။ သူတို့ကတော့ ဘယ်လောက် ပါဝင်နိုင်မယ် မသိသေးဘူး။”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဘုရားဖူးခရီးစဉ် အတွင်း သူမြင်တွေ့ခဲ့ရတဲ့ ပုဂံရှိ ရှေးဟောင်း အဆောက်အအုံတွေကို ပြုပြင် ထိန်းသိမ်းရေးတွေနဲ့ အတူ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေတွေနဲ့ ပုဂံအနီး ပတ်ဝန်းကျင် ဒေသပြည်သူတွေရဲ့ လူမှုရေး အခြေအနေ စတာတွေကို သတင်းထောက်တွေကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မကြာခင် စတင်အကောင်အထည် ဖော်တဲ့နေရာမှာလည်း ပြည်သူလူထု တရပ်လုံးအနေနဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွ ပါဝင်ကူညီဆောင်ရွက် ကြဖို့လိုတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွင်း အာနန္ဒာ၊ သဗ္ဗေညု၊ မြစေတီနဲ့ မနူဟာဘုရားတွေကို ဖူးမြော်ရတဲ့ ရည်ရွယ်ချက်တွေကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။

“တခုချင်း ပြောရမယ်ဆိုရင် အာနန္ဒာ ဘုရားကို သွားဖူးရတဲ့အကြောင်းက သူက ကျန်စစ်သားကို ရှိခဲ့တဲ့ ဗမာဘုရင်တွေထဲမှာ သဘောကျတယ်။ သူ့စိတ်ဓာတ်၊ သူ့ပြည်သူတွေအပေါ်မှာ ထားတဲ့မေတ္တာ၊ နောက် သူ့မှာ သစ္စာတရားလည်း ရှိတယ်။ တကယ်တော့ အားလုံးသိတဲ့အတိုင်းပဲ ရှေးရာဇ၀င် စာတွေထဲမှာ ဘယ်လိုပဲပြောပြော၊ နောက်ပိုင်း သုတေသနတွေထဲမှာတော့ ကျန်စစ်သားက အနော်ရထာနဲ့ ဘာမှ အမျိုးတော်တာလည်း မဟုတ်ဘူး။ အင်မတန်တော်တဲ့ စစ်သူကြီးတယောက် ဖြစ်ခဲ့ပုံရတယ်။ အဲတော့ ကျန်စစ်သားက သစ္စာရှိလို့ အနော်ရထာရဲ့ သားတော်ကို မပုန်ကန်တာပေါ့။ သစ္စာတရားလည်း ရှိတယ်။ ပြည်သူတွေအပေါ်မှာလည်း မေတ္တာရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးအတွက် အင်မတန်ကို အမြော်အမြင်ရှိတယ်။ အဲဒါ မြစေတီကျောက်စာကို ကြည့်ရင် သိနိုင်တယ်။ နောက်ပြီးတော့လည်း အရေးကြီးဆုံးတခုက ဆက်ခံရေး၊ သူမရှိတဲ့အခါကျရင် ဆက်ခံမှုက ချောချောမောမော ဖြစ်အောင်လို့ သူ့လောက် လုပ်သွားနိုင်တဲ့လူ မရှိဘူးလို့ ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာသမိုင်းမှာဆိုရင် ဘုရင်တယောက် မရှိတော့ဘူးဆိုရင် တယောက်နဲ့ တယောက် သတ်လားဖြတ်လား၊ ပုလ္လင်ကို လုလားဆိုတာ အင်မတန် များတယ်။ အလောင်းစည်သူကို ဘယ်လိုပဲ တော်တယ်ပြောပြော၊ နောက်ဆုံးကျတော့ သူ့သားက နန်းလိုချင်လို့ သူ့ကို ပြန်ပြီးတော့ သတ်တဲ့အဆင့်ဖြစ်တယ် မဟုတ်လား။ ကျန်စစ်သားဆိုရင် သူ့နန်းတော် သူ့ရဲ့ မြေးကို သူပေးခဲ့တယ်။ အဲဒီဟာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဆိုင်တယ်လို့ ထင်တယ်။ မွန်တွေကို စည်းရုံးတဲ့အနေနဲ့ ဒီကလေးကို ရွေးခဲ့တယ်၊ နန်းတင်ခဲ့တယ်။ ဒါပေမယ့် သူ့သားက ရာဇကုမာရက လုံးဝခါးသီးတဲ့ ပုံစံမပေါ်ဘူး။ ဒီဆက်ခံမှုကို ဘယ်လိုစီစဉ်လည်း မသိဘူး။ အားလုံးကနေ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံအောင် စီစဉ်နိုင်ခဲ့တယ်ဆိုတာ ဒါက အင်မတန် ထူးခြားတဲ့ အရည်အချင်း၊ အထူးသဖြင့် မြန်မာသမိုင်းမှာ အင်မတန် ထူးခြားတဲ့ အရည်အချင်းလို့ ထင်လို့ ဒါကြောင့်မို့လို့ အာနန္ဒာကို သွားဖူးတယ်ဆိုတာ ကျန်စစ်မင်းကို လေးစားတဲ့အနေနဲ့ ဖူးတာ။

“နောက် မနူဟာဘုရားဆိုတာ အားလုံးသိတဲ့အတိုင်းပဲ မနူဟာဘုရင်က မွန်ဘုရင်လည်း ဖြစ်တယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် စစ်ရှုံးပြီးတော့ ပါလာတဲ့ မွန်ဘုရင်ဆိုရင် ဗမာဟိုတုန်းက သမိုင်းစာအုပ်တွေထဲမှာ ဖတ်လိုက်ရင် မနူဟာမင်းကို အားလုံးက လေးစားကြတဲ့ပုံ ရှိတယ်။ ဒီအနော်ရထာကတောင် ကြောက်တယ်လို့ ပြောတယ်မလား။ ပါးစပ်ထဲကနေ ၀င်းဝင်းဝင်းဝင်းနဲ့ ရောင်တော်တွေ ထွက်လာတယ်ဆိုတာ။ အဲဒါဟုတ်တာ မဟုတ်တာတော့ ထားလိုက်။ ဒါပေမယ့် သူ့ရဲ့ အင်မတန် ဂုဏ်သိက္ခာကြီးမားပုံ၊ ဘုန်းကြီးပုံကို အားလုံးက လက်ခံတယ်။ စစ်ရှုံးသွားတာတောင်မှ အင်မတန်မှ လေးစားထိုက်တဲ့ ဘုရင်တပါးဆိုတာ သိသာတယ်။ အဲဒါကြောင့်လည်း လေးစားတာ ဖြစ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားလည်း ဖြစ်တယ်။ နောက်ပြီးတော့ အကျဉ်းကျ ဘ၀ကို နားလည်တယ်။ ကျမတို့အားလုံးက အကျဉ်းခံဘ၀ကို ရခဲ့တဲ့သူတွေ၊ အများစု အန်အယ်လ်ဒီထဲမှာ ဖြစ်နေတယ်ဆိုတော့ အဲဒါကြောင့်လည်း မနူဟာဘုရားကို သွားတာ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာပြီးနောက် သားငယ် ကိုထိန်လင်းနဲ့ အတူ ပထမဆုံး ရန်ကုန်ပြင်ပ ထွက်ခွာခဲ့တဲ့ ပုဂံဘုရားဖူး ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည် နေ့အခမ်းအနားမှာ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို အာဇာနည်ကုန်းမှာ သွားရောက်ဂါရပြုခွင့် ရမရ မသိရသေးပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပမယ့် အကြောင်းနဲ့ သူ့ရဲ့ နိုင်ငံရေး ခရီးစဉ်တွေကိုလည်း အဲ့ဒီနောက်ပိုင်းကျမှ စီစဉ်တော့မယ့် အကြောင်းတွေကိုလည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးခရီးစဉ် ပြီးဆုံး


အံ့ဘုန်းမြတ် (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ရဲ့ ခရီးစဉ် ဒီကနေ့ ပြီးဆုံးသွားပြီလို့ အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“လေယာဉ်ကွင်းကို မနက် ၁၁ နာရီ ၅ မိနစ်မှာ ချောမောစွာ ဆိုက်ရောက်ပါတယ်။ နေအိမ်ကို ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်လည်ရောက်ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းဟာ ပုဂံမြို့ဟောင်းကို ဒီလ ၄ ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ဒီလ ၅ ရက်နေ့မှာ အာနန္ဒာ၊ သဗ္ဗညု၊ မြ​စေတီနဲ့ မနုဟာဘုရား​တို့ကို ဖူးမြော်ခဲ့ပါတယ်။ အဲဒီညနေပိုင်းမှာပဲ နိုင်ငံ​ကျော် ​ရွှေပါရမီ​တောရ ဆရာ​တော် အရှင်ဆန္ဒာဓိကကို ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

ဒီလ ၆ ရက်နေ့မှာတော့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။ ၇ ရက်နေ့မှာတော့ ပုဂံအနီးက သစ်တောရေးရာ ဦးစီးဌာန က ထိန်းသိမ်းထားတဲ့ ဇီးအိုသစ်လှ သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန် ထိန်းသိမ်းရေးဥယျာဉ်တွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ညောင်ဦးဈေးကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်တွေမှာ ဒေသပြည်သူတွေက လှိုက်လှိုက်လဲလဲ ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ကြပြီး ညနေပိုင်းမှာ သူတည်းခိုခဲ့တဲ့ ပုဂံဟိုတယ်က တာဝန်ရှိသူတွေနဲ့ ၀န်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဒီကနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုံခြုံရေးအတွက် မြန်မာပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့အတူ နိုင်ငံတကာကလည်း အထူးစိုးရိမ်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေကလည်း ဒီခရီးစဉ်အတွင်း ဒေသခံတွေကို ကြိုဆိုနှုတ်ခွန်းဆက်တာတွေ မလုပ်ဖို့ ဖိအားပေးပိတ်ပင်တာတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ရှေ့အလားအလာ ကောင်းဖြစ်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်အစိုးရ ထုတ်ဖော် ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်အပြင် နိုင်ငံရေးခရီးစဉ်လည်း ထပ်မံထွက်ခွာဖို့  ရှိပေမယ့်လည်း အစီအစဉ်အသေးစိတ်ကိုတော့ ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၄ ရက်မြောက် ပုဂံခရီးစဉ် ပြည်သူများ လှိုက်လှဲစွာကြိုဆို


အံ့ဘုန်းမြတ် (၇ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ၄ ရက်မြောက် ခရီးစဉ်အဖြစ် ပုဂံအနီးက ဇီးအိုသစ်လှရွာပတ်ဝန်းကျင်နဲ့ ညောင်ဦးဈေးတွေကို သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်တွေမှာ ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို စည်ကားစွာ အားပေးကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့ ၄ ရက်မြောက် ခရီးစဉ်အဖြစ် ပုဂံအနီးက ဇီးအိုသစ်လှရွာနဲ့ အနီးမှာရှိတဲ့ သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန၊ သဘာဝတ်ဝန်းကျင်နှင့် တိရစ္ဆာန်ထိန်းသိမ်းက   ဇီးအိုသစ်လှအင်ကြင်းတော သဘာဝထိန်းသိမ်းရေးနယ်မြေ အပါအ၀င် ညောင်ဦးဈေးတွေကို သွားရောက်ခဲ့ကြပါတယ်။

ဇီးအိုသစ်လှရွာမှာတော့ ကျေးရွာ သောက်သုံးရေ ရရှိရေးအပါအ၀င်၊ ဆေးခန်းနဲ့ စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးတွေအတွက် ကူညီနိုင်တာတွေကို ပြောကြားခဲ့တယ်လို့ ခရီးစဉ်လုံခြုံရေး တာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံတဦးက ပြောပါတယ်။

“အဲဒီရွာမှာ သဘာဝ ပျက်စီးနေတဲ့ဟာတွေ၊ နောက်ပြီးတော့ အဲဒီရွာမှာ ပေါက်နေတဲ့ အပင်တွေပေါ့နော်။ တကယ့်တောနဲ့ တူတယ်။ ဒီဘက်မှာ တောပြုန်းသွားပြီး ကျန်တဲ့ တောအုပ်ပေါ့နော်။ လိုက်ကြည့်ရင်းနဲ့ အန်တီက အဲဒီမှာ ရေတွင်း တတွင်းပဲ ရှိတယ်ပေါ့နော်။ နောက် ရေတွင်းတွေလည်း လုပ်ဖို့။ နောက်ပြီးတော့ ဆေးပေးခန်း လုံးဝ  မရှိဘူးခင်ဗျ။ ကျန်းမာရေးဆေးပေးခန်း လုပ်ဖို့၊ နောက်ပြီးတော့ စာသင်ကျောင်း တကျောင်းလောက် ထပ် လုပ်ပေါ့နော် တိုက်တွန်းခဲ့တယ် အန်တီကလေ။ အန်တီဘက်ကလည်း ဘာတွေလုပ်ဆောင်မယ် ညာတွေ လုပ်မယ်လို့တော့ အစီအစဉ်တွေ ရှိတယ်လို့ ကြားတယ်ဗျ။”

အဲ့ဒီနောက်   ဇီးအိုသစ်လှအင်ကြင်းတော သဘာဝထိန်းသိမ်းရေး နယ်မြေကို သွားရောက်လေ့လာပြီး တာဝန်ရှိသူတွေက လိုက်လံရှင်းပြခဲ့ပါတယ်။ ဒီအကြောင်းကို ခရီးစဉ်မှာ လိုက်ပါသတင်းယူနေတဲ့ သတင်းထောက်တဦးက အခုလိုပြောပြပါတယ်။

“ကျနော်တို့က ဝန်ထမ်းဟုတ်မဟုတ်တော့ မသိဘူး။ ယူနီဖောင်းမပါဘူး။ ဒါပေမယ့် လူတယောက် တော်တော်လေးကို လိုက်ရှင်းပြတယ်။ ဗမာလိုရော၊ အင်္ဂလိပ်လိုရော ကောင်းကောင်း ရှင်းပြတယ်။ သူတို့ ဘယ်လို take care လုပ်ထားတယ် ဆိုတဲ့အကြောင်း၊ နောက် အန်တီကလည်း သိချင်တာတွေ အကုန်မေးတယ်။ သူတို့ အကုန်ပြောပြပါတယ်။ သိချင်တာ မေးပြီးတော့မှ အင်ကြင်းကျောက် ကြည့်ချင်တယ် ဘယ်နားမှာလဲတဲ့။ အင်ကြင်းပင်က ကျောက်ဖြစ်နေတဲ့ဟာပေါ့နော်။ လိုက်ပြမယ်ဆိုပြီး သူတို့ သွားကြပြီး နောက်ပြီးကျတော့ မရှိဘူးတဲ့၊ မရှိဘူးဆိုတာ ရှိတယ်။ ဒါပေမယ့် သဲပြန်ဖုံးသွားတာတို့ ဘာတို့ ဖြစ်သွားပြီးတော့မှ တော်တော်တူးယူရမှာတဲ့၊ အချိန်တော်တော်ယူလိမ့်မယ်တဲ့ ကြည့်ဖို့။ မလွယ်ဘူးပေါ့နော် လောလောဆယ်။ အဲဒါဆိုလည်း ထားလိုက်ပါတော့တဲ့ ဒေါ်အောင်ဆန်းစုကြည်က။”

ဒီခရီးစဉ်အတွင်းမှာလည်း ဒေသခံတွေအများအပြား လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးဈေးကို သွားရောက်တဲ့အခါမှာလည်း ပုဂံ-ညောင်ဦး မြို့ခံတွေက လှိုက်လှိုက်လှဲကြိုဆိုခဲ့ကြတယ်လို့ ခရီးစဉ်လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံက အခုလို ပြောပါတယ်။

“ညောင်းဦးဈေးထဲကို ဒီကနေ ဟိုတယ်ကနေ ညောင်ဦးထွက်တဲ့ အချိန်မှာ ညောင်ဦးဈေးနား ရောက်တဲ့အချိန်မှာ လူတွေက အရမ်းများနေတယ်။ အဲဒါ ကျနော်တို့ ညောင်ဦးဈေးထဲကို ဝင်တယ် ပစ္စည်းဝယ်ဖို့။ အန်တီဝင်တဲ့အချိန်မှာ တော်တော်လေး တိုးယူရတယ်ပေါ့နော်။ ညောင်ဦးဈေးသူ ဈေးသားတွေရော၊ ညောင်ဦး မြို့ခံသူ မြို့ခံသားတွေရော အကုန်လုံး ပန်းစည်းတို့ ပန်းတို့နဲ့ပေါ့နော် ကြိုဆိုနေတယ်။ ကျနော်တို့ ဝယ်မယ့်ဆိုင်ကို သွားဝယ်တယ်။ တော်တော်တိုးယူရတယ်ဗျ။ ဆိုင်ကယ်တွေနဲ့ရော ကားတွေနဲ့ရော လာပြီးတော့နော် နှုတ်ဆက်တဲ့ လူတွေ များပါတယ်ဗျာ။ ကြိုဆိုကြတဲ့ လူတွေ တော်တော်များပါတယ်ဗျာ။”

ဒီလိုညောင်ဦးဈေးမှာ မြို့ခံတွေက လှိုက်လှိုက်လှဲလှဲကြိုခဲ့ကြပုံတွေကို လိုက်ပါသတင်းယူနေတဲ့ သတင်းထောက်တဦးက အခုလိုပြောပါတယ်။

“ရောက်လာပြီ ဆိုကတည်းက အပေါက်ဝကတည်းက ဝင်မရတော့ဘူး။ ပန်းတွေနဲ့ ကြိုတယ်၊ နောက် လက်ဆောင်တွေ ပေးတာလည်း မနည်းဘူး။ အခု ယွန်းထည်အရုပ်တွေလို အိမ်မှာ အလှထားတယ်လေ ဒေါင်းလိုဟာမျိုးတွေ အဲဒါပေးတယ်။ အများကြီးပဲ ပစ္စည်းတွေကတော့ ဝိုင်းပေးကြတာ။ လူအုပ်ကြီးက တအားများလာတော့ အန်တီက ဘယ်လောက် ကြာသွားလဲဆိုတော့ မိနစ် ၂၀ ကျော်လောက်ပဲ သူနေနိုင်လိုက်တယ်၊ မနေနိုင်ဘူး။ အစိုးရဘက်ကတော့ လုံခြုံရေးတော့ သီးသန့်ပေးထားတာ မရှိဘူး။ အန်အယ်လ်ဒီကတော့ သူ့လုံခြုံရေးသူပေါ့၊ သူပါလာတဲ့လူ။ ဒါပေမယ့် အဲဒီလောက်လူများသွားတာ သူတို့လည်း ဘာမှ မလုပ်နိုင်ပါဘူး။ လေးငါးယောက်လောက် ၀ိုင်းရံထားပြီး လူအုပ်ကို မတိုးပါနဲ့ မတိုးပါနဲ့ ဘာမှ တောင်းပန်လို့ မရဘူး။ ကျန်းမာပါစေ ချမ်းသားပါစေလို့ အော်တာမျိုးမဟုတ်ဘူးဗျ။ သူ့ဟာသူ အန်တီကျန်းမာပါစေ အဲဒီလိုမျိုး ဝိုင်းပြီး လက်ဆွဲနှုတ်ဆက်ပြီး လက်ဆောင်ပေးကြတာ များတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်းမှာပဲ ဒုတိယနေ့ဖြစ်တဲ့ ၅ ရက်နေ့ ညနေပိုင်းကလည်း အချိန်ကာလ တိုက်ဆိုင်စွာနဲ့ ပုဂံကိုတရားပွဲကြွချီလာတဲ့ နိုင်ငံကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို ပုဂံဟိုတယ်မှာ တွေ့ဆုံ ဖူးမျှော်ခဲ့ပါသေးတယ်။

ဒီမှာ ဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပြန်အလှန်လျှောက်ထား မိန့်ကြားတာတွေကိုလည်း လိုက်ပါခွင့်ရခဲ့တဲ့ ခရီးစဉ် လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံကပဲ အခုလို ပြောပြပါတယ်။

“ဆရာတော်ကလည်း ပုဂံမှာ တရားလာဟောတဲ့ အချိန်ဖြစ်တယ်။ အန်တီကလည်း ဒီရောက်နေတယ်။ နောက်ပြီးတော့ အန်တီကို တွေ့ချင်တယ်၊ အန်တီကလည်း တွေ့ချင်တယ်ဆိုတော့ အဲဒါ ကျနော်တို့ ဆရာတော်အခန်းကို သွားပြီးတော့ ကျနော်တို့ ဆရာတော်ကို သွားဖူးပါတယ်ပေါ့နော်။ ဆရာတော်ကလည်း ကျနော်တို့ကို စာအုပ်တွေ၊ တရားစာအုပ်တွေ၊ နောက် တရားအကြောင်းတွေ ဆရာတော်နဲ့ အန်တီနဲ့ တော်တော်များများ ပြောဖြစ်ပါတယ်။ နောက် ဆရာတော်ကလည်း ပရဟိတ လုပ်ငန်းလေးတွေ လုပ်နေတယ်။ အန်တီကလည်း လုပ်နေတယ်ဆိုတော့ ကိုယ့်ဗမာလူမျိုးတွေအတွက် ဗမာပြည်တွင်းအတွက် လုပ်ရမယ် ပေါ့နော်။ အဲဒါတွေ တော်တော်များများ ပြောဖြစ်ပါတယ်။ ဆရာတော်ကလည်း နိုင်ငံရေးနဲ့ ဘာသာရေး ဘာညာဆိုတာလည်း ဒါ ဆက်နွှယ်နေတာပဲလေ။ ဆရာတော် မိန့်သွားတာကတော့ ဗိုလ်ချုပ်အောင်ဆန်း တိုက်ယူပေးခဲ့တဲ့အတွက် ဘာသာ၊ သာသနာလည်း ကျန်နေတယ်ပေါ့နော်။ အဲဒီအတွက် သူတို့လည်း ဘာသာကို ထွန်းကားအောင် ဆရာတော်ကလည်း ဆရာတော်အပိုင်း ဘာသာ သာသနာအတွက်ကို သူလည်း ကြိုးစားအားထုတ်ပြီးတော့ လုပ်တယ်၊ နောက်ပြီးတော့ ပရဟိတလုပ်ငန်းတွေကို ဆရာတော် လုပ်တယ်ဆိုတဲ့ အကြောင်းတွေ ဆရာတော်က ပြောပြတယ်။ နောက်လုပ်မယ့် အစီအစဉ်လေးတွေကိုလည်း ပြောပြတယ်။ နောက် အန်တီကလည်း အန်တီလုပ်နေတဲ့ ဟာလေးတွေ နောက်လုပ်မယ့် ဟာလေးတွေ ဆရာတော်နဲ့ပေါ့နော် ဖလှယ်ကြတယ်ပေါ့နော်။ ဒါပေမယ့် ဆရာတော်ကလည်း ဘာပြောလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အသက် ၂၀ လောက်ကသာ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် ကျနော်တို့လည်း သားပဲပေါ့နော် ဆိုပြီးတော့ ပြောပါတယ်။ ဆရာတော်ကလည်း အဲဒီလို သဘောလေးပေါ့နော် အဲဒီလို သဘောလေးတွေ ပြောတာပေါ့။ အသက်အရွယ် အပိုင်းအခြားကို ဆရာတော်က ဦးစားပေးပြီး ပြောတာပေါ့နော်။ အားလုံးကလည်း အမေစုလို့ ခေါ်ကြတဲ့အတွက် သူလည်း ခေါ်မယ်ပေါ့နော် အဲဒီလို မျိုးလေးတွေပေါ့နော်။ သူလည်း အဲဒါကို သဘောကြတယ်ပေါ့ဗျာ အားလုံးက အဲလိုမျိုးတွေပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုပုဂံဘုရားဖူးခရီးစဉ်အဖြစ် ဒီလ ၄ ရက်နေ့ ကတည်းက ပုဂံကို ရောက်ရှိနေတာဖြစ်ပြီး ၈ ရက်နေ့ မနက်မှာတော့ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

Categories

%d bloggers like this: