လူငယ်ရေးရာ

This category contains 26 posts

ကစားကွင်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဥပဒေတရပ်ပြဋ္ဌာန်းရန်လို


အံ့ဘုန်းမြတ် ၁၄ ဇွန် ၂ဝ၁၁ (ဒီဗွီဘီ)

ဒီလဆန်းပိုင်းတွေက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာရှိတဲ့ ရေလွှာဥယျာဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့အတူ အသက်သေဆုံးမှုပါတွေပါ ရှိလာကြောင့် အစိုးရအဖွဲ့အစည်းအသီးသီးအနေနဲ့ ကစားကွင်းတွေမှာ ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် ဥပဒေတရပ် အမြန်ဆုံး ပြဋ္ဌာန်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောကြားလိုက်ပါတယ်။

ဒီလ ၁ ရက်နေ့က ရေလွှာဥယျာဉ်မှာ ရေလွှာလျှောစီး ဆော့ကစားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုဖိုးခွား (ခေါ်) ကိုဆန်းထွန်းဝင်း အသက် (၂၄) နှစ်ရဲ့ မိသားစုတွေနဲ့ အဲ့ဒီနေ့မှာပဲ ရေလွှာလျှောစီးရာက လက်သုံးချောင်းမှာ တဆစ်စီ ပြတ်တောက်သွားခဲ့ရတဲ့ ကိုတင်အောင်ဖြိုးတို့ကို တွေ့ဆုံကာ ဒီရေလွှာဥယျာဉ်ရဲ့ အခြေအနေကို သုံးသပ်ပြီး ဦးဘုန်းမြင့်အောင်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

http://www.news-eleven.com/index.php?option=com_content&view=article&id=8888:2011-06-12-19-57-07&catid=43:2009-11-10-07-39-09&Itemid=111

ဒီလိုဥပဒေတရပ် ခိုင်ခိုင်မာမာမရှိတာကြောင့် အသက်သေဆုံး ထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံမှုတွေ နည်းပါးနေရပုံကို ဦးဘုန်းမြင့်အောင်က အခုလို ထောက်ပြပြောဆိုပါတယ်။

“ဒီဟာကြီး အန္တရာယ်ရှိတယ်။ ခွင့်ပြုချက်ပေးတာက စည်ပင်သာရေးကော်မတီက ခွင့်ပြုချက်ပေးတာ။ ဒီဟာ အန္တရာယ် ရှိ၊ မရှိကို သူတို့ကတော့ မပြောနိုင်ဘူး။ ခွင့်ပြုချက်နဲ့ လုပ်တာဆိုတော့ အဲဒီဟာကိုပဲ လွှဲပေးတာပေါ့။ အဲဒီကော်မတီကလည်း အဲဒါကို ဘာပြောလဲဆိုရင် သူတို့ကုမ္ပဏီနဲ့ပဲ သက်ဆိုင်တယ်ပေါ့။ အဲတော့ ဒီဟာက ဥပဒေလည်း မရှိဘူး၊ ခွင့်ပြုချက်ပုံစံမျိုးတွေလည်း မရှိတော့ အဲဒီမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ တွေ့ရတာပေါ့။”

ဒီလို ဥပဒေရယ်လို ခိုင်ခိုင်မာမာမရှိတာကြောင့် အရေးယူဖို့နဲ့ ထိခိုက်သူတွေကို အကာအကွယ်အကွယ် မပေးတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်လို့လည်း ဦးဘုန်းမြင့်အောင်က ဆိုပါတယ်။

“ဒီလိုအဖြစ်မျိုးတွေတွေ့တော့လည်း သူတို့က လွယ်လွယ်ပဲ သေတဲ့သူလည်းသေ၊ ဒုက္ခရောက်တဲ့သူလည်း ရောက်ပေါ့။ ဘာမှ ထိထိရောက်ရောက် ကုမ္ပဏီဘက်ကိုကော အရေးမယူနိုင်ဘူး။ နောက်ပြီးတော့ ခံစားရတဲ့လူတွေဘက်ကိုလည်း ဥပဒေကြောင်းအရ ဘာမှမပေးနိုင်ဘူး။ အရင်တုန်းကတော့ တဦးနဲ့တဦး ယုံကြည်မှုတွေနဲ့ လုပ်နေတာပေါ့။ ခုလို နင်လားငါလား တကယ်ဖြစ်တော့ တယောက်နဲ့ တယောက်က ပစ်ပစ်ခါခါကို ခံရတဲ့လူတွေဘက်ကလည်း သူတို့မှာ ဘာမှခံစားခွင့် မရှိနိုင်ဘူးဆိုပြီး ကိုယ့်ဟာကိုယ် ဆေး±ုံသွား၊ နာရေးဖြစ်လည်း ကိုယ့်ဘာသာကိုယ် လုပ်ပေါ့။ အဲလိုဖြစ်နေတာပေါ့။”

အခုအခင်းဖြစ်ပွားခဲ့တဲ့ ပြည်သူ့ရင်ပြင်က ရေလွှာဥယျာဉ်ကို မြို့တော်ဝန် ဦးအောင်သိန်းလင်းလက်ထက်က ခေတ်မီဥယျာဉ်ကြီးအဖြစ် တည်ဆောက်မယ်ဆိုပြီး မြို့တော်စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိကကုမ္ပဏီတွေကို ငှားရမ်း ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အန္တရာယ်ကင်းရှင်းရေးအတွက် ပြုပြင်ထိန်းသိမ်းမှုတွေကို ကုမ္ပဏီတွေဘက်က လုပ်ဆောင်မှု နည်းပါးခဲ့သလို မြို့တော်စည်ပင်ဘက်ကလည်း စစ်ဆေးမှုနည်းပါးခဲ့တာကြောင့် အခုလို သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။

Advertisements

ဓားထိုးခံရသည့်အဖွဲ့ချုပ်လူငယ်အမှု ဥပဒေအတိုင်းဖြစ်ရန် တိုက်တွန်း


အံ့ဘုန်းမြတ် ၆ မေ ၂၀၁၁ (ဒီဗွီဘီ)

လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားရာက ဓားထိုးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်အညီပေးရေးအဖွဲ့ဝင် ကိုစိုးမြတ်သူအမှုကို ဥပဒေအတိုင်းဆောင်ရွက်ပေးဖို့ အဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ ဒီလ ၄ ရက်နေ့ည ၉ နာရီအချိန် လောက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အေးရှားလိုက် စားသောက်ဆိုင်မှာ အဖွဲ့ချုပ်လူငယ် ကိုစိုးမြတ်သူပါဝင်တဲ့ ၃ ဦးနဲ့ တပ်မတော်အရာရှိ ဗိုလ်ကြီးတဦးပါဝင်တဲ့ (၃) ဦးတို့ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာက အခုလို ဓားထိုးမှုဖြစ်ပွားခဲ့တာပါ။ ဒီအမှုဖြစ်စဉ်ကို တရားလိုဘက်ကနေ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။

“စနေနေ့ (၄) ရက်နေ့ ည (၉) နာရီမှာ မင်္ဂလာတောင်ညွန့် မြို့နယ်ထဲက အေးရှားလိုက် စားသောက်ဆိုင်မှာ လူငယ်အုပ်စု နှစ်စုပေါ့။ သုံးယောက်စီ ရန်ဖြစ်ကြတယ်။ အသေးစိတ်တော့ ဘာမှန်းမသိဘူး။ အဲဒီမှာ တဖက်က ဓားနဲ့ထိုးလိုက်တော့ အဆုတ်ထိသွားတယ်။ အရေးပေါ် ရန်ကုန်ဆေးရုံကြီးမှာ တင်ထားတယ်။ အဲဒီအထိခံရတဲ့ ကလေးက စိုးမြတ်သူဖြစ်တယ်။ အန်အယ်လ်ဒီဗဟိုက လူငယ်အကူအညီပေးရေးအဖွဲ့က ကလေး။ တဖက်မှာကျတော့လည်း ထူးခြားတာက ဗိုလ်ကြီး တယောက်ပါတယ်။ လက်ရှိဗိုလ်ကြီးနဲ့ ဗိုလ်ကြီးဟောင်းတယောက် ပါတယ်။ နောက်တယောက် ဓားနဲ့ထိုးတဲ့လူကတော့ လူဆိုးစာရင်းဝင် ထောင်တွေဘာတွေ ကျဖူးတယ်လို့ ကြားတယ်။”

လက်ရှိအခြေအနေမှာတော့ တရားခံကို မင်္ဂလာတောင်ညွန့် ရဲစခန်းက ထိန်းသိမ်းပေးထားပြီး အမှုအတွက် လိုအပ်တဲ့ သတင်းအချက်တွေကို ရယူခွင့်ပေးဖို့နဲ့ ဒီအမှုကို တရားဥပဒေအတိုင်းဖြစ်ဖို့ကိုလည်း ရှေ့နေဦးဥာဏ်ဝင်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“ကျနော်တို့က ဒီစစ်ချက်နဲ့ပတ်သက်ပြီးတော့ သတင်းအချက်အလက်လည်း လိုချင်တယ်။ အမှန်တရားကိုလည်း အမှန်တိုင်း ဖော်ထုတ်ချင်တယ်။ အမှန်တရားအတိုင်း လုပ်တာကို ကျနော်တို့ လိုချင်တယ်။ တရားစွဲဖို့ကျတော့ အချိန်စောင့်ရဦးမယ်။ အရေးကြီးတာ ဆေးလက်မှတ်ပဲ။ အဲဒါကိုစောင့်ပြီးမှ ရဲကလုပ်မှာ။ ရဲတွေလည်း အခုအမှုတွေဘာတွေ ဖွင့်ထားပေးတယ်။ တရားခံကိုလည်း ရှာတယ်။ တရားခံတယောက်ကိုလည်း ဖမ်းထားတယ်။ အဲတော့ ဒါတွေနဲ့ ပတ်သက်ရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးသိပ္ပံသင်တန်း ဖွင့်လှစ်မည်


အံ့ဘုန်းမြတ် ၃၁ မေ ၂၀၁၁ (ဒီဗွီဘီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးသိပ္ပံသင်တန်းကို မကြာခင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ သင်တန်းကို ဇွန်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တပတ်ကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာ ဖွင့်လှစ်မှာလဲ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ပြည်နယ်နှင့်တိုင်းအသီးသီးက အဖွဲ့ချုပ်စည်းရုံးရေး ကော်မတီဝင်တွေအတွက် အရည်အချင်း မြှင့်တင်ရေး အနေနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ဒီသင်တန်းကို ဖွင့်လှစ်ရတာဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ ပြည်နယ်တိုင်းစည်းရုံးအရေးအဖွဲ့တွေနဲ့ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်တွေထဲက သင့်လျှော်တဲ့ ပုဂ္ဂိုလ် ၄ ဦးစီကို ရွေးချယ်ပြီးတော့ သင်တန်းကို စေလွှတ်ပေးဖို့ ပြည်နယ်တိုင်းအသီးသီးကို အကြောင်းကြားထားပြီးပြီလို့ ပြောပါတယ်။

ဒီနိုင်ငံရေးသိပ္ပံသင်တန်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ဥပဒေတွေ ဥပဒေကြောင်းဆိုင်ရာ ဆင်ခြင်တွေး ခေါ်ပုံများ၊ သုတေသနထုံး၊ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ သီအိုရီများ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ရဲ့ အခြေခံများစတဲ့ ခေါင်းစဉ်တွေနဲ့ ပို့ချမှာဖြစ်ပြီး ပြည်ပတက္ကသိုလ် အသီးသီးက ပါမောက္ခတွေကိုယ်တိုင် ပို့ချပေးကြမှာဖြစ်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဟောင်ကောင်တက္ကသိုလ်နဲ့ စင်ကာပူ အမျိုးသားတက္ကသိုလ်က ဆရာတွေအပါအ၀င် ကျနော်တို့ Institute of Southeast Asian Studies၊ အဲဒီက ပါမောက္ခ တချို့ပါ လာရောက်ပြီးတော့ ပို့ချမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပို့ချမှာ ဖြစ်ပေမယ့် အဖွဲ့ချုပ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက မြန်မာလို ပြန်ပေးမှာ ဖြစ်ပါတယ်။”

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကနေ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်း လယ်သမားပညာပေးသင်တန်းနဲ့ သတင်းစာပညာသင်တန်းအပါဝင် အခြားသင်တန်းတွေကိုလည်း ပို့ချ ပေးနေပါတယ်။

မန္တလေးတောင်ပေါ်မှာ ပလတ်စတစ်များ သိမ်းဆည်းရန် လူငယ်များ ပြင်ဆင်


အံ့ဘုန်းမြတ် ၂၉ မေ ၂၀၁၁ (ဒီဗွီဘီ)

လာမယ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်မယ့် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနေ့”မှာ မန္တလေးမြို့က လူငယ်တွေစုပေါင်းပြီး မန္တလေးတောင်ပေါ်က ပြန့်ကျဲနေတဲ့ ပလတ်စတစ်တွေလိုက်လံ သိမ်းဆည်းကြဖို့ ပြင်ဆင် နေကြပါတယ်။

မန္တလေးမြို့ပေါ်က ဘာသာပေါင်းစုံက လူငယ်တွေပါဝင်တဲ့ Youth for Social Change Myanmar (YSCM) က ဖွဲ့စည်းထားတဲ့ မန္တလေးလူမှုရေးကွန်ရက် (ကမ္ဘာမြေကြီးကို ချစ်ကြသူများ) က ဒီအစီအစဉ်ကို ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပြီး အဲ့ဒီနေ့မှာတော့ မန္တလေးတောင်ခြေက ခြင်္သေကြီးနှစ်ကောင်ရှေ့ကနေ စတင်ပြီး ပလတ်စတစ်တွေကို ကောက်ယူသိမ်းစည်းကြမှာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ် ပြုလုပ်မှာနဲ့ ပတ်သက်ပြီး မန္တလေးလူမှုရေး ကွန်ရက်တာဝန်ခံ လူငယ်တဦးက အခုလို ရှင်းပြပါတယ်။

“မန္တလေးက တော်တော်လေး ညစ်ပတ်နေပါပြီ။ ရေစီးရေလာလည်း မကောင်းတော့ပါဘူး။ ပတ်ဝန်းကျင်တခုလုံးလည်း ညစ်ပတ်နေပါတယ်။ အဲဒီဟာကနေ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေက တဒေါင့်တနေရာကနေ ပါဝင်လှုပ်ရှားရင်းနဲ့ နိုင်ငံတော်အစိုးရကလည်း ကျနော်တို့အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်ကို မြင်သာထင်သာ ရှိလာပြီးတော့ သူတို့ တကယ် အလုပ်လုပ်လာမယ် ဆိုရင် ကျနော်တို့မြို့က သာယာလှပလာမှာပေါ့။ နောက်တချက်က ပလတ်စတစ်ရဲ့ အန္တရာယ်တွေက တအား ကျယ်ပြန့်တဲ့အတွက် ဒါတွေကို ပညာပေးအစီအစဉ်လေး လုပ်ဆောင်ပြီး ကျနော်တို့ တဖြည်းဖြည်း ဒီလိုပဲ လုပ်ဆောင် လာကြတာပေါ့။”

မန္တလေးက လူမှုရေးလုပ်ငန်းတွေ ၀ါသနာပါတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ ၀န်ထမ်းလူတွေ စုပေါင်းပြီး ဒီအစီအစဉ်ကို ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့နဲ့ ပတ်ဝန်းကျင်တွေမှာ စိမ်းလန်းစို ပြေဖို့အတွက် စာရေးဆရာညီပုလေးအပါအ၀င် စာနယ်ဇင်းလောကသားတွေနဲ့ အနုပညာ လောကသားတွေလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သစ်ပင်စိုက်ပျိုးတာ၊ အမှိုက်သိမ်းစည်းတာတွေကို ပြုလုပ်လျက် ရှိနေပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လက်မှတ်ရေးထိုးတောင်ဆိုမှု သမ္မတထံပေးပို့တော့မည်


အံ့ဘုန်းမြတ် ၂၂ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

မြန်မာ့ဒီမိုကရေစီအရေးလိုလားသူ လူငယ်တွေ ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လက်မှတ်ရေးထိုး တောင်ဆိုမှုတွေကို သမ္မတဆီကို လိပ်မူပြီး မကြာခင်မှာပေးပို့ တော့မှာပါ။ လူငယ်ကွန်ယက်ဖြစ်ပေါ်ရေး ဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေက ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အထင်ကရပုဂ္ဂိုလ်တွေ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ လက်မှတ်ပေါင်း ၄၀၀ ကျော်နဲ့အတူ လာမယ့် တနင်္လာနေ့မှာ နေပြည်တော်က သမ္မတရုံးကို ပေးပို့ဖို့ ရှိနေတာပါ။ ဒီလိုရှိနေတာနဲ့ ပတ်သက်ပြီး ဦးဆောင်ပြုလုပ်နေတဲ့ ကိုဖြိုးမင်းသိန်းက အခုလို ပြောပြပါတယ်။

“ဒီစာက နိုင်ငံတော် သမ္မတကြီး ဦးသန်းစိန်ကို လိပ်မူထားတဲ့စာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေ တိုက်တွန်းထားတဲ့ မေတ္တာရပ်ခံထားတဲ့ စာဖြစ်ပါတယ်။ ဒီစာကို တနင်္လာနေ့မှာ နိုင်ငံတော် သမ္မတရုံးကို ကျနော်တို့ ပေးပို့သွားမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် လက်မှတ် ၄၀၀ လောက် ကျနော်တို့ဆီကို ပေးပို့လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အားလုံး စီအီးစီတွေရောပေါ့။ နောက် ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၆၃ ကျောင်းသားတွေ၊ ၇၄ ကျောင်းသားတွေ၊ ၈၈ ကနေ အခုအချိန်အထိပေါ့ ပါဝင်လှုပ်ရှားနေတဲ့ လူတွေအားလုံး ပါဝင်ကြပါတယ်။ စာပေ အနုပညာ အ၀န်းအ၀ိုင်းက လူတွေလည်း ပါပါတယ်။”

ဒီတောင်းဆိုချက်တွေမှာဆိုရင်တော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ပြည်ပရောက်နိုင်ငံသားတွေ လုံခြုံစိတ်ချစွာနဲ့ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့၊ လက်ရှိဖြစ် ပေါ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်တို့ကြား စစ်ပွဲတွေကို ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်ခွင့်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ထားပါတယ်။ ဒီလို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စတွေကို အရင်စစ်အစိုးရ လက်ထက်တွေမှာလည်း ဒီမိုကရေစီ အင်အားစုတွေက စဉ်ဆက်မပျက် တောင်းဆိုခဲ့ကြဖူးသလို လွှတ်တော်အတွင်းမှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ် အချို့က တင်ပြတောင်းဆိုခဲ့ကြပေမယ့် စစ်အစိုးရဟောင်းရော အသစ်ကပါ တစုံတရာ ဆောင်ရွက်ပေးတာမျိုး မရှိခဲ့ပါဘူး။ ဒီလိုမရှိခဲ့တာကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာရော ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ အပေါ်ကိုလည်း နိုင်ငံရေး လောကသားတွေကြား သံသယတွေ ရှိနေကြပါတယ်။ ဒီအပေါ်ကိုလည်း ကိုဖြိုးမင်းသိန်းက

“ပြောင်းလဲလာတဲ့ အစိုးရပုံသဏ္ဍာန်သစ်တရပ် ရှိပါတယ်။ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့ပြီး အခု အရပ်သားအစိုးရ ပုံစံပြောင်းလဲလာတယ်ပေါ့ဗျာ။ အရပ်သားအစိုးရ ပုံစံပြောင်းလဲမှုက ဒီမိုကရေစီ အနှစ်သာရရှိတဲ့ အစိုးရပုံစံဆိုရင် ကျနော်တို့ အခု ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို ဒီမိုကရေစီအစိုးရတရပ်က ဂရုပြုလာနိုင်ပါတယ်။ ဒီလိုမှ ဂရုမပြုခဲ့ဘူးဆိုရင် ဒီမိုကရေစီကို ဟန်ပြသက်သက်လောက်ပဲ ဖြစ်ပြီး အရပ်သားအစိုးရလို့ အမည်ခံရုံ သက်သက်လောက် ဖြစ်တဲ့ အစိုးရလို့ပဲ ကျနော်တို့ သတ်မှတ်ကြရမှာပါ။ ဒါကြောင်မို့ ဒီလက်မှတ်ရေးထိုး တောင်းဆိုမှုအပေါ်မှာ အပြောင်းအလဲ တစုံတခုအတွက် လက်ရှိ ပြောင်းလဲလာတဲ့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ တစုံတရာ ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဒီတောင်းဆိုချက်တွေကို အစိုးရသစ်က ဆောင်ရွက်ပေးတာမျိုး မရှိမခြင်း လက်မှတ်ရေးထိုး တောင်းဆိုမှုတွေကို တလတကြိမ် ပေးပို့သွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာပြည်အနှံ့က အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လောက်ရှိနေပါတယ်။ နယ်စပ်ဒေသတွေမှာလည်း သိန်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေ ခိုလုံနေကြသလို သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေလည်း ပြည်ပနိုင်ငံအသီးသီးမှာ နေထိုင်နေကြရပါတယ်။

Categories

%d bloggers like this: