ကျန်းမာရေး

This category contains 17 posts

ကစားကွင်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဥပဒေတရပ်ပြဋ္ဌာန်းရန်လို


အံ့ဘုန်းမြတ် ၁၄ ဇွန် ၂ဝ၁၁ (ဒီဗွီဘီ)

ဒီလဆန်းပိုင်းတွေက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာရှိတဲ့ ရေလွှာဥယျာဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့အတူ အသက်သေဆုံးမှုပါတွေပါ ရှိလာကြောင့် အစိုးရအဖွဲ့အစည်းအသီးသီးအနေနဲ့ ကစားကွင်းတွေမှာ ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် ဥပဒေတရပ် အမြန်ဆုံး ပြဋ္ဌာန်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောကြားလိုက်ပါတယ်။

ဒီလ ၁ ရက်နေ့က ရေလွှာဥယျာဉ်မှာ ရေလွှာလျှောစီး ဆော့ကစားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုဖိုးခွား (ခေါ်) ကိုဆန်းထွန်းဝင်း အသက် (၂၄) နှစ်ရဲ့ မိသားစုတွေနဲ့ အဲ့ဒီနေ့မှာပဲ ရေလွှာလျှောစီးရာက လက်သုံးချောင်းမှာ တဆစ်စီ ပြတ်တောက်သွားခဲ့ရတဲ့ ကိုတင်အောင်ဖြိုးတို့ကို တွေ့ဆုံကာ ဒီရေလွှာဥယျာဉ်ရဲ့ အခြေအနေကို သုံးသပ်ပြီး ဦးဘုန်းမြင့်အောင်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

http://www.news-eleven.com/index.php?option=com_content&view=article&id=8888:2011-06-12-19-57-07&catid=43:2009-11-10-07-39-09&Itemid=111

ဒီလိုဥပဒေတရပ် ခိုင်ခိုင်မာမာမရှိတာကြောင့် အသက်သေဆုံး ထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံမှုတွေ နည်းပါးနေရပုံကို ဦးဘုန်းမြင့်အောင်က အခုလို ထောက်ပြပြောဆိုပါတယ်။

“ဒီဟာကြီး အန္တရာယ်ရှိတယ်။ ခွင့်ပြုချက်ပေးတာက စည်ပင်သာရေးကော်မတီက ခွင့်ပြုချက်ပေးတာ။ ဒီဟာ အန္တရာယ် ရှိ၊ မရှိကို သူတို့ကတော့ မပြောနိုင်ဘူး။ ခွင့်ပြုချက်နဲ့ လုပ်တာဆိုတော့ အဲဒီဟာကိုပဲ လွှဲပေးတာပေါ့။ အဲဒီကော်မတီကလည်း အဲဒါကို ဘာပြောလဲဆိုရင် သူတို့ကုမ္ပဏီနဲ့ပဲ သက်ဆိုင်တယ်ပေါ့။ အဲတော့ ဒီဟာက ဥပဒေလည်း မရှိဘူး၊ ခွင့်ပြုချက်ပုံစံမျိုးတွေလည်း မရှိတော့ အဲဒီမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ တွေ့ရတာပေါ့။”

ဒီလို ဥပဒေရယ်လို ခိုင်ခိုင်မာမာမရှိတာကြောင့် အရေးယူဖို့နဲ့ ထိခိုက်သူတွေကို အကာအကွယ်အကွယ် မပေးတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်လို့လည်း ဦးဘုန်းမြင့်အောင်က ဆိုပါတယ်။

“ဒီလိုအဖြစ်မျိုးတွေတွေ့တော့လည်း သူတို့က လွယ်လွယ်ပဲ သေတဲ့သူလည်းသေ၊ ဒုက္ခရောက်တဲ့သူလည်း ရောက်ပေါ့။ ဘာမှ ထိထိရောက်ရောက် ကုမ္ပဏီဘက်ကိုကော အရေးမယူနိုင်ဘူး။ နောက်ပြီးတော့ ခံစားရတဲ့လူတွေဘက်ကိုလည်း ဥပဒေကြောင်းအရ ဘာမှမပေးနိုင်ဘူး။ အရင်တုန်းကတော့ တဦးနဲ့တဦး ယုံကြည်မှုတွေနဲ့ လုပ်နေတာပေါ့။ ခုလို နင်လားငါလား တကယ်ဖြစ်တော့ တယောက်နဲ့ တယောက်က ပစ်ပစ်ခါခါကို ခံရတဲ့လူတွေဘက်ကလည်း သူတို့မှာ ဘာမှခံစားခွင့် မရှိနိုင်ဘူးဆိုပြီး ကိုယ့်ဟာကိုယ် ဆေး±ုံသွား၊ နာရေးဖြစ်လည်း ကိုယ့်ဘာသာကိုယ် လုပ်ပေါ့။ အဲလိုဖြစ်နေတာပေါ့။”

အခုအခင်းဖြစ်ပွားခဲ့တဲ့ ပြည်သူ့ရင်ပြင်က ရေလွှာဥယျာဉ်ကို မြို့တော်ဝန် ဦးအောင်သိန်းလင်းလက်ထက်က ခေတ်မီဥယျာဉ်ကြီးအဖြစ် တည်ဆောက်မယ်ဆိုပြီး မြို့တော်စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိကကုမ္ပဏီတွေကို ငှားရမ်း ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အန္တရာယ်ကင်းရှင်းရေးအတွက် ပြုပြင်ထိန်းသိမ်းမှုတွေကို ကုမ္ပဏီတွေဘက်က လုပ်ဆောင်မှု နည်းပါးခဲ့သလို မြို့တော်စည်ပင်ဘက်ကလည်း စစ်ဆေးမှုနည်းပါးခဲ့တာကြောင့် အခုလို သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။

သုခကုသိုလ်ဖြစ်ဆေးခန်း နားနေဆောင်ဖွင့်လှစ်


အံ့ဘုန်းမြတ် ၁၇ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

နာရေးကူညီမှုအသင်း ရန်ကုန်က ဖွင့်လှစ်ထားတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက သုခကုသိုလ်ဖြစ်ဆေးခန်းမှာ လာရောက်ပြသတဲ့ လူတွေအတွက် နားနေဆောင်ကို ဒီနေ့နံနက်ပိုင်းမှာ ဖွင့်လှစ်လိုက်ပါတယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ လူနာတွေ နားနေစောင့်ဆိုင်းနိုင်ဖို့အတွက် နားနေဆောင်ကို ဆောက်လုပ်ဖွင့်လှစ်လိုက်တာလို့ အသင်းဥက္ကဋ္ဌ ကိုကျော်သူက ပြောပါတယ်။

“လူနာ နားနေဆောင် ဆိုတာပေါ့။ နေပူ၊ မိုးရွာတယ်ဆိုရင် အပြင်မှာနေလို့ မဖြစ်ဘူး။ ဒါကြောင့် သီးသန့် သူတို့အတွက် လေကောင်းလေသန့်လည်း ရရမယ်။ သူတို့အတွက် ဗဟုသုတလည်း ဖြစ်စေမယ့် ကျနော်တို့အသင်း လုပ်ဆောင်ချက်တွေကို ဒီဗွီဒီစက်နဲ့ ပြထားပါတယ်။ နားနေဆောင်မှာ ဆရာဝန် ဆေးကုသမှု မခံယူခင် သူတို့ နားနေရတဲ့ အဆောင်ပေါ့။ အလိုမျိုး လုပ်ပေးထားပါတယ်။”

သုခဆေးခန်းကို နေ့စဉ် လူနာ ၂၀၀ နီးပါး မနက် ၄ နာရီလောက်ကတည်း ဆေးဝါးကုသဖို့ လာရောက် စောင့်ဆိုင်းနေကြတာ ဖြစ်တဲ့အတွက် အခုလို ဆောက်လုပ်ပေးရတာ ဖြစ်တယ်လို့လည်း ကိုကျော်သူက ပြောပါတယ်။ သုခကုသိုလ်ဖြစ်ဆေးခန်း ကနေ ဆေးဝါးကုသပေးနေတဲ့ အခြေအနေတွေကိုလည်း ကိုကျော်သူက

“လူနာက တရက်ကို ၁၅၀ နဲ့ ၂၀၀ ကြား အားလုံးကို အခမဲ့ ကုသပေးနေပါတယ်။ ရောဂါကတော့ ရောဂါစုံပဲ၊ အထွေထွေကတော့ များတာပေါ့လေ။ နောက် မျက်စိရောဂါ၊ အရိုးအကျော၊ အိုဂျီ၊ ကလေးအထူးကုလည်း ကျနော်တို့ ကုပေးတယ်၊ တော်တော်စုံပါတယ်။ နားနှာခေါင်းလည်ချောင်းလည်းရှိတယ်။ အကုန်အစုံ အားလုံး မျှတော့ မျှပါတယ်။”

သုခကုသိုလ်ဖြစ်ဆေးခန်းမှာ လူနာတွေနဲ့ အသင်းဝင်အသင်းသားတွေအတွက် သက်သာချောင်ချီရေး စားသောက်ဆိုင် တဆိုင်ကိုလည်း ဖွင့်လှစ်ဖို့ ဆောက်လုပ်နေတယ်လို့လည်း ကိုကျော်သူက ပြောပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ကနေ သုခကုသိုလ်ဖြစ်ဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အထူးကုဆရာဝန်၊ သမားတော် ၄၀ ကျော်က ရောဂါမျိုးစုံကို ကုသပေးနေတာလည်း ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့မှာတော့ နာရေးကူညီမှုအသင်းအနေနဲ့ ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ဘက်မှာ သောက်သုံးရေအတွက် လှူဒါန်းထားတဲ့ ရေတွင်းရေကန်တွေကို အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ရည်စူးပြီး အထိမ်းအမှတ်အနေနဲ့ ရေစက်ချ လှူဒါန်းမယ်လို့လည်း သိရှိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု စတင်များပြားလား


အံ့ဘုန်းမြတ် ၅ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

မိုးဦးကျ ရာသီကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံထဲက ဒေသအတော်များများမှာ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ စတင်များပြားလာပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းထဲက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြိုနယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များပြားနေတာပါ။ အလားတူ ရန်ကုန်တောင်ပိုင်း ခရိုင်ထဲမှာပါတဲ့ တွံတေး၊ ဒလစတဲ့ မြိုနယ်တွေမှာလည်း ဖြစ်ပွားမှုနှုန်းများပြားခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ တရားဝင်သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီလိုဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ခံတဦးက

“ရန်ကုန်မှာ ဖြစ်နေတယ်၊ တော်တော်ဆိုးတယ်။ သွေးလွန် တုပ်ကွေးက တချို့လည်း ခြင်ထောင်၊ ဆေးတွေ ဆေးပြားတွေ ရောင်းတာတို့ သွေးလွန်တုပ်ကွေး အတွက် ခြင်နှိမ်နင်းဆေးတွေ ရောင်းတာ၊ လိုက်ဖျန်းတာတို့ အုတ်ကန်တွေ အိမ်တွေ လောက်လမ်းတွေထဲ ဆေးတွေဖျန်းတာတို့ အဲဒါတွေ စီမံချက်နဲ့ ချနေတယ်။”

ဒီလို ဆင်ခြေဖုံး မြို့နယ်တွေမှာ ရောဂါဖြစ်ပွားမှုနှုန်း များပြားလာရတဲ့နဲ့ ပတ်သက်ပြီးတော့လည်း တောင်ဒဂုံ မြို့နယ်က ဒေသခံတဦး ပြောပြထားတာကတော့

“တော်တော်များများ အိမ်အောက်ထဲဆို ရေ၀င်တာပဲလေ၊ မြောင်းရှိတော့ မြောင်းထဲက ရေလျှံပြီး အိမ်အောက်ထဲကို ၀င်တယ်။ ရေပုပ်တွေ ကျန်နေခဲ့တာပေါ့။ ခွက်တွေထဲမှာ ကျန်တာမဟုတ်ဘူး။ မြောင်းတွေထဲကနေ အိမ်ဂျိုင့်တွေထဲကနေတဆင့် ပေါက်တာပေါ့၊ သူတို့ဘက်က မြောင်းတွေ သန့်ရှင်းရေးလုပ်မယ်၊ အမြဲတမ်း ရေဆင်း ရင်တော့ သက်သာမှာပေါ့။”

ဆင်ခြေဖုံးရပ်ကွက်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတာနဲ့ ပတ် သက်ပြီး အဲ့ဒီရပ်ကွက်တွေမှာ ရေစီးရေလာ ကောင်းမွန်ရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးရင် ဖြစ်ပွားမှုနှုန်း ကျဆင်းနိုင်တယ်လို့လည်း ဆေးပညာလောက သားအခိျု့ ပြောဆိုကြပါတယ်။ ဒီလိုရောဂါ ဖြစ်ပွားနှုန်းများတဲ့ ဆင်ခြေဖုံး òမိ့နယ်တွေ မှာ နေထိုင်တဲ့ အခြေခံပြည်သူလူထုရဲ့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေကိုလည်း တောင်ဒဂုံòမိ့နယ်မှာ နေထိုင်တဲ့ ဒေသခံတဦးက အခုလို တွက်ပြပါတယ်။

“±ိုး±ိုးကျနော်တို့ သာမန်ရပ်ကွက်ထဲမှာ ထိုးရင် အနည်းဆုံး ၁,၅၀၀ ပေါ့၊ တရက်ကို ၁,၅၀၀၊ တရက်နဲ့လည်း မပျောက်ဘူး၊ အနည်းဆုံး ၂ ရက် ၃ ရက် သွား ရတယ်။ ဒါက အပေါဆုံး ဆေးခန်း၊ တခါထိုးရင် ၁,၅၀၀၊ ၂,၀၀၀ ရှိတယ်။ တရပ်ကွက် မှာ ဆေးခန်း ၂ ခုလောက်တော့ ရှိပါတယ်။ သူတို့ အပြင်ဆေးခန်းပေါ့နော်၊ ကျန်းမာ ရေးဌာနတော့ မရှိဘူး။ ဒဂုံတောင်မှာ ဒေသန္တရဆေးခန်းမရှိဘူး။ ဆိုင်းဘုတ်တော့ ရှိလိမ့်မယ်၊ ဆေးတော့ ရှိမယ်မထင်ဘူး။”

ဒီနှစ် တုပ်ကွေးရာသီမှာ တွေ့ရှိရတဲ့ တုပ်ကွေးရောဂါလက္ခဏာတွေကို အထွေထွေရောဂါကု အထူးကုဆရာဝန်တဦး ပြောပြထားတာက

“ခါတိုင်းနဲ့ စာရင်တော့ အနီစက်လေးတွေ အင်ပြင်လို ဟာလေးတွေ ပေါက်တာနဲ့ ပိုလာတယ်။ ရောဂါပုံစံ ပြောင်းလာတာ မဟုတ်ဘူး။ အရင်တုန်းကဆိုရင် လူတိုင်းမထွက်ဘူး၊ အခုက လူတိုင်းလိုလို ထွက်တယ်။ ထွက်တာတော့ ဖျားပြီးတော့ ၅ ရက် ၆ ရက် လောက်နေမှ ထွက်တာ။ အဖျားက အနည်းငယ်ကျတယ်၊ အဲဒီအချိန်မှာ ထွက်တာ၊ သုံးလေး ငါးရက်နေမှထွက်တာ၊ အဲဒီမှာခလေးတွေကို အသဲအသန် ပြန်ရအောင်လုပ်ရတာ။”

ဆေးပညာဆောင်းပါးတွေ ရေးနေတဲ့ အထူးကုဆရာဝန် တဦးကတော့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး အခုလို ပညာပေး စကား ပြောပြပါတယ်။

“ခြင်မကိုက်အောင် ခြင်ထောင်နဲ့အိပ်၊ ခလေးတွေကို နေ့ခင်းနေ့လည်မှာ အိပ်တဲ့အခါ အ၀တ်အစား ၀တ်ပေးတဲ့အခါမှာ လက်ရှည်တို့ ဘာတို့ကို ၀တ်ပေးဖို့၊ ခြင်မကိုက်တဲ့ လူးဆေးလူးပေးတာတို့ အရဓိကတော့ ခြင်မကိုက်ဖို့က အဓိကအကာ အကွယ်ပေါ့။ ခုနကလို ဖျားတာကတော့ ရိုးရိုးသာမန် ရိုးရိုးနှာစေး ချောင်းဆိုးနဲ့လည်း ရောလာတတ်တယ်။ ဆရာမတို့က ခလေးအဖျားကျသွားတဲ့အခါမှာ မိဘတွေကို မှာပါတယ်။ သတိထားပါ၊ ခလေးက မှိန်းနေလား၊ ကစားနေလား၊ ခလေးက အဖျားကျသွားတဲ့အခါမှာ သာမန်အားဖြင့် ခလေးက ဆော့ကစားမယ်။ မဆော့ဘဲ မှိန်းနေမယ် ခြေဖျားလက်ဖျားတွေ အေးစက်နေမယ်ဆိုရင် ဒါစိတ်ပူစရာပေါ့။ အန်မယ်၊ အန်တဲ့အခါမှာ ကော်ဖီရောင်မျိုးတွေ အန်လာမယ်။ ဒါမျိုးတွေဆိုရင် ကျမတို့က ဆေးရုံဆေးခန်းနဲ့ နီးတဲ့နေရာကို ဆရာမတို့ ပြပေးဖို့ လိုအပ်တာပေါ့။”

မြန်မာနိုင်ငံမှာ ၂၀၁၀ နှစ်စကနေ ပြီးခဲ့တဲ့ လဆန်းအထိ ရန်ကုန်တိုင်းတွင်း မြိုနယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ၁,၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ၆ ဦး ကွယ်လွန်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဘိန်းစိုက်ပျိုးမြေတိုးပွားသော်လည်း ဘိန်းအထွက်နှုန်းကျ


အံ့ဘုန်းမြတ် ၂၄ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုးပွားလာပေမယ့် ဘိန်းထုတ်မှုကတော့ အရင်နှစ်တွေကထက် ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် ဘိန်းဖြူသုံးစွဲမှုနဲ့ မက်တာဖက်တမင်း (ခေါ်) စိတ်ကြွဆေးထုတ်လုပ် သုံးစွဲမှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဒီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမြေ ၁၁ ရာ ခိုင်နှုန်းတိုးတက်လာပြီး ဧက ခုနှစ်သောင်း ရှစ်ထောင်လောက် ရှိလာသလို ဘိန်း ထုတ်လုပ်မှုမှာဆိုရင်လည်း မတ်ထရစ်တန် ၃၃၀ ရှိပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ထက်စာရင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒီလိုဘိန်းစိုက်ပျိုးမှု တိုးပွားလာတာဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေအတွင်းမှာ မဟုတ်ဘဲ နအဖစစ် အစိုးရရဲ့ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ ဖြစ်တယ်လို့ ရှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်း က ပြောကြားလိုက်ပါတယ်။

“၀ တို့၊ ကိုးကန့်တို့ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေက စိုက်တဲ့ဟာတွေ နည်းသွားပြီးတော့ နအဖတပ်တွေနဲ့ ပြည်သူ့စစ်တွေ အုပ်စိုးထားတဲ့ နယ်မြေတွေက ပိုစိုက်လာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ တွေ့လာတယ်ဆိုတာ နအဖ တပ်မှူးတွေ ကိုယ်တိုင်ကလည်း ခွင့်ပြုတာကို၊ ခင်ဗျားတို့ မစိုက်ရင် ကျနော်တို့လည်း မစားရဘူးဆိုတာ သူတို့လည်း လက်ခံတယ်။ အဲလောက်အထိဖြစ်တယ်။”

ဘိန်းအထွက်နှုန်းနဲ့ ထုတ်လုပ်မှု ကျဆင်းလာတာ ဟာလည်း နအဖစစ်အစိုးရရဲ့ မြန်မာနိုင်ငံအ၀ှမ်း မူးယစ်ကင်းစင်ရေး ၁၅ နှစ် စီမံကိန်းကြောင့်မဟုတ်ဘဲ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တယ်လို့လည်း ဦးခွန်စိုင်းက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဘိန်းဖြူဈေးတွေကတော့ ပင်နယ်စလင်ဆေးပုလင်းငယ် တပုလင်းကို ရန်ကုန်မှာ လေးသိန်းဝန်ကျင်၊ မန္တလေးမှာ တသိန်းခွဲဝန်ကျင်၊ ကချင်ပြည်နယ်အတွင်းမှာ ခြောက်သောင်းခွဲဝန်ကျင်လောက် ဈေးနှုန်းတွေ အသီးသီးရှိနေပြီး နအဖစစ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေ၊ ငွေကြေးချမ်းသာသူတွေလောက်ပဲ သုံးဆွဲနိုင်တဲ့ အခြေအနေမျိုးလို့ ဘိန်းဖြူဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက ဖားကန့်ကျောက်စိမ်းတွင်း ဒေသတွေဖြစ်တဲ့ လုံးခင်း၊ ဆိုင်းတောင်၊ မော်ဝမ်း၊ ကာလီချောင်းစတဲ့ဒေသတွေတော့ ဒေသခံအာပိုင်တွေက လာဘ်ငွေယူပြီး ဘိန်းခန်းတွေကို တရားဝင်နီးနီး ဖွင့်လှစ်ထားကြတယ် လို့လည်း သိရပါတယ်။ ကချင်ပြည်နယ်အတွင်းက အခြေအနေကို ဒေသခံတဦး ပြောပြတာက

“တရားဝင်တော့ မဟုတ်ဘူး။ လိုင်းကြေးပေးထားတယ်။ ရဲတွေ စအဖတွေ ရှိတယ်။ စစ်တပ်ရယ်လို့တော့ မဟုတ်ဘူး။ သူတို့က အဓိကတော့ ရဲမှူးကို ပေးရတယ်။ ဗျူဟာမှူးကိုကတော့ ရဲမှူးက တဆင့်ပြန်သွားတယ်။ ကျုပ်တို့ရွာမှာဆိုရင် ကျောင်းသားတွေတောင် ဂန်းကိုင်နေကြတယ်။ ဂန်းဆိုတာ ဆေးထိုးအပ်ကို ပြောတာလေ။ ရောင်းတဲ့လူ များလွန်းလို့ ပိုက်ဆံသိပ်မကုန်ဘူး၊ အဖြူချတော့ တထောင်လောက်နဲ့ရတယ်။ တရက်တထောင် ကတော့ လူတိုင်းနီးပါး မုန့်ဖိုးပေးနိုင်တာချည်းပဲ။ ကျနော်တို့ ဘက်ကတော့ နယ်စပ်နဲ့နီးတော့ အ၀င်များလို့ ဖြစ်လာကြတာ။”

ဒီလိုဘိန်းထွက်နှုန်း အနည်းငယ် လျော့ကျ လာပေမယ့်လည်း ဈေးကွက်တွင်း သိသာတဲ့ အကျိုးဆက် ဖြစ်မလာဘဲ မက်တာဖက်တမင်း စိတ်ကြွးဆေးပြား ထုတ်လုပ်သုံးစွဲမှုအပိုင်းမှာ ပိုများလာတယ်လို့လည်း ဦးခွန်စိုင်းက ပြောပါတယ်။

“အထွက်နှုန်းနည်းသွားတာတို့ ဘာတို့က အဖက်သိပ်မရှိဘူး။ နောက်အ ကျိုးသက်ရောက်မှု သိပ်မရှိဘူး။ အခု ရာဘတို့ ဘာတို့က ဘိန်းနဲ့ ဘာမှမပတ်သက်ပဲ။ ဒါက ဓာတုဆေးဝါးတွေ၊ အဲတော့ ဒီဥစ္စာတွေက အမြဲတမ်း တိုးတက်နေတာ။”

ရာမခေါ် အဖက်တမင်း စိတ်ကြွဆေးပြားတွေရဲ့ ပေါက်ဈေးတွေကတော့ ကချင်ပြည်နယ် ဖားကန့်မှာ တပြားကို ကျပ် ၇,၀၀၀ ၀န်းကျင်၊ ရန်ကုန်မှာတော့ ကျပ် ၄,၅၀၀ ၀န်းကျင်နဲ့ ထိုင်း-မြန်မာ နယ်စပ်မှာတော့ ဘတ် ၅၀၊ မြန်မာငွေ ၁,၅၀၀ ကျပ် ၀န်းကျင်လောက် ပေါက်ဈေး ရှိနေပါတယ်။ ထိုင်း-မြန်မာနယ် သောင်ရင်းမြစ်ကမ်းက မူးယစ်ဆေးဝါး အရောင်းအ၀ယ် ဈေးကွက်ကို ဒေသခံတဦး ပြောပြတာကတော့

“ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေပဲလား။ ဘယ်လိုအဖွဲ့တွေလည်း မသိဘူး။ ၀ အဖွဲ့၊ အဖွဲ့စုံရှိတာကိုး။ ဘယ်နေရာမှာ အတည်ပြု ဘယ်နေရာမှာလုပ်ပြီး ဒီဘက်ကို လာကြလည်း မသိဘူး။ ဒီကမ်းနားမှာ ရောင်းတာတော့ သုံးလုံး တရာ၊ လေးလုံးတရာ၊ နှစ်လုံး တရာရှိတယ်၊ သူ့အစားစားပဲ၊ မြန်မာပြည်ဘက်က ၀င်တာပဲ။ တချို့ဆိုရင် ရေလယ်ကျွန်းတို့ ဘာတို့မှာ အမှုန့်ယူလာပြီးတော့ ပုံစံခွက်နဲ့ နေလှန်းပြီးတော့ အဲဒီဟာတွေပဲ ပြန်ထုတ်တာပေါ့။”

မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းက တရားဝင် ဆေးဖြတ်စခန်းတချို့ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နယ်စပ်ဒေသတွေနဲ့ မန္တလေး၊ ရန်ကုန်အပါအ၀င် နေရာ ၇ နေရာမှာ ဖွင့်လှစ်ပေးထားပြီး မူးယစ်ဆေးဝါဖျက်ပြီး ဘ၀ပြန်လည်ထူထောင်ရေး အတွက် သင်တန်းပို့ချပေးမှု တချို့ရှိနေပါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့အထဲမှ အမျိုးသမီးတွေလည်း ပါဝင်လာပြီး မူးယစ်ဆေးဝါးနဲ့အတူ လူမှောင်ခိုကူးမှု၊ ပြည့်တန်ဆာအလုပ်တွေပါ များပြားလာတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဝင်တဦးက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက အခုလို သုံးသပ် ပြောကြားသွားပါတယ်။

“ဒီဥစ္စာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နောက်ပြီးတော့ မတရားခိုင်းစေမှုတွေ၊ လယ်ယာမြေသိမ်းမှုတွေ၊ အတင်းအဓမ္မ အခွန်ကောက်မှုတွေ၊ အဲဒါတွေနဲ့ အကုန်လုံးခွဲပြောမှ သူကပိုပြီးတော့ မြင်လာမှာကို တွေ့ရပါတယ်။ စတာကတော့ ပြည်တွင်းကိစ္စထဲကပေါ့။ အဲဒီထဲက တဖြည်းဖြည်း များလာတယ်။ နအဖ ခေတ်ကျတော့ ပိုများလာတယ်။”

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံတွေကတော့ အရင်နှစ်တွေကအတိုင်း အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတွေက ထိပ်ဆုံးက ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်သုံးသူဦးရေ ကျဆင်းသည်ဟုဆို


အံ့ဘုန်းမြတ် ၃၁ မေ ၂ဝ၁ဝ

http://burmese.dvb.no/news.php?id=11046

ဒီနေ့ မေလ ၃၁ ရက်နေ့ဟာ ကမ္ဘာဆေးလိပ် မသောက်ရေးနေ့ ဖြစ်ပါတယ်။ ဒီကနေ့မှာပဲ မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းလာတယ်လို့ အစိုးရပိုင်သတင်းစာတွေက ဆိုပါတယ်။ ဒီအခြေအနေတွေမှာပဲ ဈေးကွက်တွင်းမှာတော့ စီးကရက်တံဆိပ်သစ်တွေလည်း ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဈေးကွက်အတွင်းမှာ ကုန်အမှတ်တံဆိပ်သစ်တွေနဲ့ ဆေးလိပ်ထုတ်လုပ်ခွင့်တွေကို အစိုးရဘက်က ဆက်လက်ခွင့်ပြုနေဆဲဖြစ်သလို နိုင်ငံခြားဖြစ် ဆေးကရက်တွေအပါအဝင် ပြည်တွင်းဖြစ် ဆေးကရက်တွေလည်း ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရပိုင်းက ဆေးလိပ်နဲ့ အရက်ကြော်ငြာတွေကို ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ ဘေဘုတ်တွေမှာ ကြော်ငြာခွင့်ကို ပိတ်ပင်ထားပေမယ့်လည်း ဈေးကွက်တွင်း တိုက်ရိုက်အရောင်းမြှင့်တင်မှုတွေ ပြုလုပ်လာတာကြောင့် လူငယ်တွေ ဆေးလိပ်သောက် သုံးမှုတွေ ဆက်ရှိနေတာဖြစ်တယ်လို့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူ အချို့က ပြောပါတယ်။ ဒါအပြင် ဈေးကွက်အတွင်း ဆေးလိပ်ကို တလိပ်ချင်း ရောင်းချနေတာဟာလည်း ဆေးလိပ်ကို လူငယ်တွေ ပိုမိုသောက်သုံးဖြစ်လာအောင် တွန်းပို့နေတာ ဖြစ်တယ်လို့လည်း သူတို့တွေက ဆိုပါတယ်။ မြန်မာပြည်က ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုတွေ လုပ်နေတဲ့ တေးသံရှင်ဇော်ဝင်းထွဋ်က လူငယ်တွေဆေးလိပ် သောက်သုံးနေကြတာနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောပါတယ်။

“လူငယ်တွေက အဓိက ဘာကြောင့်သောက်သလဲဆိုတော့ ဖက်ရှင်ကြောင့် သောက်တာပဲ။ ဆေးလိပ်ကိုတော့ အစက ဘယ်သူမှ ကြိုက်တဲ့ကောင်ဆိုတာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကြိုက်တဲ့ မင်းသားဖြစ်စေ၊ ကိုယ်ကြိုက်တဲ့ အဆိုတော်၊ ကိုယ်ကြိုက်တဲ့လူက အိုက်တင်နဲ့ သောက်ပြရင် အထူးသဖြင့် စီးကရက်ကြော်ငြာတွေမှာ စတိုင်နဲ့ကြော်ငြာရင် စီးကရက်သောက်တာ စတိုင်လ်လို့ မိုက်တယ်လို့ထင်စေတဲ့ ကြော်ငြာမျိုးပေါ့နော်။ ရှေးတုန်းကတော့ မြန်မာလူမျိုးက ရိုးရာအရ ဖြောင်းဖူးဖက် လိပ်သောက်တယ်။ ကလေးတွေကိုလည်း ငယ်ငယ်တုန်းက ဆေးလိမ်မီးညှိခိုင်းတယ်။ ဒါကတော့ ရှေးခေတ်မှာ ကျန်ခဲ့ပြီး။ ဒါမျိုးက ဒီခေတ်မှာ မရှိတော့ဘူး။ ကိုယ့်ကလေးကိုလည်း ဘယ်သူမှ ဆေးလိပ်မီးမညှိခိုင်းဘူး။ ဒါပေမယ့် တခုရှိတယ် ဆယ်ကျော်သက်တွေ အသောက်များတယ်။ အထူးသဖြင့် ဂျပန်တို့ ဘာတို့မှာကျတော့ ၁၆ နှစ်ဆိုရင် စီးကရက်လက်ကြားက မချတော့ဘူးဆိုတော့ ဒီအကျင့်ကို ဒီဘက်ကူးမလာဖို့လိုတယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆေးလိပ် တိုက်ဖျက်ရေးနေ့မှာမှာပဲ လူဦးရေ သန်းတထောင်ကျော် ဆေးလိပ်သောက်နေတာတွေ့ရပြီး အဲဒီအထဲမှာ အမျိုးသမီးဦးရေက သန်း ၂ဝဝ ကျော်ပါဝင် နေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေ ဆေးလိပ်သောက်မှုနှုန်း ပိုများလာတယ်လို့ မြန်မာရုပ်ရှင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပါတယ်။

“ယောကျာ်းလေးတွေက ဆေးလိပ်သောက်တာကို နည်းလာတာတွေ့ရတယ်။ ဒါပေမယ့် များလာတာက မိန်းကလေးတွေ ဆေးလိပ်သောက်တာ များလာတယ်။ အဲဒါကို တွေ့ရတယ်။ ဆေးလိပ်တင်မဟုတ်ဘူး ဘီယာ၊ ဆေးလိပ်နှစ်ခုစလုံး သောက်တာ များလာတယ်။ အဲဒီ ဦးရေက ပိုများလာတယ်။ သူတို့က ဆေးလိပ်သောက်တဲ့ ပုံသဏ္ဌာန်က ယောကျာ်းတွေကို ရင်ဘောင်တန်းနိုင်တဲ့ နောက်တနည်းလို့ လွဲမှားစွာတွေးပြီး သောက်နေကြတာလို့ ထင်တယ်။”

မြန်မာအမျိုးသမီးအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းနီးပါး ဆေးလိပ်သောက်သုံးကြပြီး အများစုဟာ ကျေးလက်နေ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့ဟာ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက် ဆေးလိပ်သောက်သုံးမှု အပါအဝင် ဆေးရွက်ကြီးငုံတဲ့ ရိုးရာ ဓလေ့တွေကြောင့် ဖြစ်တယ်လို့လည်း ဆေးပညာလောကသားတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ပတ်သက်ပြီး ကြော်ငြာတွေကို ပိတ်ပင်ထားသလို ဇာတ်ဝင်ခန်းတွေမှာ ဆေးလိပ်ပါတာကိုလည်း ဆင်ဆာဖြတ်တောက်လေ့ရှိ နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဆေးလိပ်ကုမ္ပဏီတွေက ဖွံဖြိုးဆဲနိုင်ငံအများစုက အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ဈေးကွက်ရှာဖွေ နေကြပါတယ်လို့ ဆိုပါတယ်။ ဒါအပြင် သက္ကရဇ် ၂ဝ၂ဝ အရောက်မှာ ဆေးလိပ်ကြောင့် တစ်နှစ်မှာ လူ ၁ဝ သန်းလောက် သေဆုံးစေမှာဖြစ်ပြီး အဲ့ဒီထဲက ခုနစ်သန်းလောက်ဟာ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေက ဖြစ်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒီအပေါ်မှာ မြန်မာလူငယ်တွေနဲ့ပတ်သက်ပြီး တေးသံရှင် ဇော်ဝင်းထွဋ်က

“လူ့ရဲ့သဘောတရားကတော့ ဒါလေးနည်းနည်းလုပ်မယ်။ ဟိုဟာလေး နည်းနည်းလုပ်မယ် မရှိပါဘူး။ လုပ်မိလို့ ရှိရင်တော့ ရပ်လို့မရတာနဲ့ ဘယ်လောက်အထိ လစ်မစ် (အတိုင်းအတာ) လုပ်မလဲမသိဘူး။ အဲဒီတော့ မကောင်းတဲ့ဟာကတော့ မလုပ်တာအကောင်းဆုံးပေါ့နော်။ လုံးဝမလုပ်ခြင်းနဲ့ လုံးဝလုပ်တာနှစ်ခုပဲရှိတယ်လို့ ကျနော်ထင်တယ်။ အဲဒါ နည်းနည်း ဆေးလိပ်သောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ အဲဒါ ကျနော့်သဘောဆိုရင်တော့ အထူးသဖြင့် ငယ်ရွယ်တဲ့ အရွယ်တွေပေါ့။ ၁၆ နှစ်လောက်က ဆေးလိပ်စသောက်လိုက်ရင် ဒီကောင်ထွားလာမှာ မဟုတ်တော့ဘူး။ အရိုးတွေရှည်လာမှာမဟုတ်တော့ဘူး။ ကြွက်သားတွေ ထက်ဖြစ်လာမှာ  မဟုတ်တော့ဘူး  ဒီသဘောမျိုးရှိတာကိုး။”

ဒီကနေ့မှာကျရောက်တဲ့  ကမ္ဘာဆေးလိပ်မသောက်ရေးနေ့မှာပဲ  ရန်ကုန်မြို့အပါအဝင်  ဒေသအချို့မှာ  ဆေးလိပ်ဆန့်ကျင်ရေး  ပညာပေးဟောပြောမှုတွေ  ပညာ ပေးမှုတွေကို  ဆေးပညာလောကသားတွေ  ပြုလုပ်ခဲ့ကြတယ်လို့လည်း  သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝဝ၁  ခုနှစ်ကနေ  ၂ဝဝ၇  ခုနှစ်အတွင်း  အသက်မပြည့်သေးတဲ့  လူငယ်တွေကြား  ဆေးလိပ်သောက်သူ  ၆  ရာခိုင်နှုန်းနီးပါး  ကျဆင်းလာတာလို့ Global Youth Tobacco Survey မှာ  ဖော်ပြထားတယ်လို့  သတင်းစာတွေကဆိုပါတယ်။   ဒီစစ်တမ်း  အရ  ၂ဝဝ၁  ခုနှစ်  မှာ  အသက်မပြည့်သေးတယ်  ၈  တန်း၊  ၉  တန်း၊  ၁ဝ  တန်းအရွယ်  ကျောင်းသားတွေကြားမှာ  ဆေးလိပ်သောက်သုံးသူဟာ  ၁ဝ  ဒဿမ  ၂  ရာခိုင်နှုန်းရှိခဲ့ရာက  ၂ဝဝ၇  ခုနှစ်မှာ  ၄  ဒဿမ  ၉  ရာခိုင်နှုန်းကို  ကျဆင်း သွားတာလို့ဆိုပါတယ်။     ဒါအပြင်  အသက်  ၁၅  နှစ်အထက်  အမျိုးသားတွေကြားမှာလည်း  ဆေးလိပ် သောက်သုံးမှုနှုန်းဟာလည်း  ၁၉၉ဝ  ဝန်းကျင်မှာ  ၆ဝ  ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ  ၂ဝဝ၁  ခုနှစ်တွင်  ၄၈  ရာခိုင်နှုန်းမှ  ၂ဝဝ၇  ခုနှစ်တွင်  ၂၆  ရာခိုင်နှုန်းကျော်သာရှိတော့တယ်လို့  ပြောပြပါတယ်။

Categories

%d bloggers like this: