စစ်ရေး

This category contains 10 posts

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရိုးသားဟု ပြန်ကြားရေးဝန်ကြီး ထပ်မံပြောကြား


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးမျိုးတောင်းဆိုပြီး မရိုးမသား အခွင့်အရေးယူတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးက ပြည်သူ့လွှတ်တော်မှာ ထပ်ပြီးပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့စည်းရေး၊ အစိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆွေးနွေးမှုအခြေအနေတို့နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်နန်းဝါနုက မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အဲဒီလို ပြောသွားတာပါ။ Continue reading

Advertisements

တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်ရုံးအစီအစဉ်ဖြင့် ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာပေးပို့


အံ့ဘုန်းမြတ် (၉ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

သောတရှင်များရှင်။ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးက လွှတ်တော်ရုံးတွေရဲ့ အစီအစဉ်နဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဒီလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပြီး ငြိမ်းချမ်းရေးလိုလားသူတွေကို ရည်ရွယ်ပေးပို့လိုက်ပါတယ်။

ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ၂၃ နှစ်ပြည့်မြောက်တဲ့နေမှာပဲ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ကိုယ်စားလှယ် ၂၃ ဦးက လွှတ်တော်ရုံးတွေရဲ့ အစီအစဉ်နဲ့ ဒီငြိမ်းချမ်းရေးအိတ်ဖွင့်ပေးစာကို ထုတ်ပြန်လိုက်တာပါ။

ဒီစာပေးပို့ သူတွေထဲမှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများစုပါဝင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်အချို့သာ ပါဝင်ပါတယ်။ ဒီအိတ်ဖွင့်ပေးစာကို အစိုးရပိုင်ရုပ်မြင်သံကြားလိုင်းတွေနဲ့ သတင်းစာတွေက နေလဲ ဖော်ပြခဲ့ပါတယ်။

ဒီစာထဲမှာတော့ ငြိမ်းချမ်းရေးလိုလားသူများအတွက်လို့ ရည်ရွယ်ဖော်ပြထားပြီး အစိုးရအဆက်ဆက်နဲ့ ပြည်သူတွေက ဒို့တာဝန် အရေးသုံးပါးအပေါ် ရပ်တည်ခဲ့ကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က သံသယလွန်ကဲမှုတွေ၊ အစွန်းရောက်မှုတွေ၊ ဘေးပယောဂ၀င်ရောက် နှောက်ယှက်ခံရမှုတွေ၊ ကတိပျက်ကွက်မှုတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ခဲ့ရတယ်လို့ အဓိက ဖော်ပြထားပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂ ရက်နေ့က KIA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ငြိမ်းချမ်းရေးအတွက် ခြောက်လှန့်မှုတရပ်အဖြစ်လည်း ရေးသားထားပြန်ပါတယ်။

ဒီအခြေအနေတွေကြောင့် ငြိမ်းချမ်းရေးကို အမှန်တတယ်ရရှိလိုရင် ပြည်ထောင်စုကြီးတခုလုံးရဲ့ အကျိုးစီးပွားကိုသာ ရှေ့ရှု့ ဆွေးနွေးမှုအမှန်တွေ လုပ်ဆောင်ကြဖို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက အလေးအနက် တိုက်တွန်းထားပါတယ်။

ဒီစာထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးသူတွေထဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက အခုလို ပြောကြားပါတယ်။

    “ကျနော်ဖြေလို့ ရလားမရလား မသိဘူး။ လွှတ်တော်အတွင်းရေးတွေ ဖြစ်နေတော့။ ရေးတာတော့ ငြိမ်းချမ်းရေးအတွက်ပဲ။ အဲဒီဒေသတွေမှာ မအေးချမ်းတော့ ပြည်သူတွေအတွက်က စိတ်ပူစရာဖြစ်တာပေါ့။ တကယ်လို့ အပစ်အခတ်ရပ်တယ်။ ငြိမ်းချမ်းရေး ရတယ်ဆိုရင် နှစ်ဖက် နားလည်မှုရပါစေဆိုတဲ့ စေတနာတခုတည်းနဲ့ လုပ်တာ။”

လွှတ်တော်ကနေပြီးတော့ အန်ကယ်တို့ကို အစည်းအဝေးတွေဘာတွေ ခေါ်ပြီးတော့ ထုတ်ခိုင်းတာလား။ ဒါမှမဟုတ် အန်ကယ်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကြီးပဲ သီးခြားအပြင်မှာ တွေ့ဆုံပြီးတော့ ဒါကိုထုတ်ဖို့ စီစဉ်တာလား။ ဘယ်လိုများရှိနိုင်မလဲ။

“အဲဒါက အတွင်းရေးဖြစ်သွားပြီ၊ ကျနော့်အနေနဲ့လည်း ဖြေရခက်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အများကြီးတက်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာ ကျနော်တယောက်ပဲ တိုင်းရင်းသားခေါင်းဆောင် မပါတာလေ။”

ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေအပေါ် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကလည်း အခုလို အကြံပြုပြောဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျနော်တို့ တခြားသော နိုင်ငံရေးပါတီတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးအပါအ၀င် တောင်းဆိုနေတာ ဖြစ်ပါတယ်။ အဓိကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အခြေခံကြီးပေါ်မှာပဲ တည်ပါတယ်။ သဘောကတော့ ပြည်ထောင်စု ညီလာခံလိုဟာမျိုးကို ခေါ်ယူပြီးတော့မှ စားပွဲခုံပေါ်မှာ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ တဖက်နဲ့ တဖက် နားလည်ပြီးတော့မှ ကတိက၀တ်တွေကို စာရွက်ပေါ်မှာ အဖြူအမဲ လက်မှတ်ထိုးပြီးတော့ စာချုပ်ချုပ်ဆိုပြီးတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမှသာလျှင် အပြီးတိုင်ရှိမယ်လို့ ကျနော်တို့ ယူဆထားတာရှိပါတယ်။ အဲတော့ အဲဒီထိ ရောက်အောင် သွားဖို့ နိုင်ငံတော်အစိုးရ အနေနဲ့ ဆောင်ကျဉ်းပေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးမြင်ကွင်းကို မကြာခင် သိနိုင်မယ်လို့ ထင်ပါတယ်။”

ဒီအိတ်ဖွင့်ပေးစာ အပေါ် အစိုးရမူဝါဒ လွှမ်းမိုးမှုတွေ ရှိနေတယ်လို့လည်း အခြားနိုင်ငံရေးပါတီခေါင်းဆောင်တွေက ဝေဖန်ပြောဆို မှုတွေရှိနေပါတယ်။

ဒီအရင်ကလည်း မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေးအတွက် အစိုးရသစ်ကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ကြပေမယ့် လည်း အစိုးရဘက်ကတော့ အကောင်အထည်ဖော် ဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။

တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးရေးလုပ်ဖို့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေ ပြောကြား


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်နဲ့ တိုင်း​ရင်း​သား ​လက်နက်ကိုင်အင်အား​စု​တွေကြား​ တိုက်ပွဲ​တွေ အမြန်ဆုံးရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့ဆုံ​ဆွေး​နွေး​ရေး​လုပ်ဖို့ ဒီမိုကရက်တစ် အင်အား​စု နိုင်ငံ​ရေး​ပါတီ (၁၁) ပါတီ ပူးပေါင်း​ဖွဲ့စည်း​ထား​တဲ့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ​တွေက​နေ ​မေတ္တာရပ်ခံ ​ပြောကြား​လိုက်ကြပါတယ်။

ဒီက​နေ့မှာ ထုတ်ပြန်တဲ့​ ဒီမိုက​ရေစီမိတ်​တွေပါတီ (၁၁) ပါတီရဲ့ ​ကြေညာချက်မှာ အခုလို ​ရေး​သား​ဖော်ပြ ​ပြောကြား​လာတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး​ မိတ်​ဆွေပါတီ (၁၁) ပါတီရဲ့ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦး​သု​ဝေက အခုလို​ပြောပါတယ်။

“တိုင်း​ရင်း​သား​နယ်စပ်​တွေမှာ တိုက်ပွဲ​တွေ အရှိန်နဲ့ ဖြစ်လာတာကို အင်မတန်မှဝမ်း​နည်း​တယ်။ မဖြစ်​စေချင်ပါဘူး​ဆိုတဲ့​ အကြောင်း​ကိုပဲ ​ပြောခဲ့​တာ။ အဲဒါ​ကြောင့်​မို့လို့ ကျ​နော်တို့ အား​လုံး​ညှိနှိုင်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ရ​အောင် လုပ်ကြပါဆိုတာကို တိုက်တွန်း​တာပါ။ သမ္မတကြီး​ပြောတဲ့​ မိန့်ခွန်း​ထဲမှာလည်း​ ပါတယ်။ အား​လုံး​ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့ ဖြစ်​စေချင်တယ်ဆိုတာ။ အဲတော့​ အစိုး​ရအသစ်အ​နေနဲ့ ဒီလိုငြိမ်း​ချမ်း​တဲ့​နည်း​ကို ​ပေး​ပြီး​တော့​မှ ဒါဟာတိုင်တိုင်ပင်ပင်နဲ့ လုပ်​စေချင်တာ​ပေါ့​။ အနှစ်ချုပ်​တော့​ အခုဟာက ကျ​နော်တို့ တိုက်တွန်း​တယ်ဆိုတာ အဘက်ဘက်က ဝိုင်း​ပြီး​တိုက်တွန်း​ပြီး​ပြောရမှာ​ပေါ့​။ အား​လုံး​ကောင်း​စေချင်တာကိုး​။”

ဒီလိုတိုက်တွန်း​ပြောကြား​တာ​တွေကို အစိုး​ရအ​နေနဲ့ အ​လေး​အနက်ထား​ဖို့ လိုတယ်လို့လည်း​ ဦး​သု​ဝေက ဆိုပါတယ်။

“ဒီလိုတိုက်ပွဲတွေ ဖြစ်​နေတာ​ကြောင့်​ တိုင်း​သူပြည်သား​လူထု​တွေ အများ​ကြီး​နစ်နာရတယ်။ အိုး​အိမ်​တွေဆုံး​ရှုံး​ရတယ်။ အဲဒါတွေ​ကြောင့်​ ဒါ​တွေက ပိုကျယ်ပြန့်သွား​မယ်ဆိုရင် မ​ကောင်း​ဘူး​ပေါ့​။ ဒါ​ကြောင့်​မို့လို့ အခုကတည်း​က​နေ ငြိမ်း​ချမ်း​ရေး​ရအောင် ကြိုးစား​ကြပါလို့ ​ပြောရတာ​ပါ။ ဒီလိုတိုက်တွန်း​တာ​တွေ များ​လာ​တော့​ အစိုး​ရက အ​ရေး​တယူ​တော့​ လုပ်လာရမှာ​ပေါ့​။ နက်နဲ​လာရမှာ​ပေါ့​။”

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ (၇) ရက် ​ရွေး​ကောက်ပွဲ​နေ့က​နေ စတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့ ​နောက်ဆုံး​ ကချင်ပြည်နယ်တွေမှာ မြန်မာ့​တပ်မ​တော်နဲ့ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့အစည်း​တွေကြား​ တိုက်ပွဲ​တွေ ဆက်တိုက်လိုလို ဖြစ်ပွား​လာတာနဲ့ ပတ်သက်ပြီး​ အတိုက်အခံနိုင်ငံ​ရေး​ အင်အား​စုအချို့​က​တော့​ အစိုး​ရသစ်ဟာ ငြိမ်း​ချမ်းရေး​ကို လိုလား​ဖွယ်မရှိတာကို ပေါ်လွင်စေစတယ်လို့ ​ ပြစ်တင်​ဝေဖန်မှု​တွေလည်း​ ရှိ​နေပါတယ်။

ဒီလ (၉) ရက်​နေ့က စတင်ပြီး​ ကချင်ပြည်နယ်တွင်း​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေကိုရပ်ဖို့ ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော် (ကေအိုင်အေ) က ဆန္ဒရှိ​နေ​ပေမယ့်​ ပြည်​ထောင်စုအစိုး​ရနဲ့ အမျိုး​သား​ကာကွယ်​ရေး​နှင့်​ လုံခြုံရေး​ကောင်စီတို့က တာဝန်ယူ ကမ်း​လှမ်း​လာတမျိုး​တော့​ မရှိ​သေး​ပါဘူး​။ လက်ရှိအ​ခြေအ​နေမှာ​တော့​ အဲ့​ဒီ​ဒေသ​တွေမှာ စစ်​ပြေး​ဒုက္ခသည် နှစ်​သောင်း​လောက်ရှိ​နေပြီ ဖြစ်ပါတယ်။

ဒီလို တိုင်း​ရင်း​သား​ဒေသ​တွေက တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး​ အစိုး​ရပိုင်မီဒီယာ​တွေမှာ ဝါဒဖြန့်ချိ​ရေး​သား​မှု အချို့သာရှိပေမယ့်​ သတင်း​ဂျာနယ်​တွေမှာ​တော့​ ဒီကိစ္စ​တွေနဲ့ပတ်သက်ပြီး​ စာ​ပေစိစစ်​ရေး​က တင်းတင်းကြပ်ကြပ်ထိန်း​ချုပ် ပိတ်ပင်ထား​ပါတယ်။

သမ္မတအစိုးရသစ် ငြိမ်းချမ်းရေးလိုလားဖွယ် မရှိဟုဆို


အံ့ဘုန်းမြတ် ၁၅ ဇွန် ၂၀၁၁ (ဒီဗွီဘီ)

သုံး​လနီး​ပါး ​ သက်တမ်း​ရှိလာပြီဖြစ်တဲ့​ သမ္မတ ဦး​သိန်း​စိန် အစိုး​ရသစ်အ​နေနဲ့ တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့အစည်း​တွေနဲ့ ပတ်သက်ပြီး​ အမှန်တကယ် ငြိမ်း​ချမ်း​ရေး​ကို လိုလား​ဖွယ်မရှိဘူး​လို့ တိုင်း​ရင်း​သား​ပါတီ​တွေ အပါအဝင် အတိုက်အခံ နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်အချို့က ​ဝေဖန် ​ပြောကြား​လိုက်ပါတယ်။

ရွေး​ကောက်ပွဲကာလအတွင်း​က စတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့ ကချင်ပြည်နယ်​တွေမှာ မြန်မာ့​တပ်မ​တော်က ထိုးစစ်ဆင် တိုက်ခိုက်မှု​တွေ​ကြောင့်​ ဖြစ်ပွား​လာရတဲ့​ တိုက်ပွဲ​တွေကို ​ထောက်ရှုပြီး​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောကြား​လိုက်ကြတာပါ။

လက်ရှိအ​ခြေအ​နေမှာလည်း​ ကချင်ပြည်နယ်အတွင်း​က ​ကေအိုင်​အေ (​ခေါ်) ကချင်လွတ်လပ်​ရေး​တပ်မ​တော်နဲ့ မြန်မာ့​တပ်မတော်တို့အကြား​ တိုက်ပွဲ​တွေဖြစ်ပွား​​နေချိန်မှာ အရင်နဝတနဲ့ နအဖစစ်အစိုး​ရလက်ထက်​တွေက သ​ဘောတူညီချက်​တွေနဲ့ အစိုး​ရသစ်က လွဲ​ချော်သွား​ပြီလို့ ပြီး​ခဲ့​တဲ့​ရွေး​ကောက်ပွဲတုန်း​က အစိုး​ရက ပါတီထူ​ထောင်ခွင့်​ မ​ပေး​ခဲ့​တဲ့​ ကချင်ပြည်နယ် တိုး​တက်​ရေး​ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​တူး​ရော်က ဆိုပါတယ်။

“အဓိက သူတို့ပြောခဲ့တာက အခု​ရွေး​ကောက်တင်​မြှောက်ပြီး​ တက်လာတဲ့​အစိုး​ရသစ်နဲ့ ​ဆွေး​နွေး​ပါ။ နိုင်ငံ​ရေး​ကိစ္စ​တွေ အဲဒီအခါကျမှ သူတို့နဲ့ဆွေး​နွေး​ပါဆိုပြီး​ အရင် နဝတ လူကြီး​တွေက ​ပြောထား​တဲ့​ကိစ္စက​တော့​ ဖြစ်မလာဘူး​။ အခု​ပြောင်း​ပြန်ဖြစ်​နေတယ်။ စစ်အစိုး​ရ လက်ထက်မှာ​တောင်မှ ငြိမ်း​ချမ်း​ရေး​က တည်တန့်နေခဲ့​ပြီး​တော့​မှ အခု ဒီအစိုး​ရလက်ထက်မှာမှ ဖြစ်လာတယ် ဆိုတာ​တော့​ ​တော်​တော်​လေး​ ခွကျတယ်။ ​ပြောဆို ​ဝေဖန်ဖို့ကလည်း​ လူတိုင်း​ သိပြီး​သား​ဆို​တော့​ ဘာမှ မဝေဖန်ချင်​တော့​ဘူး​။ အခုအစိုး​ရက ငြိမ်း​ချမ်း​ရေး​ကို တပ်မ​တော် အစိုး​ရ​လောက် မလိုချင်ဘူး​ ထင်တယ်။ တပ်မ​တော်အစိုး​ရ​တောင်မှ ငြိမ်း​ချမ်း​ရေး​ နည်း​နည်း​လိုချင်တယ်။”

ရွေး​ကောက်ပွဲအနိုင်ရ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က​တော့​ အစိုး​ရအ​နေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း​တွေအကြား​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့ဆုံ​ဆွေး​နွေး​ဖြစ်ဖို့က အ​ရေး​ကြီး​တယ်လို့ ဆိုပါတယ်။

“တိုင်း​ရင်း​သား​ဒေသ​တွေမှာ ငြိမ်း​ချမ်း​တဲ့​နည်း​ကို ရှာဖို့အတွက် နှစ်ဖက်တွေ့ဆုံ​ဆွေး​နွေး​နိုင်ရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ နှစ်ဖက်​ဆွေး​နွေး​နိုင်​အောင် နိုင်ငံ​ရေး​အား​ဖြင့်​လည်း​ ​ဖြေရှင်း​သင့်​တာ​တွေ ရှိမယ်။ စစ်​ရေး​ကြီး​ပဲ နှစ်ဖက် ခုနလို လက်နက်ကိုင်တဲ့​ လမ်း​စဉ်နဲ့ပဲ ပစ်ကိုပစ်ဆိုတာမျိုး​ကို တခြား​နည်း​လမ်း​ကို ​ပြောင်း​စေချင်တယ်။ ကျ​နော်တို့က ငြိမ်း​ချမ်း​စေချင်တယ်။ ငြိမ်း​ချမ်း​မှုရမှပဲ ဖွံ့ဖြိုး​နိုင်တယ်။ ဖွံ့ဖြိုး​မှပဲ ပြည်​ထောင်စုကြီး​ရဲ့​ ​သွေး​စည်း​ညီညွတ်မှုက ပိုခိုင်မြဲလာမယ်။”

ဒါ​ပေမယ့်​ အခု ကချင်ပြည်နယ်အတွင်း​က တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး​ ပြည်​ထောင်စုအစိုး​ရကိုယ်တိုင်နဲ့ အသစ်ဖွဲ့စည်း​ထား​တဲ့​ ကာကွယ်​ရေး​ဦး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် ဦး​စီး​တဲ့​ အမျိုး​သား​ကာကွယ်​ရေး​နှင့်​ လုံခြုံရေး​ကောင်စီ ကိုယ်တိုင်က ​ဆောင်ရွက်​နေတာ ဖြစ်တယ်လို့လည်း​ ဦး​တူး​ရော်က မှတ်ချက်​ပေး​ ​ပြောကြား​ပါတယ်။

“ဒီစစ်​ရေး​နဲ့ ပတ်သက်လို့က​တော့​ ပြည်နယ်အစိုး​ရနဲ့ ပြည်နယ်ဝန်ကြီး​ချုပ်​တွေက​တော့​ တစုံတရာဝင်စွက်ဖို့က​တော့​ အခွင့်အလမ်း​ သိပ်မရှိဘူး​လို့ ကျ​နော်ထင်တယ်။ လုံခြုံရေး​ကောင်စီနဲ့ ကာကွယ်​ရေး​ဝန်ကြီး​ဌာန​ပေါ့​လေ၊​ ကာကွယ်​ရေး​ဦး​စီး​ချုပ်စသဖြင့်​ သူတို့ရဲ့ အကြံ​ပေး​ချက်​ပေါ့​လေ။ သူတို့ရဲ့ ​တောင်း​ဆိုချက်။ သူတို့ရဲ့ တင်ပြချက်​ပေါ်မှာ မူတည်ပြီး​တော့​ နိုင်ငံတော်လုံခြုံရေး ​ကောင်စီက ဆုံး​ဖြတ်ချက်ချပြီး​ တိုက်မှာတို့​ ဒါမှမဟုတ် ​ဆွေး​နွေး​မှာတို့ အဲလိုမျိုး​ သူတို့ ဆုံး​ဖြတ်ကြမယ် ထင်တယ်။”

ဒီလိုတိုင်း​ ရင်း​သား​လူမျိုး​စု​တွေနဲ့ အစိုး​ရတို့​ကြား​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေ​တွေနဲ့ ပတ်သက်ပြီး​ အမျိုး​သား​ပြန်လည် သင့်မြတ်​ရေး​အတွက် တိုင်း​ရင်း​သား​လူမျိုး​စု​တွေဘက်က လုပ်​ဆောင်​စေချင်​ပေမယ့်​ လက်ရှိအစိုး​ရဘက်က အကောင်အထည်​ဖော်ဖို့ လိုအပ်​နေတယ်လို့ အဓိကအတိုက်အခံပါတီကြီး​ တခုဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန့်ကြား​ရေး​အဖွဲ့ဝင် ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော့်​သ​ ဘောထား​အမြင်က​တော့​ အ​ရေး​ကြီး​တာ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​၊​ ပြည်​ထောင်စုစိတ်ဓာတ်၊​ ဒီနှစ်ခုနဲ့ ပတ်သက်ပြီး​တော့​ လက်ရှိအစိုး​ရက လက်​တွေ့​ဆောင်ရွက်​နေတာ မ​တွေ့​ဘူး​။ အဲ​တော့​ ဒီဟာက အား​နည်း​သွား​တဲ့​အခါမှာ ခုနလို ပဋိပက္ခက ပွား​များ​လာမယ်။ အဲ​တော့​ ဒီပဋိပက္ခ​တွေ မပွား​အောင်ဆိုရင် ပြည်​ထောင်စုစိတ်ဓာတ်နဲ့ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ကို ဦး​တည်လုပ်​ဆောင်ဖို့လိုတယ်လို့ ကျ​နော်​တော့​ အဲလိုပဲမြင်တယ်။ အဲ​တော့​ ကျ​နော်တို့က အခု တိုင်းရင်းသား​ စည်း​လုံး​ညီညွတ်​ရေး​နဲ့ အမျိုး​သား​ရင်ကြား​စေ့​ရေး​၊ အမျိုး​သား​ရင်ကြား​စေ့​ရေး​ ​ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ တိုင်း​သူပြည်သား​ အား​လုံး​လည်း​ ပါဝင်သင့်​တယ်။ ပါဝင်ဖို့လည်း​ လိုအပ်တယ်။ အဲဒါကို မလုပ်နှိုင်မခြင်း​တော့​ အခုလို ပဋိပက္ခ​တွေက​တော့​ ပွား​နေမှာပဲ။ အဲ့ဒီတော့​ တိုင်း​ရင်း​သား​စည်း​လုံး​ ညီညွတ်​ရေး​နဲ့ ပတ်သက်လို့ကြည့်​ရင် တိုင်း​ရင်းသား​တွေဘက်က​တော့​ အပြည့်​အဝ​ဆောင်ရွက်မယ်လို့ ကျ​နော်တို့ ​မျှော်လင့်​တယ်။ အဲ​တော့​ လက်ရှိတိုင်း​ပြည်ကို အုပ်ချုပ်​နေတဲ့​ အစိုး​ရအ​နေနဲ့လည်း​ အဲဒီလို ဦး​တည်တဲ့​ လုပ်​ဆောင်မှု​တွေ လိုအပ်​နေတယ်လို့ ကျ​နော်အဲဒီလိုပဲ မြင်ပါတယ်။”

၁၉၉၄ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​ယူခဲ့​တဲ့​ ​ကေအိုင်​အေက အစိုး​ရရဲ့​ လက်နက်ချ​ရေး​ ​တောင်း​ဆိုချက်ကို ပယ်ချခဲ့​ပြီး​တဲ့​နောက် ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကစတင်ပြီး​ နှစ်ဘက် တိုက်ပွဲ​တွေ ပြင်း​ပြင်း​ထန်ထန် ဖြစ်ပွား​လာတာလည်း​ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူမည်ဟုဆို


အံ့ဘုန်းမြတ် ၄ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

နိုင်ငံကို ၁၉ နှစ်ကျော် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်ရာထူးကနေ မကြာခင် အနားယူတော့မယ်လို့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ တပ်မတော်အရာရှိဟောင်း တွေက ပြောပါတယ်။

၁၉၉၂ ခုနှစ်ကနေ စတင်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) နဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရတို့ရဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၁၉ နှစ်ကြာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြာခင် သမ္မတအစိုးရ ဖွဲ့စည်းချိန်မှာ တပ်မတော်ရာထူးကနေ အနားယူပေးတော့မှာ ဖြစ်ပါတယ်။ သူနဲ့အတူ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးလည်း အနားယူတော့မှာ ဖြစ်တယ်လို့ တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ တပ်မတော် အငြိမ်းစားအရာရှိကြီးတဦးက ပြောပါတယ်။

“ဦးသန်းရွှေနဲ့ ဦးအေးနဲ့က နားမယ်လို့ ပြောကြတာပေါ့ဗျာ။ ပြောကြတဲ့ နေရာမှာလည်း တချို့ကျတော့လည်း သူ့မိန်းမ ဒေါ်ကြိုင်ကြိုင်က ဘာဘာညာညာပြောလို့တဲ့ ဆိုတော့ သူတို့က တရုတ်ပြည်လို စစ်ကော်မရှင် ဥက္ကဋ္ဌ ဆိုပြီးတော့များ အဲဒီလိုများ နေမလားပေါ့။ ကျနော်တို့လည်း အဲဒါတော့လည်း မပြောတတ်ဘူး။ သူတို့လည်း အသက် ၈၀ တောင် ရှိနေပြီ။ ၈၀ လောက် ရှိနေပြီပေါ့ဗျာ ဦးသန်းရွှေ ဆိုလို့ရှိရင်။ ဦးအေးဆိုလို့ရှိရင်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၁) ပဲဗျာ မရှိဘူး ဆိုရင် ၇၃-၇၄ လောက် ရှိနေပြီး ဦးအေးဆိုလို့ရှိရင်လည်းလေ။ အဲဒီတော့ သူတို့တတွေကတော့ နည်းနည်းပြောမယ်ဆိုရင်တော့ ကျနော်တို့ ကလေးစကား ပြောရရင်တော့ အနိုင်နဲ့ ပိုင်းပြီးတော့ သူတို့က ရှောင်ထွက်တော့မယ် ပုံစံမျိုး ကျနော်တို့က အဲဒီလိုပဲ မြင်တာပဲလေ။”

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း အခန်းအပိုဒ် ၂၀၁ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းအခန်းမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေအရ အသစ်ဖြစ်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်စိန်က ဦးဆောင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေ၊ ၀န်ကြီး တွေနဲ့အတူ ကာကွယ်ရေးဦးစီးချုပ်တွေက တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကြောင့်လည်း လက်ရှိ ကာကွယ်ရေဦးစီးချုပ်တွေ အနားယူတော့မှာ ဖြစ်နိုင်တယ်လို့လည်း အခြားနိုင်ငံရေးနဲ့ စစ်ရေးအကဲခက်အချို့က ဆိုပါတယ်။ ဒီလိုအနားယူမယ့် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် နေရာတွေအတွက် လျာထားမှုတွေလည်း တပ်မတော်အတွင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီနေရာတွေကို ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဖြစ်လာနိုင်ခြေရှိသလို ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့လည်း ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ အဲ့ဒီလို ခန့်မှန်းကြတဲ့ထဲက တပ်မတော်အငြိမ်းစားအရာရှိကြီးကပဲ အခုလို ပြောပါတယ်။

“အဲဒီ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုက တပ်ချုပ်နဲ့ ဒု-တပ်ချုပ်ဖြစ်မယ်ဆိုတာ ကျနော်တို့ နဂိုတုန်းကတော့ သူတို့ ပထမကတည်းက စာရင်း ပေးပြီးသား။ ပေးပြီးတော့ သူတို့ ၂ ယောက်ကို ရာထူးကို ဘာမှ မလုပ်ဘဲနဲ့ နေရာကို ချန်ထားပြီးတော့ သူတို့ကို မပေးဘဲနဲ့ ကျန်တဲ့လူတွေကို ပေးလိုက်တယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ ဘာတို့ကို ပေးလိုက်တာ။ သူတို့ကို နေရာပေးပြီးသားတွေ။ ဗိုလ်ချုပ်မင်းအောင်လှိုင်က ပေးပြီးသား၊ သူက အခုဗိုလ်ချုပ်ရွှေမန်းနေရာကို မင်းအောင်လှိုင်ကို ပေးလိုက်ပြီး။ ထည့်ပေး ပြီးပြီပေါ့ဗျာ အဲဒီမှာ သူတို့က ကျန်နေ တာပေါ့ဗျာ။ ကျန်တော့ ရာထူးကလည်း ဒု-ဗိုလ်ချုပ်ကြီး ပေးထားတယ်ဆိုတော့ အဲဒီအထဲမှာ သူရမြင့်အောင်က စစ်တက္ကသိုလ် အပတ်စဉ် (၁၈) က ဖြစ်ဖို့များ တယ်လို့တော့ ကျနော့်ကို အဲဒီလိုပဲ ပြောတယ်။”

အခုအနားယူတော့မယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ သမိုင်းဝင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို တပ်မတော်က အကြမ်းဖက်ဖြိုခွဲပြီး အာဏာသိမ်းခဲ့စဉ်မှာ ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့အတူ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တွေ ဖြစ်လာကြတာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ န၀တကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ အဖြစ် ပြောင်းလဲပြီး အခုအချိန်အထိ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Categories

%d bloggers like this: