ယဉ်ကျေးမှု

This category contains 35 posts

ပုဂံဒေသထိန်းသိမ်းပြုပြင်ရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုလုပ်မည်ဟုဆို


အံ့ဘုန်းမြတ် (၁၁ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

မိသားစုပုဂံဘုရားဖူး ခရီးစဉ်က ပြန်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ဟောင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဦးဆောင်ပြုလုပ်မယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေမှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ အတူ သဘာဝပတ်ဝန်းကျင် အပါအ၀င် လူမှုရေးမြှင့်တင်မှု လုပ်ငန်းတွေကို ပြုလုပ်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သူရဲ့ ၄ ရက်ကြာ မိသားစု ပုဂံဘုရားဖူးခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတွေ အတွက် ပုဂံမိတ်ဆွေများလို အဖွဲ့အစည်းတခု တည်ထောင်ပြုလုပ်လိုပြီး အစိုးရ၀န်ကြီးဌာနတွေ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြုလုပ်ဖို့ ပြောကြားလိုက်ပါတယ်။

“friends of Bagan လိုဟာမျိုး လုပ်ရင်ကောင်းမလားလို့ စဉ်းစားတယ်။ အဲတော့ ပုဂံကို ရောက်ဖူးတဲ့လူတွေ ရှေးဟောင်း အမွေအနှစ်တွေကို တန်ဖိုးထားတဲ့ လူတွေက ၀ိုင်းစုပြီးတော့ တကယ့် ကျွမ်းကျင်သူတွေနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်တယ်။ နောက် ပုဂံရဲ့ ယဉ်ကျေးမှုကို ဘယ်လိုအားပေးနိုင်မလဲ။ ပုဂံကို ကူညီတယ်ဆိုတာ ပုဂံအဆောက်အဦတွေတင် မဟုတ်ဘူး။ ပုဂံကို မှီပြီးတော့ အသက်မွေးဝမ်းကြောင်း ရှာနေတဲ့ လူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ကူညီနိုင်အောင်လို့ အဲလိုဟာမျိုး လုပ်ချင်တယ်။ ပုဂံနဲ့ နောက်ပုပ္ပါးပတ်ဝန်းကျင်မှာ၊ ပုပ္ပါးပတ်ဝန်းကျင်ကျတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရှေးဟောင်းအဆောက်အဦ ထိန်းသိမ်းရေးကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ အဲဒီဟာကို စပြီးတော့ လုပ်ချင်တယ်။ အစိုးရနဲ့ ပူးပေါင်းနိုင်ရင် အကောင်းဆုံးပေါ့။ ယူနက်စကိုနဲ့လည်း တိုင်ပင်မယ်လို့ စဉ်းစားတယ်။ သူတို့ကတော့ ဘယ်လောက် ပါဝင်နိုင်မယ် မသိသေးဘူး။”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဘုရားဖူးခရီးစဉ် အတွင်း သူမြင်တွေ့ခဲ့ရတဲ့ ပုဂံရှိ ရှေးဟောင်း အဆောက်အအုံတွေကို ပြုပြင် ထိန်းသိမ်းရေးတွေနဲ့ အတူ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေတွေနဲ့ ပုဂံအနီး ပတ်ဝန်းကျင် ဒေသပြည်သူတွေရဲ့ လူမှုရေး အခြေအနေ စတာတွေကို သတင်းထောက်တွေကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မကြာခင် စတင်အကောင်အထည် ဖော်တဲ့နေရာမှာလည်း ပြည်သူလူထု တရပ်လုံးအနေနဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွ ပါဝင်ကူညီဆောင်ရွက် ကြဖို့လိုတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွင်း အာနန္ဒာ၊ သဗ္ဗေညု၊ မြစေတီနဲ့ မနူဟာဘုရားတွေကို ဖူးမြော်ရတဲ့ ရည်ရွယ်ချက်တွေကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။

“တခုချင်း ပြောရမယ်ဆိုရင် အာနန္ဒာ ဘုရားကို သွားဖူးရတဲ့အကြောင်းက သူက ကျန်စစ်သားကို ရှိခဲ့တဲ့ ဗမာဘုရင်တွေထဲမှာ သဘောကျတယ်။ သူ့စိတ်ဓာတ်၊ သူ့ပြည်သူတွေအပေါ်မှာ ထားတဲ့မေတ္တာ၊ နောက် သူ့မှာ သစ္စာတရားလည်း ရှိတယ်။ တကယ်တော့ အားလုံးသိတဲ့အတိုင်းပဲ ရှေးရာဇ၀င် စာတွေထဲမှာ ဘယ်လိုပဲပြောပြော၊ နောက်ပိုင်း သုတေသနတွေထဲမှာတော့ ကျန်စစ်သားက အနော်ရထာနဲ့ ဘာမှ အမျိုးတော်တာလည်း မဟုတ်ဘူး။ အင်မတန်တော်တဲ့ စစ်သူကြီးတယောက် ဖြစ်ခဲ့ပုံရတယ်။ အဲတော့ ကျန်စစ်သားက သစ္စာရှိလို့ အနော်ရထာရဲ့ သားတော်ကို မပုန်ကန်တာပေါ့။ သစ္စာတရားလည်း ရှိတယ်။ ပြည်သူတွေအပေါ်မှာလည်း မေတ္တာရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးအတွက် အင်မတန်ကို အမြော်အမြင်ရှိတယ်။ အဲဒါ မြစေတီကျောက်စာကို ကြည့်ရင် သိနိုင်တယ်။ နောက်ပြီးတော့လည်း အရေးကြီးဆုံးတခုက ဆက်ခံရေး၊ သူမရှိတဲ့အခါကျရင် ဆက်ခံမှုက ချောချောမောမော ဖြစ်အောင်လို့ သူ့လောက် လုပ်သွားနိုင်တဲ့လူ မရှိဘူးလို့ ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာသမိုင်းမှာဆိုရင် ဘုရင်တယောက် မရှိတော့ဘူးဆိုရင် တယောက်နဲ့ တယောက် သတ်လားဖြတ်လား၊ ပုလ္လင်ကို လုလားဆိုတာ အင်မတန် များတယ်။ အလောင်းစည်သူကို ဘယ်လိုပဲ တော်တယ်ပြောပြော၊ နောက်ဆုံးကျတော့ သူ့သားက နန်းလိုချင်လို့ သူ့ကို ပြန်ပြီးတော့ သတ်တဲ့အဆင့်ဖြစ်တယ် မဟုတ်လား။ ကျန်စစ်သားဆိုရင် သူ့နန်းတော် သူ့ရဲ့ မြေးကို သူပေးခဲ့တယ်။ အဲဒီဟာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဆိုင်တယ်လို့ ထင်တယ်။ မွန်တွေကို စည်းရုံးတဲ့အနေနဲ့ ဒီကလေးကို ရွေးခဲ့တယ်၊ နန်းတင်ခဲ့တယ်။ ဒါပေမယ့် သူ့သားက ရာဇကုမာရက လုံးဝခါးသီးတဲ့ ပုံစံမပေါ်ဘူး။ ဒီဆက်ခံမှုကို ဘယ်လိုစီစဉ်လည်း မသိဘူး။ အားလုံးကနေ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံအောင် စီစဉ်နိုင်ခဲ့တယ်ဆိုတာ ဒါက အင်မတန် ထူးခြားတဲ့ အရည်အချင်း၊ အထူးသဖြင့် မြန်မာသမိုင်းမှာ အင်မတန် ထူးခြားတဲ့ အရည်အချင်းလို့ ထင်လို့ ဒါကြောင့်မို့လို့ အာနန္ဒာကို သွားဖူးတယ်ဆိုတာ ကျန်စစ်မင်းကို လေးစားတဲ့အနေနဲ့ ဖူးတာ။

“နောက် မနူဟာဘုရားဆိုတာ အားလုံးသိတဲ့အတိုင်းပဲ မနူဟာဘုရင်က မွန်ဘုရင်လည်း ဖြစ်တယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် စစ်ရှုံးပြီးတော့ ပါလာတဲ့ မွန်ဘုရင်ဆိုရင် ဗမာဟိုတုန်းက သမိုင်းစာအုပ်တွေထဲမှာ ဖတ်လိုက်ရင် မနူဟာမင်းကို အားလုံးက လေးစားကြတဲ့ပုံ ရှိတယ်။ ဒီအနော်ရထာကတောင် ကြောက်တယ်လို့ ပြောတယ်မလား။ ပါးစပ်ထဲကနေ ၀င်းဝင်းဝင်းဝင်းနဲ့ ရောင်တော်တွေ ထွက်လာတယ်ဆိုတာ။ အဲဒါဟုတ်တာ မဟုတ်တာတော့ ထားလိုက်။ ဒါပေမယ့် သူ့ရဲ့ အင်မတန် ဂုဏ်သိက္ခာကြီးမားပုံ၊ ဘုန်းကြီးပုံကို အားလုံးက လက်ခံတယ်။ စစ်ရှုံးသွားတာတောင်မှ အင်မတန်မှ လေးစားထိုက်တဲ့ ဘုရင်တပါးဆိုတာ သိသာတယ်။ အဲဒါကြောင့်လည်း လေးစားတာ ဖြစ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားလည်း ဖြစ်တယ်။ နောက်ပြီးတော့ အကျဉ်းကျ ဘ၀ကို နားလည်တယ်။ ကျမတို့အားလုံးက အကျဉ်းခံဘ၀ကို ရခဲ့တဲ့သူတွေ၊ အများစု အန်အယ်လ်ဒီထဲမှာ ဖြစ်နေတယ်ဆိုတော့ အဲဒါကြောင့်လည်း မနူဟာဘုရားကို သွားတာ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာပြီးနောက် သားငယ် ကိုထိန်လင်းနဲ့ အတူ ပထမဆုံး ရန်ကုန်ပြင်ပ ထွက်ခွာခဲ့တဲ့ ပုဂံဘုရားဖူး ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည် နေ့အခမ်းအနားမှာ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို အာဇာနည်ကုန်းမှာ သွားရောက်ဂါရပြုခွင့် ရမရ မသိရသေးပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပမယ့် အကြောင်းနဲ့ သူ့ရဲ့ နိုင်ငံရေး ခရီးစဉ်တွေကိုလည်း အဲ့ဒီနောက်ပိုင်းကျမှ စီစဉ်တော့မယ့် အကြောင်းတွေကိုလည်း ပြောကြားခဲ့ပါတယ်။

Advertisements

သီတဂူအပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ နိုင်ငံရေးပါတီများကိုပါ ဖိတ်ကြားထား


အံ့ဘုန်းမြတ် ( ၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

သောတရှင်များရှင်။ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ သူဦးဆောင်ပြီးတည်ဆောက်ဖွင့်လှစ်မယ့် သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့ဝင်တွေ အားလုံးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဒီလ ၁၆ ရက်နေ့ ကနေ စတင်ပြီး ၅ ရက်ကြာ ကျင်းပပြုလုပ်မယ့် ဖွင့်ပွဲအခမ်အနားကို သမ္မတတွေ၊ ပြည်ထောင်စု အစိုးရ၀န်ကြီးတွေနဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင် နိုင်ငံရေး ပါတီတွေ၊ အစိုးရမဟုတ်တဲ့ လူမှုရေးအသင်းအဖွဲ့တွေ အားလုံးကို သီးခြားဆီဖိတ်ကြားပြီး ကျင်းပပြုလုပ်ဖို့ စီစဉ်နေတာလဲ ဖြစ်ပါတယ်။ ဒီလိုစီစဉ်နေတာနဲ့ပတ်သက်ပြီး ဆရာတော်အရှင်ဉာဏိဿရရဲ့ ဂေါပက ဦးဟန်က အခန်းအနား အစီအစဉ်တွေကို အခုလို ပြောပြပါတယ်။

“အစီအစဉ်လုပ်ထားတာတော့ နိုင်ငံတော် သံဃာမဟာ နာယက ကြွမှာရှိတယ်။ အဲလိုတွေတော့ ပြင်ဆင်ပြီးတော့ လုပ်ထားတာရှိတယ်။ သူ့ရက်နဲ့သူတော့ လုပ်ထားတာတော့ ဟုတ်တယ်။ ဒုတိယနေ့မှာလည်း လူကြီးတွေတင်မဟုတ်ဘူး။ သံရုံးတွေ အဖွဲ့အစည်းတွေပေါ့။ အဲဒါတွေအကုန်ဖိတ်ထားတယ်။ တတိယနေ့မှာလည်း အသင်းအဖွဲ့တွေ အစုံပါမယ်လို့တော့ ပြောတာပဲ။ နိုင်ငံရေးကော လူမှုရေးကော၊ ဘာသာရေးကော၊ အစုံပေါ့။ အဲဒါတွေအကုန်လုံးပါမယ်။ ဆရာတော်ကြီးက သူလာမှသွားဆိုပြီး မိန့်ထားတာ၊ ကျနော်တို့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာ။

ဆရာတော်အရှင်ဉာဏိဿရရဲ့ ဂေါပက ဦးဟန်ပြောကြားခဲ့တာပါ။ ဖိတ်စာကို လက်ခံရရှိထားတဲ့ မတူကွဲပြား ခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးကလည်း

    “ထူးခြားတာတော့ လာဖိတ်တဲ့လူတွေရဲ့ ဖိတ်စာစာရင်းထဲမှာ အန်အယ်ဒီတို့ ဘာတို့ အကုန်လုံး ဖိတ်မှာပါ။ ဆရာတော်ကြီးက အကုန်လုံးဖိတ်ခိုင်းတာ။ အခုလက်ရှိကတော့ သီတဂူ ဆရာတော်ကြီးရဲ့ မိန့်ကြားချက်နဲ့ လိုက်ဖိတ်ရတာ။ ဖိတ်စာကိုတော့ ပါတီတွေကိုတော့ ခေါင်းဆောင်တွေကိုပဲ အဓိက ထားဖိတ်တယ်။”

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးပြောပြခဲ့တာပါ။ ဆရာတော်အရှင် ဥာဏီဿရဟာ  သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတကသိုလ် စစ်ကိုင်းကို ၁၉၉၆ က စတင်တည်ထောင်ဖွင့်လှစ် ခဲ့တာဖြစ်ပြီး မန္တလေးနဲ့ ရန်ကုန်တွေမှာ ကျောင်းတွေကို ထပ်မံတိုးချဲဖွင့်လှစ်ဖို့ ပြင်ဆင်ထားရာက ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကို လာမယ့် ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလဲဖြစ်ပါတယ်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ပြင်ဆင်ဖွဲ့စည်း


အံ့ဘုန်းမြတ် ၂၉ မေ ၂၀၁၁ (ဒီဗွီဘီ)

ဒီလဆန်းပိုင်းက အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ချီမြှင့်ရေးနဲအဖွဲ့မှာ ဒေါက်တာတိုးလှ၊ ဒေါက်တာခင်မောင်ညွန့်၊ ဆရာမကြီး ပါမောက္ခဒေါ်ပို၊ ဒေါက်တာမျိုးသန့်တင်၊ စာရေးဆရာမ မစန္ဒာတို့နဲ့အတူ သတင်း စာဆရာ ဆရာမောင်ဝံသစတဲ့ ပညာရပ်နဲ့ စာပေလောကက ထင်ရှားသူ ၃၀ ကျော် ပါဝင်ခွင့်ရလာတယ်လို့ ဒီထဲမှာ ပါဝင်လာတဲ့ ၀ါရင့်သတင်းစာဆရာတဦးဖြစ်တဲ့ ဆရာမောင်ဝံသ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားစုပေစုတွေကို ၁၉၆၂ က စတင် ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာ တပါတီအာရှင်စနစ်ကို အထောက်အကူဖြစ်မယ့် စာပေတွေကို ဆုရွေးချယ်ရေးအဖွဲ့တွေက ရွေးချယ်ချီးမြှင့်ခဲ့ သလို နောက်ပိုင်း န၀တနဲ့ နအဖစစ်အစိုးရလက်ထပ်တွေမှာလဲ အဲ့ဒီဆုရွေးချယ်ရေးမူဝါဒတွေကိုပဲ ဆက်လက်ကျင့်သုံး ခဲ့ရာက အမျိုးသားစာပေဆုရဲ့ သြဇာဟာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပါတယ်။ ဒီအစိုးရတွေရဲ့လက်ထက်တွေမှာ ပြန့်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့က ပုဂ္ဂိုလ်တွေ အဓိက ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ဆုရွေးချယ်စိစစ်ရေးအဖွဲ့မှာ ထင်ပေါ်ကျော်ကြားတဲ့ တတ်သိပညာရှင်တွေ ပါဝင်ခွင့်ရလာတဲ့အပေါ်ကိုလည်း ဆရာမောင်ဝံသက

“ကျနော်တို့ကလည်း တတ်နိုင်သလောက်ပေါ့၊ သူတို့ကလည်း ပြောပါတယ် စိစစ်တဲ့အခါမှာ ပိုပြီးပြည့်စုံအောင်ပေါ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆိုပြီးတော့ ထည့်တာပေါ့နော်။ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့မှာ တာဝန်ကျတဲ့အခါမှာ သေချာ မှန်မှန်ကန်ကန်ပေါ့ တကယ်ကို ထိုက်တန်တဲ့ စာမူတွေပေါ်လာအောင် ကျနော်တို့ ရွေးမှာပဲလေ။ အဲလိုတော့ စိတ်ကူးပါတယ်။”

နှစ်တိုင်းလိုလိုမှာ အမျိုးသားစာပေဆုတွေကို ဒီဇင်ဘာလအတွင်း ရွေးချယ် ချီးမြှင့်လေ့ ရှိပါတယ်။ အရင်က ဆုရွေးချယ်ရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြန့်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ၀င်ရောက်စွက်ဖက်မှုတွေ ရှိခဲ့ပေမယ့် စနစ်သစ်နဲ့ ပြောင်းလဲအုပ်ချုပ်လာတဲ့ အစိုးရသစ်ရဲ့ ၀န်ကြီးပြန်ဖြစ်လာတဲ့ ဦးကျော်ဆန်းအနေနဲ့ ဒီဆုရွေးချယ်ရေးအဖွဲ့ရဲ့ ရွေးချယ်ရေးမူဝါဒတွေအပေါ် ဘယ်လို သဘောထားမယ်ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အစိုးရသစ်ရဲ့ ၀န်ကြီးဌာနတွေထဲမှာ ပြုပြင်ပြောင်းလဲမှု အားအနည်းဆုံး ၀န်ကြီးဌာနတွေရဲ့ ၀န်ကြီးအဖြစ် စာပေအနုပညာနဲ့ ယဉ်ကျေးမှုအသိုင်းအ၀ိုင်းက အထင်ကရပုဂ္ဂိုလ်တွေက ဝေဖန်နေပါတယ်။

ဝန်ကြီးဦးကျော်ဆန်း၏ ၀န်ကြီးဌာနများ အပြောင်းအလဲမမြင်သေး


အံ့ဘုန်းမြတ် ၂၅ မေ ၂၀၁၁ (ဒီဗွီဘီ)

အစိုးရသစ်ကိုယ်တိုင်နဲ့ ၀န်ကြီးဌာန အသီးသီးက ပြုပြင်ပြောင်းလဲရေး လုပ်ကိုင် နိုင်ဖို့ဆိုပြီး တတ်သိပညာရှင်တွေကို ဖိတ်ခေါ်ကာ အလုပ်ရုံဆွေးနွေးပွဲတွေ စာတမ်းဖတ်ပွဲတွေ ပြုလုပ်နေကြတဲ့အချိန်မှာ တိုင်းပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေကို အဓိက ချုပ်ကိုင်ထားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်း ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကတော့ ဒီလိုတွေဆောင်ရွက်တာမျိုး မရှိသေးတဲ့အပေါ် ဒီလောကသားတွေ က ဝေဖန်လိုက်ကြပါတယ်။

နအဖစစ်အစိုးရ လက်ထက် ကတည်းက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းက အစိုးရ အဖွဲ့သစ်မှာလည်း ဒီဝန်ကြီးဌာနအပြင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ ပူးတွဲပြီး ၀န်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်စိန်ကိုယ်တိုင် ဦးဆောင်ပြီး ဆင်းရဲမွဲတေမှု လျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲ အပါအ၀င် အခြားဝန်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ပြုပြင်ပြောင်းလဲရေးအတွက်ဆိုပြီး ဆွေးနွေးပွဲတွေ ဆက်တိုက်လိုလို ပြုလုပ်နေကြတဲ့ အချိန်မှာ ဒီဝန်ကြီးဌာနတွေမှာ မပြုလုပ်သေးတဲ့အပေါ် ဝေဖန် လိုက်ကြတာလည်း ဖြစ်ပါတယ်။ အဲဒီလိုဝေဖန်ကြတဲ့ထဲက ရုပ်ရှင်ဒါရိုက်တာ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ခုလို ပြောကြားပါတယ်။

“လောလောဆယ် မစလို့တော့ မရဘူး ဒါကြီးကလေ။ အကုန်လုံး ပြောင်းပြီးတော့ ဒီဟာကြီး မပြောင်းပဲ ကျန်နေလို့တော့ မရဘူးခင်ဗျ။ အဲဒီလို ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဘယ်တော့များ လုပ်ပေးမလဲ ဆိုတဲ့ မျှော်လင့်ချက်ကတော့ အမြဲတမ်း ရှိတာပေါ့။ အဲဒီလိုများ လုပ်လို့ရှိရင် ပြောစရာတွေ အများကြီးပဲ။ ကျနော်တို့က တိုက်ခိုက်ခြင်းမဟုတ်ဘူး ကောင်းစေချင်တဲ့ ဆန္ဒဆိုတာပေါ့နော်။ ဒါပေမယ့် အခုလောလောဆယ်အထိတော့ ဘာမှ မထူးခြားသေးဘူး။ ဒီလို ပြောလိုက်တယ်၊ ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပြီး ပြီးသွားတော့ နောက်ကျတော့ အရင်လိုပဲ ပြန်ဖြစ်သွားတယ်ဆိုရင်တော့ မဖြစ်ဘူး။ အဲဒါတွေကိုလည်း အခု နောက်ပိုင်းကျရင် ခံကြမှာ မဟုတ်တော့ဘူးလေ။ အခုက နိုင်ငံတော် သမ္မတကြီးဆီကို အကုန်လုံး တိုင်ဖို့တောဖို့ ဖြစ်လာကြလိမ့်မယ်။”

သတင်းဂျာနယ်အယ်ဒီတာတဦးကလည်း သတင်းစာ လွတ်လပ်ခွင့်တွေကို အပြည့်အ၀ပေးဖို့ ဆိုတာထက် ၀န်ကြီးဌာနအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်နိုင်ဖို့နဲ့ အပြင်လောက ချိတ်ဆက်ပြီး ဆွေးနွေးပွဲတွေ လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“တကယ်ကတော့ လက်တွေ့လုပ်နေတဲ့လူတွေနဲ့ အဖြေရှာဖို့တော့ ကောင်းတာပေါ့။ စာပေလွတ်လပ်ခွင့် ဘယ်လိုသွားမယ် ဆိုတာ အပေါ်ကနေချပေးတာထက်။ အခုလုပ်နေတဲ့ ၀န်ကြီးဌာနတွေအားလုံး အဖြေရှာနေတာက တကယ့် လက်တွေ့ လုပ်နေတဲ့လူတွေနဲ့ပေါင်းပြီး အဖြေရှာနေတာပဲ။ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒါမျိုးအဖြေရှာဖို့ကောင်းတာပေါ့။ ကျနော်တို့တွေလည်း လုပ်သင့်တာပေါ့ဗျာ။ မလုပ်ရင်တော့ ကျနော်တို့ အများကြီးကျန်ခဲ့လိမ့်မယ်။”

အနုပညာလောသား၊ သတင်းမီဒီယာလောကသားတွေ အဲ့ဒီလို မျှော်လင့်နေကြသလိုပဲ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဆက်နွှယ်နေတဲ့ ပြင်ပက ပညာရှင်တွေလည်း ဒီလိုအပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ တိုက်တွန်း ကြတာမျိုးတွေလည်း ရှိနေပါတယ်။

အဲဒီထဲက ရှေးဟောင်း သုတေသနပညာရှင် တပ္ပ၀တီဦးဝင်းမောင်က …

“ကျနော်တို့လည်း ပြောကြားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရှေးဟောင်းသုတေသနဌာနမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေမှာ အားနည်းသွားပါတယ်။ ဒါ့အပြင် ဒါတွေကို လေ့လာတဲ့ ပညာရှင်လည်း အားနည်းသွားတဲ့အခါကျတော့ ရှေးဟောင်းသုတေသနဌာနက စာတမ်းဖတ်မှုရော၊ တူးဖော်သုတေသန ပြုမှုရော၊ စာတမ်ထုတ်ဖော်မှုရော အားနည်းခဲ့ပါတယ်။ ကျနော်တို့ သိသလောက်ကတော့ ယဉ်ကျေးမှုဝန်ကြီး အဆက်ဆက် ရှိတဲ့အခါမှာ ဝန်ကြီးဦးဝင်းစိန်၊ ၀န်ကြီး ဦးကြည်အောင်ပေါ့။ ဒီဝန်ကြီးနှစ်ပါးရဲ့ လက်ထက်မှာ အရင်တုန်းက လူကြီးခိုင်းတာ လုပ်နေတဲ့ ယဉ်ကျေးမှုဌာန ၀န်ထမ်းတွေက ကျနော်တို့သမိုင်းမှာ ကွင်းဆက် ပြတ်နေတဲ့ဟာတွေကို ပြန်ပြီး ဖော်ထုတ်လာခဲ့တဲ့အတွက် စိတ်ပါလာတဲ့ ပညာရှင်တွေလည်း ရှိလာသလို နိုင်ငံတော် ယဉ်ကျေးမှုဌာနကနေ ဒါတွေကို အားပေးလာတယ်ဆိုတော့ တိုးတက်မှုတွေ တွေ့လာတဲ့အတွက် ဒီတိုးတက်မှုကို အခြေခံပြီးတော့ ၀န်ကြီးအသစ်ပြောင်းလာတဲ့ ဦးကျော်ဆန်းလက်ထပ်မှာလည်း ဒါတွေကို ပြန်ကြားရေးဝန်ကြီးဘ၀ကတည်းက သိတယ်ဆိုတော့ ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာတဲ့ အချိန်မှာ ဒါတွေကို သူပြန်လုပ်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။”

အစိုးရအဖွဲ့သစ်မှာတော့ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းဟာ ပြန်ကြားရေး ၀န်ကြီးဌာနကို ဒု-၀န်ကြီး ဦးစိုးဝင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါ်စန္ဒာခင်နဲ့အတူ တာဝန်ယူ ဆောင်ရွက်နေပါတယ်။

ပုဂံရှေးဟောင်းသုတေသန ပြတိုက်


သူရ (ရှေးသု)

မြန်မာနိုင်ငံတွင် ကမ္ပည်းကျောက်စာဌာန ဖွင့်လှစ်ပြီးနောက် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံဒေသပတ်ဝန်းကျင်ရှိ ရှေးဟောင်းစေတီ၊ ဂူ၊ ကျောင်းများမှ ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ၀တ္ထုပစ္စည်းများနှင့် ကျောက်စာများကိုပြသရန် အာနန္ဒာဘုရား မြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ပြတိုက်ဖွင့်လှစ်ခဲ့သည်။

နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ပြတိုက်၌ ရှေးဟောင်းပစ္စည်းများ တဖြည်းဖြည်း ထပ်မံစုဆောင်းရရှိလာရာ လက်ရှိပြတိုက်တွင် ရှေးဟောင်းကမ္ပည်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို ပြသရန်နေရာ မလုံလောက်တော့ပေ။ ထို့ကြောင့် ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်  (၈.၁၆) ဧက (၃.၃-ဟက်တာ) ကျယ်ဝန်းသော မြေနေရာတွင် ရှစ်မြှောင့်သဏ္ဌာန် ပြတိုက်တစ်ခုနှင့် ထုထည်ကြီးမားသော ရှေးဟောင်းကျောက်စာများ၊ ကျောက်ဆစ်လက်ရာများ ၊ ကျောက်ဖြစ် ရုပ်ကြွင်းများကို ပြသရန်နှင့် ပုဂံမြို့ဟောင်းနှင့် ဝေးကွာသောဂူဘုရားများအတွင်းမှ မူလကျောက်ဗုဒ္ဓ ဆင်းတုတော်များကို အများပြည်သူများ တစ်စုတစ်ဝေးတည်းကြည့်ရှု လေ့လာနိုင်ရန်အတွက် သစ်သားအဆောင်ကြီး သုံးဆောင် (ရှေးဟောင်း သုတေသန ပြတိုက်အဟောင်း၏ အရှေ့ဘက်တွင်) တည်ဆောက်ကာ  ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယအကြိမ်ပြတိုက်အသစ်ကြီးကို ဖွင့်လှစ်၍ ပြောင်းရွေ့ပြသထားသည်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံဒေသသို့ လာရောက် ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခြင်းကြောင့် စုဆောင်းရရှိထားသော ပြတိုက်ပစ္စည်းများကို ကျယ်ကျယ်ဝန်းဝန်းနှင့် ခန့်ခန့်ထည်ထည် ခင်းကျင်း ပြသနိုင်ရန် ပြတိုက်အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်လာပါသည်။ ထို့ကြောင့် ၁၉၉၅ ခုနှစ်တွင် ရှစ်မြှောင့်သဏ္ဌာန် ပြတိုက်ကို ချန်လှပ်၍ ကျန်အဆောက်အအုံများကိုဖျက်သိမ်းကာ မြေဧက (၁၀.၉၇) ဧက အကျယ်အ၀န်းရှိသော မြေကွက်ပေါ်တွင် ခံ့ညားထည်ဝါသည့် ကမ္ဘာအဆင့်မီ လေးထပ်အဆောက် အဦ ပြတိုက်သစ်ကြီးကို ထပ်မံဆောက်လုပ်ခဲ့သည်။ ယနေ့တွေ့မြင်ရသည့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်သစ်ကြီးကို ၁၉၉၈ ခုနှစ်၊ ဧပြီလ၊(၁၇)ရက်နေ့တွင် ဖွင့်လှစ်ပြသခဲ့သည်။ ပြတိုက်အားနေ့စဉ် နံနက် (၉း၀၀) နာရီမှ ညနေ (၄း၃၀) နာရီအထိ ဖွင့်လှစ်ထားပါသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သစ်ကြီးအား ခိုနန်းချိုးသုံးထပ်ပန္နက်ပုံဖြင့် တည်ဆောက်ထားသည်။ ပြတိုက်ကြီး၏ အပြင်ဘက်နှင့် အတွင်းပိုင်းတို့တွင် မြန်မာမှုလက်ရာ ပုဂံခေတ်ဟန် အင်္ဂတေပန်းများ၊ သစ်ထွင်းပန်းပု ကနုတ်ပန်းလက်ရာများ၊ ရွှေဇ၀ါယွန်းပန်းချီလက်ရာများဖြင့် တင့်တယ်လှပစွာ တန်ဆာဆင် ထားသည်။ ပြတိုက်ကြီး၏ မြေအောက်ခန်းတွင် ဓာတ်ခွဲခန်းတစ်ခန်း၊ ပစ္စည်းသိုလှောင်ခန်းနှင့် လုံခြုံရေးခန်းများပါရှိသည်။ မြေညီထပ်တွင် ပြခန်း (၆) ခန်းနှင့် ပထမထပ်တွင် ပြခန်း (၅) ခန်း တို့ဖြင့် ခင်းကျင်းပြသထားသည်။ အပေါ်ဆုံးထပ်မှာ ပုဂံစေတီ၊ပုထိုးများကို ပြတိုက်ပေါ်မှ လေ့လာကြည့်ရှု၊ ဖူးမျှော်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

မြေညီထပ်တွင်

၁။    အထူးပြခန်း (သို့မဟုတ်) ပင်မပြခန်းဆောင် (Main Hall)

၂။    ပုဂံနန်းမြို့ပြခန်း (Display Room of Bagan Palace)

၃။    ပုဂံခေတ် စာပေပြခန်း (Show Room of Bagan Period Literatures)

၎။    ပုဂံခေတ် လူနေမှုဘ၀ပြခန်း (Display Room for Social Life of Bagan Period)

၅။    ပုဂံခေတ် ဗိသုကာလက်ရာပြခန်း (Show Room of Bagan Period Architecture)

၆။    ပုဂံခေတ် လက်မှုအနုပညာပြခန်း (Show Room of Bagan Period Arts and Crafts) ဟူ၍ ပြခန်း (၆) ခန်း တို့ဖြင့် ဖွဲ့စည်းပြသထားသည်။

ပထမထပ်တွင်
၁။    ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း (Show Room of Bagan Period Buddha Images)
၂။    ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်း (Show Room of Bagan Period Buddha Art)
၃။    ပုဂံခေတ် ဘုရားပုထိုး ပန်းချီပြခန်း (Art Gallery of Bagan Period Ancient Monuments)
၎။    ပုဂံခေတ် နံရံဆေးရေးပန်းချီပြခန်း (Art Gallery of Bagan Period Mural Paintings)
၅။    နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်နှင့် တိုင်းကျိုးပြည်ပြုပြခန်း (Twelve National Objectives and Nation – Building Endeavours Show Room) ဟူ၍ ပြခန်း(၅)ခန်းဖြင့် ဖွဲ့စည်းခင်းကျင်းပြသထားသည်။

ပင်မပြခန်းဆောင်တွင် ဗုဒ္ဓ၀င်ရှစ်ခန်း သရုပ်ဖော် ကျောက်ဆစ်လက်ရာများ၊ အနော်ရထာမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းနှင့် ကျစွာမင်းတို့၏ ကြေးရုပ်တု (၄) ရုပ်နှင့် ကျန်စစ်သားမင်း အတ္ထုပတ္တိ ကျောက်စာ (ပလာစတာပုံတူ) တို့ကိုပြသထားသည်။

ပုဂံနန်းမြို့ ပြခန်းတွင် ပုဂံခေတ်၊ ပဉ္စပါဿာဒနန်းတော်နှင့် သက်ဆိုင်သော အဓိကပြကွက်အပြင်၊ ခေတ်အဆက်ဆက်မှ နန်းတော်အဆောင်များ ပန္နက်ပုံ ရှင်းလင်းချက်၊ ကျန်စစ်သားမင်းကြီး၏ ပလာစတာ ရုပ်တုပုံ၊ ပျူရွာ (၁၉) ရွာပြ မြေပုံ၊ ရေနံ့သာကင်းတပ်မြို့ဟောင်းပုံစံငယ်၊ ပုဂံခေတ်စစ်လက်နက်များနှင့် ပုဂံခေတ်ပန်းပဲ လုပ်ငန်းတို့ကို ပြသထားသည်။

ပုဂံခေတ် စာပေပြခန်းတွင် မြန်မာစာပေသမိုင်းတွင် အရေးအကြီးဆုံး အခန်းမှပါဝင်သော ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ လေးဘာသာဖြင့် ရေးထိုးထားသည့် ရာဇကုမာရ်ကျောက်စာ မူရင်းကို အဓိကထား၍ ပြသထားပြီး မြန်မာစာပေ ပြောင်းလဲလာပုံ ဇယားနှင့်တကွ ပုဂံခေတ်ထိုးကျောက်စာ၊ နံရံမင်စာ၊ အုတ်ခွက်စာ၊ ခဲပြားစာ၊ ပေစာ၊ သစ်ပြားစာ၊ မြေတံဆိပ်များကို ပြသထားသည်။

ပုဂံခေတ် လူနေမှုဘ၀ပြခန်းတွင် အေဒီ (၁၁) ရာစု၊ ပုဂံခေတ်သီရိပစ္စယာရွာပြကွက်၊ ပုဂံခေတ် ယွန်းလုပ်ငန်း၊ ပုဂံခေတ် လယ်ယာလုပ်ငန်း၊ ပုဂံခေတ် ထန်းလျက်ချက်လုပ်ငန်း၊ ပုဂံခေတ် ယာဂုပွဲနှင့် ပုဂံခေတ်က ကင်းတားဆည် တည်ဆောက်နေပုံများကို ပြသထားသည်။ အေဒီ (၁၁)ရာစု၊ ပုဂံခေတ် သီရိပစ္စယာရွာ ပြကွက်တွင် ပုဂံခေတ်၏ တစ်နေ့တာ လှုပ်ရှားမှုကို အသံစနစ်ဖြင့် သရုပ်ဖော် ပြသထားသည်။

ပုဂံခေတ် ဗိသုကာပြခန်းတွင် ပုဂံဒေသတ၀ိုက် (၁၉) စတုရန်းမိုင်ပတ်လည် ဧရိယာအတွင်းရှိ စေတီပုထိုးများပြ မြေပုံ၊ ဗိသုကာလက်ရာ ထူးခြားထင်ရှားသော စေတီပုထိုးများ၊ ဂင်းပိတ်စေတီအမျိုးအစားဝင် စေတီ (၄) မျိုးနှင့် လိုဏ်ပေါက်စေတီအမျိုးအစားဝင် စေတီ (၁၅) မျိုး၊ ပေါင်းကူး (၇) မျိုးတို့ကို ပုံစံငယ်များဖြင့် ခင်းကျင်းပြသထားသည်။

ပုဂံခေတ် လက်မှုအနုပညာပြခန်းတွင် ပုဂံခေတ်က လက်မှုပညာရှင်များ၏ ဘာသာရေးအပေါ် အခြေခံကာ ပြုလုပ်ခဲ့သော အင်္ဂတေပန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပန်းပုလက်ရာများ၊ မြေထည် ပစ္စည်းများ၊ ငွေထည်ပစ္စည်းများ၊ စဥ့်ထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ နံရံပန်းချီများ၊ အဆင် တန်ဆာများနှင့် ကျောက်ဖြစ်ရုပ်ြွကင်းများကို ပြသထားသည်။

ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်းတွင် အေဒီ (၁၁) ရာစုမှ (၁၉) ရာစုအထိ ခေတ်အလိုက် ကွဲပြားခြားနားစွာ ထုလုပ်ခဲ့သောဆင်းတုတော်များကို ပလ္လင်တံကဲ နောက်ခံ၍ ပူဇော်ပြသထားသည်။ ဆင်းတုတော်များတွင် ထုလုပ်လေ့ရှိသော မုဒြာဟန်ရှင်းလင်းချက်များ၊ သိဒ္ဓတဘုရားလောင်း ဗျာဒိတ်ခံ ဆင်းတုများ ကိုပြသထားသည်။

ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်းတွင် ပဉ္စလောဟာဗုဒ္ဓဆင်းတုတော်၊ ဗုဒ္ဓ၀င်ရှစ်ခန်းပါ အန္ဓဂူကျောက်ချပ်၊ ကြေးကြာဖူး၊ ရွှေဖောင်းကြွဆင်းတု၊ သစ်သားဆင်းတု၊ မြေဆင်းတု၊ အုတ်ခွက်ဘုရားများ၊ ရွှေပေလွှာနှင့် သဲကျောက်ဗိုက်ပူရဟန္တာစသော ဆင်းတုများကို ပြသထားသည်။ ထို့ပြင် ဗုဒ္ဓဖြစ်စဉ် ဇာတ်တော်များ ရေးဆွဲထားသော ပုဂံခေတ်ကာလအ၀တ်ပန်းချီကိုလည်း ပြသထားပါသည်။ ယင်းပုဂံခေတ် အ၀တ်ပန်းချီများကို  ကြည့်ရှုလေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော အေဒီ ၁၁ ရာစုပုဂံခေတ် ကတည်းက အ၀တ်အထည်တွင် ပန်းချီရေးဆွဲလေ့ရှိကြောင်းကို လည်းလေ့လာသိရနိုင်သည်။

ပုဂံခေတ် ဘုရားပုထိုးပန်းချီပြခန်းတွင် မြန်မာနိုင်ငံရှိ ထင်ရှားသော ပန်းချီဆရာကြီးများ၏ ပုဂံဒေသတ၀ိုက်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း စသည့် အဆောက်အအုံများကို ဆီဆေးဖြင့်ရေးဆွဲ ထားသော ပန်းချီကားများနှင့် ပဉ္စလောဟာဗုဒ္ဓဆင်းတုတော်၊ ရွှေဆင်းတု၊ ငွေဆင်းတု တို့ကိုအပူဇော်ခံ ပြသထားသည်။

ပုဂံခေတ် နံရံဆေးရေးပန်းချီပြခန်းတွင် အကြောင်းအရာအလိုက် ဗုဒ္ဓ၀င်ခန်းများ၊ ငါးရာ့ ငါးဆယ်ဇာတ်တော်များ၊ မဟာယာနနှင့် တန္တရပန်းချီများ၊ နတ်ရုပ်၊ ဗြဟ္မာရုပ်များ၊ ပုဂံခေတ်လူတို့၏ပုံများ၊ ပုဂံခေတ်အတီးအမှုတ်၊ အကအခုန်ပုံများ၊ ပုဂံခေတ် ကနုတ်ပန်းများနှင့် တိရစာန်ပုံများကို ပုဂံခေတ် နံရံပန်းချီများမှ ပုံတူကူးရေးဆွဲတင်ပြထားပါသည်။

နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်နှင့် တိုင်းကျိုးပြည်ပြု ပြခန်းတွင်နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်၊ မူဝါဒ လမ်းစဉ် (ရ) ရပ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဆည်မြောင်း၊ တာတမံများ၊ လမ်းနှင့်တံတားများ တိုးတက်မှုပြဇယားများကို ပြသထားသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ပြခန်းပေါင်း (၁၁) ခန်းဖြင့် ပုဂံခေတ်၏ ပုံရိပ်များကို ထင်ဟပ်ပေါ်လွင်အောင် ပြသထားသော မြန်မာ့ကျက်သရေဆောင် ပြတိုက်ကြီးဖြစ်ပေသည်။

Categories

%d bloggers like this: