သတင်းဓာတ်ပုံ

This category contains 6 posts

စာရေးဆရာရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ် ဈာပနအခမ်းအနား


ဇန်န၀ါရီလ ၁၁ ရက်နေ့  (အင်္ဂါနေ့) မှာ အဆုတ်ဝေဒနာနဲ့ ကွယ်လွန်ခဲ့တဲ့ မြန်မာစာပေလောကနဲ့ ရုပ်ရှင်လောကတွေမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ်ရဲ့ ဈာပနကို ဒီကနေ့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်  (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်က ရေဝေးသုဿန်မှာ ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ စီစဉ်ပေးမှုတွေနဲ့ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဆရာမောင်ဝဏ္ဏရဲ့ ဈာပနအခမ်းအနားကို စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးက အနုပညာသမားတွေနှင့် ဆရာမောင်ဝဏ္ဏရဲ့ အနုပညာကိုချစ်မြတ်နိုးကြတဲ့ ပြည်သူလူထုအပေါင်းတို့မှ လာရောက်ပြီး ဆရာရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြပါတယ်။ ဆရာမောင်ဝဏ္ဏရဲ့ ဈာပနအခမ်းအနားမှတ်တမ်းတင်ဓာတ်ပုံအချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

 

 

ပကာသနမဖက်ဘဲ သဘာဝအတိုင်းသွားချင်သူ ကိုဝဏ္ဏ


မောင်မောင် (ခ) ကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါကသက်ဆိုင်ရာသုဿန်များသို့ ရုပ်အလောင်းများသယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ် အထက် ဘ၀ပြောင်းသွားသော လူတို့အားဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသောနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။ အသက် (၈၀) နှစ်အောက် ဘ၀ပြောင်းသွားသော လူတို့အား ISUZU, TOYOTA (Hilux) စသည့် နိဗ္ဗာန်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ကူညီဖေးမလျှက် ရှိသည့်အပြင် ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်ကြီးများအားဂျပန်နိုင်ငံတွင် အသုံးပြုသော LINCON နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ကူညီဖေးမကုသိုလ်ယူလျှက် ရှိသည်။ အထူးအားဖြင့် နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့အကျိုးပြု အနုပညာရှင်များ ဘ၀ပြောင်းသွား သောအခါ ချွင်းချက်အနေဖြင့် အထူးနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင် သဂြိုလ်ပေးခြင်း၊ အအေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးဆပ်လျှက်ရှိသည်။

ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏတစ်ယောက် ကွယ်လွန်သွားပြီဟူသောသတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သောစာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီးနာရေးကူညီမှုအသင်း(ရန်ကုန်) မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူးနိဗ္ဗာန်မော်တော်ယာဉ်အားအဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။

နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသဂြိုလ်ခွင့်၊ အအေးခန်းထားရှိခွင့် သချိုင်းလက်မှတ်အားရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်းတို့နှင့်အတူအထူးနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံနေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။

သယ်ဆောင်ခဲ့ရာလမ်းတစ်လျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အားရုပ်ရှင်လောကထဲသို့ ပထမဦးဆုံးပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓါတ်ပုံရိုက်ရန် အကြောင်းပြပြီးကျောင်းပိတ်ရက်များတွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့် ၏ မိဘများမသိအောင် ၀င်ရောက်ရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအားဗီဒီယိုအဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာကိုဝဏ္ဏက ကျွန်တော့်အားအဓိကဇာတ်ကောင်အဖြစ် အသုံးပြုခဲ့ပုံများစသည့် လွမ်းမောဖွယ်ရာ ဖြစ်ရပ်များကိုပြောကြားခဲ့သည်။

ရေဝေးသုဿန်သို့ ရောက်လုနီးနီးမြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ်များ၊ ဈေးဆိုင်တန်းများအရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီးဟက်တက်ကွဲသွားတော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်းသယ်ဆောင်ရာ၌ နိဗ္ဗာန်မော်တော်ယာဉ်လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့် အခါများတွင် “ဟေ့ … မနောက်နဲ့ကွာ။

ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာကူညီကြပါကွာ” ဟုပြောဆိုလိုက်ပါကတနည်းမဟုတ် တနည်းစက်ပြန်လည် ကောင်းမွန်သွားပြီးသက်ဆိုင်ရာသုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်။) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီးလမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟုပြောဆို၍ မရနိုင် တော့ချေ။ ပေါက်ကွဲသွားသောနိဗ္ဗာန်မော်တော်ယာဉ် ဘီးမှာလည်း ပြန်လည်၍ အလိုလိုကောင်းမွန် လာမည်မဟုတ်။ ထို့ကြောင့် အသင်းရုံးချုပ်သို့ ဆက်သွယ်ပြီးနိဗ္ဗာန်မော်တော်ယာဉ် (အသက် ၈၀ နှစ် အောက် အသုံးပြုသောနိဗ္ဗာန်ယာဉ်) အားအမြန်ဆုံးလာရောက်ရန် ခေါ်ယူခဲ့သည်။ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာရပ်ကွက်မှ မိဘပြည်သူများ၊ TAXI အငှားယာဉ်မောင်းဆရာများကလည်း ၀ိုင်းဝန်း၍ အကူအညီများပေးကြသည်။ ဤသည်မှာ မြန်မာလူမျိုးတို့၏ အယူသီးမှုကိုတိုက်ဖျက်ကြသည့် ချစ်စရာဓလေ့တစ်ခုပင် ဖြစ်သည်။

အချိန်အနည်းငယ်အတွင်းရောက်ရှိလာသောနိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ကိုဝဏ္ဏ၏ ရုပ်အလောင်းအား ၀ိုင်းဝန်းပြီး အထူးနိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်။ ရောက်ရှိလာသောအသက် (၈၀) နှစ်အောက် သယ်ဆောင်သောနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ရေဝေး သုဿန်အအေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့တော့သည်။ ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ

ကိုဝဏ္ဏသည် ဖခင်ဖြစ်သူဦးသာဓုထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီအများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကိုသွားချင်ခဲ့သူတစ်ဦးများ ဖြစ်လေ ပြီလားဟု . . . . ။

လေးစားဦးညွှတ်လျှက်

ညီငယ် – မောင်မောင် (ခ) ကျော်သူ

စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေသုဿန်၌ မီးသဂြိုလ်ခြင်းအခမ်းအနားကျင်းပမည် ဖြစ်ပါသည်။


ရွေးကောက်ပွဲကျင်းပမည့်ရက်အပေါ် နိုင်ငံရေးပါတီများ လက်မခံနိုင်


အံ့ဘုန်းမြတ် ၁၃ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပရက် သက်မှတ်ချက်အပါအ၀င် မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေ တင်သွင်းရမယ့် ကြေညာချက်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအများစုက လွှတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွှေးကောက်ပွဲအဖြစ် ပေါ်ပေါက်မလာနိုင်တော့ဘူးလို့ ဝေဖန်ပြောကြား လိုက်ကြပါတယ်။ အဲ့ဒီထဲက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က အခုလို စပြောလိုက်ပါတယ်။

“ကျနော်တို့နိုင်ငံရေးပါတီတွေကို အခုပဲ မနေ့တနေ့က လူဖြစ်စေသတည်းဆို လုပ်လိုက်ပြီး။ အခုပဲ ၁၆ နှစ်ပြည့်စေသတည်း ဆိုပြီး လုပ်လိုက်သလို ဖြစ်သွားတယ်ဗျ။ လုံလုံလောက်လောက် ပါတီတည်ဆောက်ချိန်မပေးဘဲနဲ့ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်လုပ်တဲ့သဘော ဖြစ်သွားတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ။”

“နိုင်ငံရေးကို မသိတဲ့လူတွေ၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်တဲ့လူတွေက ကော်မရှင်လူကြီးလုပ်ပြီးတော့ လျှောက်လုပ်နေတဲ့ကိစ္စဖြစ်နေတယ်။ တော်တော် စိတ်ပျက်စရာကောင်းတာပေါ့။ တိုင်းပြည်ဒီမိုကရေစီနိုင်ငံ ဖြစ်ရာဖြစ်ကြောင်း အမှန်လမ်းကြောင်းကိုလည်းမကြည့်ဘူး။ အဲဒီ အတွက် ပြည်သူလူထု ပါဝင်နိုင်တဲ့ အခွင့်အလမ်းကိုလည်းမပေးဘူးဗျာ။ နိုင်ငံရေးလုပ်ရမယ်သူတွေရဲ့ နိုင်ငံရေးသဘော သဘာဝတွေကိုလည်း လေးစားလိုက်နာပြီးတော့ အသိအမှတ်ပြုပေးတာမျိုး မရှိဘူးဗျာ။ ဒီလိုသဘောတွေ အများကြီး ဆောင်နေပါတယ်။ ကြံ့ခိုင်ရေးပါတီတခုတည်း နိုင်ဖို့မဟုတ်ဘူး၊ ကြံ့ခိုင်ရေးပါတီတခုတည်းပဲ သူတို့က အာဏာအပ်ချင်တဲ့ သဘောကြီးက ပေါ်တင်ကြီးဖြစ်သွားပြီပေါ့ဗျာ။ ရွေးကောက်ပွဲကိုတောင် ရွေးကောက်ပွဲနဲ့တူအောင် သူတို့မလုပ်ချင်တဲ့ သဘောပါသွားပြီဗျ။ အဲဒီလိုပဲ အားမနာတမ်းပြောရတော့ မှာပဲဗျာ။ အခြေအနေက အဲဒီကို ရောက်သွားပြီ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း အခုလို ဆိုပါတယ်။

“၁၉၉၀ ထက်စာရင် ဒိတ်အင်မတန်နည်းပါတယ်။ ပါတီတွေကိုလည်း မပိတ်ပေးသေးဘူး။ အန်တီတို့ကို ရက် ၉၀ ပေးမယ်လည်း ပြောထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သွားပြီးတော့ မကိုက်ညီဘူးပေါ့နော်။ ပြောချင်တာလည်း ပြောလို့မရဘူးလေ။ အချိန်မရှိဘူး အချိန်ရှိတယ် ဘာညာ ဘာမှပြောလို့မှမရဘဲ။ ဒါအစိုးရက ဒါပဲဟေ့ဆိုပြီး ဗမာပြည်ရဲ့ ထုံးစံအတိုင်း အန်တီတို့ကလုပ်ရမှာပါ။ အဲဒီအထဲမှာမှ ပြည်သူတွေရဲ့ မေတ္တာကို အန်တီတို့က ယုံကြည်တယ်။ ပြည်သူတွေရဲ့မေတ္တာကို အားကိုးပြီးတော့ အန်တီတို့ပါလီမန်ထဲ ပြေးဝင်မယ်။”

ဒါအပြင် နိုင်ငံရေးပါတီအတွေအနေနဲ့ ပါတီဝင်စုဆောင်းရေး၊ မဲဆွယ်စည်းရုံး ရေးတွေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းရေးနဲ့ အာမခံငွေထားရှိရေးတွေအတွက် ပါတီတွေ အခက်အခဲတွေဖြစ်ပေါ်စေမယ်လို့လည်း အခြားပါတီ ခေါင်းဆောင်တွေကလည်း ဆိုပါတယ်။ အရပ်သားတွေဦးဆောင်တဲ့ ပါတီတွေ ဒီလိုအခက်အခဲဖြစ်အောင် သတ်မှတ်လိုက်တဲ့အပေါ် ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက အခုလို ဝေဖန်လိုက်ပြန်ပါတယ်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ ပါတီတွေကို ဖျက်ပစ်လိုက်တယ်ပေါ့။ အဲဒီလိုပဲ ယူဆလို့ရတယ်။ အဲဒီလို ဖျက်လိုက်ခြင်းအားဖြင့် ဘာဖြစ်လာ နိုင်လဲဆိုတော့ လွှတ်တော်ထဲကို ဒီမိုကရက်တစ်အင်အားစုတွေက အမတ်လောင်းတွေ နည်းနိုင်သမျှနည်းခြင်းပေါ့ဗျာ။ အဲဒီအတိုင်းသွားမှာကိုး၊ နည်းနိုင်သမျှနည်းအောင်လည်း သူတို့က ဒီအချိုးအကွေ့ကို ချက်ချင်းချိုးပစ်လိုက်တာကိုး။ ချိုးလိုက်တဲအခါမှာ ဒီကျနော်တို့ ဒီမိုကရက်တစ်အင်အားစု ပါတီတွေက နည်းတဲ့နေရာတွေမှာ ပြည်ခိုင်ဖြိုးက တနိုင်ငံလုံးသွင်းသွားမှာကိုး။ နောက်ဆုံးမှာ လွှတ်တော်ထဲမှာ သူတို့ကို အထောက်အကူပြုတဲ့ သူတို့အင်အားစု တွေသာ လွှတ်တော်ထဲမှာ နေရာရရေးလမ်း ကိုချိုးလိုက်တာဗျ။ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။”

‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ လာမယ့်ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲ အဖြစ်ပိုမို ထင်ရှားသွားစေပြီလို့လည်း ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ခုလို ဝေဖန်ပြောဆိုလိုက် ပြန်ပါတယ်။

“မနေ့ကအထိ အခင်းအကျင်းကို ကျနော်တို့ သုံးသပ်ထားတာက လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေ အားနည်းတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ပါတီက စဉ်ဆက်မပြတ် အမြဲတမ်းတောင်းဆိုလာတယ်။ ကျနော်တို့ တောင်းဆိုတဲ့အပြင်ကို တောင်းဆိုတဲ့အချက်တွေကိုလည်း ပြည်သူလူထုကို တတ်နိုင်သမျှ အသိပေးတင်ပြခဲ့တယ်။ ကျန်တဲ့ အင်အားစုတွေကိုလည်း အသိပေးတင်ပြခဲ့တယ်။ ဒီနေ့ သူတို့ထပ်ပြီးတော့ ထုတ်လိုက်တဲ့ပုံကို ပြန်ကြည့်လိုက်တော့ ခုနက လွတ်လပ်တယ် ဆိုတဲ့အသုံးအနှုန်းကို ခဏဖယ်ထားပြီးတော့ ဒီနေ့သူတို့ကြေညာချက်အပေါ်မှာ ကျနော်တို့ ဘယ်လိုမျိုး သုံးသပ်လို့ရနိုင်သလဲဆိုတော့ မျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့က သုံးသပ်လို့ရနိုင်ပါတယ်။”

နိုင်ငံရေးပါတီအများစုကတော့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပရက်အပါအ၀င်၊ လွှတ်တော်ကိုယ်စားလှယ်အမည် စာရင်းတင်သွင်းရေးနဲ့ အခြားမဲဆွယ် စည်းရုံးရေး ကန့်သတ်ချက်၊ ရံပုံငွေရှာဖွေရေးကန့်သတ်ချက် စတဲ့အရာတွေကို လျှော့ပေါ့ပြောင်းလဲပေးဖို့ ပါတီတွေစုပေါင်းတောင်းဆို သွားကြမယ်လို့လည်း ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီလိုတောင်းဆိုဖို့အတွက် နိုင်ငံရေးပါတီတွေ စုပေါင်းလုပ်ဆောင်ကြဖို့ အချိန်တန်ပြီလို့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုဝေမှူးသွင်က ဆိုလိုက်ပါတယ်။

“ပါတီအများစုက တကယ်လုပ်သင့်လုပ်ထိုက်တာက ပါတီအများစုက စာပို့ပြီး တယောက်နဲ့တယောက် နှိုးဆော်တာ လုပ်ပြီးတော့ ဒါမှမဟုတ် ပေါင်းပြီးတော့ပေါ့နော် ဒီဟာတွေဟာ မဖြစ်သင့်သေးပါဘူး၊ ဒီဟာတွေက အရမ်းနည်းပါတယ်၊ ဒီဟာ တွေ ဒီဟာတွေကို ပြုပြင်သင့်ပါတယ်ဆိုတဲ့ဟာမျိုးကို ကော်မရှင်ကို ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုသင့်တယ်လို့တော့ ကျနော်မြင်တယ်။ အဲဒါက အားလုံးပူးပေါင်းပါဝင်ဖို့ လိုတယ်လို့လည်း ကျနော်ထင်တယ်။ ဖြစ်နိုင်ခြေရှိတယ်လို့လည်းသုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာကအခြေအနေက အဲဒီလိုဖြစ်နေတာကိုး။ ပြီးတော့ကျနော်တို့က စားရတဲ့အနေအထားကအရမ်း ကျပ်တည်းနေတယ်လေ။ အခုဟာက နိုဝင်ဘာ ၇ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ထွက်လာတဲ့အချိန်ကို သူက အရောက်မခံဘူးပေါ့၊ အဲဒီလိုမျိုး သူတို့က ဆုံးဖြတ်ခဲ့တာ ဖြစ်နေတယ်။”

ဒါအပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်ကတော့ အစိုးရနဲ့ ကော်မရှင်ကို ကန့်ကွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိတည်ဆဲ အစိုးရအနေနဲ့က တိုင်းပြည်ကို ပရမ်းပတာပေါ့ဗျာ သိက္ခာမဲ့စွာလုပ်နေမယ်။ ကော်မရှင်ကလည်း ကော်မရှင်သိက္ခာမရှိ။ အစိုးရကလည်း အစိုးရ သိက္ခာမရှိ အဲဒီလိုလုပ်ပြီးတော့ ဒီနိုင်ငံပါတီတွေကို နိုင်ငံရေးပါတီအနေနဲ့ တူတူတန်တန် တည်ဆောက်ဖို့ အချိန်မပေးဘဲနဲ့ အခုလိုမျိုး လုပ်တာကြီးကတော့ ကျနော်တို့က ကန့်ကွက်ရမယ့်ကိစ္စ ဖြစ်သွားပြီဗျ။ ဒါကျနော်တို့ ကန့်ကွက်သွားမှာပါ။ တဖက်က အဲဒါကန့်ကွက်ပြီးတော့ ငုတ်တုတ်တော့ ထိုင်နေလို့တော့ မရဘူးပေါ့။ တတ်နိုင်သ၍ ကျနော်တို့က ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်အောင်တော့ ကျနော်တို့ဆက်လုပ် သွားမှာပဲ။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီထဲက ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ လုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ မေ လ ၂၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂၀၉ ဦးတို့နဲ့ တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

သတင်းဓာတ်ပုံတွေကပြောတဲ့ လူမှုဘဝ


စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာက လူမှုဘ၀ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းတွေအတိုင်း ထူးထူးခြားခြား ပြောင်းလဲတိုးတက်မှုမရှိဘဲဖြစ်နေသလို စာသင်ကျောင်းထဲမှာ ရှိနေရမယ့် ကလေးငယ်တွေ စာဝတ်နေရေးအတွက် ဖြေရှင်းရုန်းကန်နေကြရတဲ့ ဘ၀ဒဏ်ချက်တွေ ကတော့ ပိုမိုနက်ရှိုင်းလာတာကို တွေ့မြင်နေရပါတယ်။ ဆင်းရဲမွဲတေမှုကို ဘ၀ပေးကုသိုလ်ကံပဲလို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်နေကြမယ် အခုမြင်တွေ့ရတဲ့ လူမှုဘ၀ သရုပ်တွေကတော့ ဘ၀ပေးကုသိုလ်ကံဆိုတာထက် လူအုပ်စုတစ်စု၊ လူပုဂ္ဂိုလ်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေကြောင့်ပဲလား ဒါမှမဟုတ် ဒီလိုလူမှုသရုပ်တွေကို တမင်တကာပဲ   ထုဆစ်ပုံဖော်ထားလားဆိုတာ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်ကြမယ် မထင်ပါဘူး။ ဒါပေမယ့် မြန်မာပြည်ထဲက အခြေခံလူတန်းစားတွေရဲ့ ဘ၀သရုပ်တွေကတော့ ဒီနေရာမှာမြင်ရတဲ့ပုံစံလို အခြားနေရာမှာ မြင်တွေ့ရမယ့် မြင်ကွင်းတွေကတော့ ထပ်တူညီနေမှာ အသေခြာဆုံး အရှိတရားသာ ဖြစ်ပါတယ်။

သူခိုး အထူးသတိပြုရန် မန္တလေးယဉ်လိုင်းတွေကြေညာ


မင်းမနိုင် (မန္တလေးရောက်စဉ် ရိုက်ကူးရေးသား ပေးပို့သည်။) (၂၀၁၀ သြဂုတ် ၅)

မန္တလေးကနေ ရန်ကုန်၊ မထ္ထီလာ၊ ညောင်ဦး၊ ပခုက္ကူ၊ မုံရွာ၊ ရွှေဘိုစတဲ့ မြို့တွေကို သွားရောက်မယ့် ခရီးသည်တွေအနေနဲ့ မိမိပစ္စည်း မိမိတာဝန်ယူဖို့ ယဉ်လိုင်းတွေက ကြေညာထားတာပါ။ ကားစီးနှင်းနေစဉ် တန်ဘိုးရှိ ရွှေ၊ ငွေတန်ဘိုးရှိလက်ဝတ်လက်စားနဲ့ ငွေကြေးပျောက်ဆုံးမှုတွေများပြားနေတာကြောင့် အခုလို ကြေညာထားတာ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲတွေ တနေ့တခြားကြပ်တည်းလာတာကြောင့် အခုလို ခိုးယူသူတွေ များပြားလာရတာဖြစ်ပြီး ပျောက်ဆုံးမှု တွေလည်း တဖြေးဖြေးများပြားလာတာကြောင့် ယဉ်လိုင်းတွေကလည်း တာဝန်မယူနိုင်၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း အရေးမယူနိုင်တာကြောင့် ခရီးသည်းတွေ ကိုယ့်တာဝန်ကို ယူကြဖို့ ကြေညာထားရတယ်လို့ ဒီယဉ်လိုင်းတွေက တာဝန်ရှိသူတွေကဆိုပါတယ်။

Categories

%d bloggers like this: