အစိုးရနိုင်ငံတော်နှင့် ဒီမိုကရေစီအကြောင်း


ထွန်းဇော်ဌေး (ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၄၅ မတ်လ ၂၀၁၂)

(ငါဟာနိုင်ငံတော်ဖြစ်တယ်။ (I am the State ) လို့ ဟစ်ကြွေးခဲ့တဲ့ သက်ဦးဆံပိုင်တွေကြောင့် ပြည်သူတွေဟာ နိုင်ငံတော်နဲ့ အစိုးကို အတူတူလို့ မြင်လာကြတယ်။ စစ်အာဏာရှင်ပဲဖြစ်ဖြစ် ပစ္စည်းမဲအာဏာရှင်ပဲဆိုဆို တစ်ပါတီအာဏာရှင် လို့ပဲပြောပြော၊ အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်ကြာကြာ အိပ်မက်ဆိုးမက်ခဲ့ကြတဲ့ ပြည်သူတွေဟာလည်း နိုင်ငံတော်နဲ့ အစိုးရကို ကွဲကွဲပြားပြားမမြင်ခဲ့ကြဘူး။ ခွဲခွဲခြားခြား မသိနိုင်ခဲ့ကြဘူး။ ဒါ့အပြင် နိုင်ငံတော်တစ်ခုကို ကာလရှည်ကြာကြာ အုပ်စိုးခဲ့တဲ့သူတွေကိုယ်တိုင်ကလည်း သူတို့ကိုယ်သူတို့ (နိုင်ငံတော်နဲ့ တစ်သားတည်းပဲ) လို့ မြင်နေကြတယ်။ အဲ့ဒီအတွက် ကျွန်တော် ဒီစာကို ရေးပါတယ်။

နိုင်ငံတော်ကို State လို့ အင်္ဂလိပ်လို ပြန်ဆိုကြပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံကို Country လို့ ပြန်ပြီး အစိုးရကိုတော့ Government လို့ ပြန်ကြပါတယ်။ ဝေါဟာရတွေ စကားရပ်တွေ မတူသလို စရိုက်လက္ခဏာရပ်တွေလည်း မတူကြပါဘူး။ ပထမဆုံးတော့ နိုင်ငံတော်ကိုခေါ်တဲ့ State or state power အကြောင်း ပြောကြရအောင်။

၁၉၄၇ အခြေခံဥပဒေ အခန်း (၂) မူလအခွင့်အရေးများဆိုတဲ့ကဏ္ဍမှာ (နိုင်ငံတော်) ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ရှင်းလင်းချက်ပေးထားတာက (၉။ ဤအခန်းနှင့် အခန်း (၃)၊ အခန်း (၄)တို့တွင် နိုင်ငံတော်ဟူသော စကားရပ်၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်ကိုထောက်၍ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း ဆိုလိုသည်။) (စာ ၂) လို့ ဖော်ပြထားတယ်။ သူကတော့ ဝေါဟာရရှင်းလင်းချက်မဟုတ်ဘဲ အခြေခံဥပဒေ လိုအပ်ချက်အရ ရှေ့နောက်ချိန်ဆ ဖော်ပြထားတာပါ။

နိုင်ငံတော်လို့ဆိုလိုက်တာနဲ့ ပိုင်နက်နယ်မြေ ပထ၀ီသဘောတရား နယ်နိမိတ်တို့ ရှိရပါ့မယ်။ တိုင်းသူပြည်သား ရှိရပါမယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိရပါမယ်။ ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ယူနစ်တစ်ခုဟာ နိုင်ငံတော်ပဲဖြစ်တယ်လို့ ပြောရင် ရနိုင်ကောင်းပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုပေးရာမှာ ဘောင်ကျဉ်းမှာစိုးတဲ့အတွက် ပညာရှင်အများစုက စရိုက်လက္ခဏာရပ်တွေနဲ့ ဖွင့်ဆိုပြလေ့ရှိပါ တယ်။ စောစောက ပြောခဲ့တဲ့ နိုင်ငံတော် State or state power ထဲမှာ ယေဘူယျလက္ခဏာရပ်တွေ ရှိပါတယ်။

အဲ့ဒီယေဘူယျလက္ခဏာရပ်တွေထဲမှာ ပိုင်နက်နယ်မြေရှိခြင်း အခြေတကျ နေထိုင်တဲ့ ပြည်သူပြည်သားတွေ ရှိခြင်း၊ အချုပ်အချာအာဏာပိုင်စိုးမှု ပြည်သူ့ကိုယ်စား နိုင်ငံတော်အရေးကိစ္စတွေဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိခြင်းဟာ နိုင်ငံတော်ရဲ့ ယေဘူယျလက္ခဏာရပ်တွေဖြစ်တယ်။ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေကို ပြည်သူ့ကိုယ်စား ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာ အစိုးရတစ်ရပ်ပါပဲ။ နိုင်ငံအရေးကို စီမံခန့်ခွဲဖို့ အဖွဲ့အစည်းတခုပေါ့။ အစိုးရ Government ဆိုတာ နိုင်ငံတော်အကျိုးတစ်စုံတစ်ရာရှိစေလိုတဲ့ ပေါ်လစီတွေကို ကိုယ်စားပြု ဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတဲ့ ယန္တယားတစ်ခုပါပဲ။ ဒါကြောင့် အစိုးရရဲ့လုပ်ပိုင်ခွင့်ဟာ နိုင်ငံတော်ကနေ ဆင်းသက်လာတာပါ။ နိုင်ငံတော်ကနေ လုပ်ကိုင်ခွင့် အပ်နှင်းခြင်းခံရတဲ့ ယူနစ်တစ်ခုကို အစိုးရလို့ခေါ်တာပါ။ (ဘုန်းသက်ပိုင်ရေးတဲ့ လူငယ်နဲ့ နိုင်ငံရေး၊ အစိုးရနဲ့ ဒီမိုကရေစီ စာ ၂၇)

ဒါကြောင့် အစိုးရနဲ့ နိုင်ငံတော်ဟာ အတူပါဘူး။ အစိုးရဟာလည်း သူ့သဘာဝနဲ့သူ ရှိတာပါပဲ။ နိုင်ငံတော်ဟာ တည်တန့်နေခြင်းသဘောရှိပြီး အစိုးရဆိုတာကတော့ နိုင်ငံတော်က သတ်မှတ်တဲ့ သတ်တမ်းကုန်လို့ဖြစ်စေ၊ အခြားအရေးကိစ္စ တစ်စုံတစ်ရာကြောင့်ဖြစ်စေ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဟာ ဆက်စပ်နေကြပါတယ်။ အစိုးရအဖွဲ့ဆိုတာ နိုင်ငံတော်အပေါ်မှာ တည်မှီနေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အစိုးရအဖွဲ့တစ်ရပ် ပြိုလဲသွားပေမယ့် နိုင်ငံတော်က မပြိုလဲဘူး။ အဲ့… နိုင်ငံတော်ပြိုလဲသွားရင်တော့ အစိုးရအဖွဲ့လည်း ပြိုလဲသွားတော့တာပဲ။

နိုင်ငံတော်နဲ့ အစိုးရအဖွဲ့ကို ဥပမာတစ်ခုနဲ့ ရှင်းပြရရင်တော့ ကျောက်ဆည်ဆင်အကနဲ့ပဲ ဥပမာပြချင်တယ်။ ဆင်ရဲ့ ကိုယ်ထည်ကြီးထဲကို လူဝင်လို့ရအောင် ပိတ်စတွေနဲ့ ဆင်ပုံသဏ္ဍာန်ဖြစ်အောင် ချုပ်ကြရတယ်။ ချိုးကြရတယ်။ အဲ့ဒီ ချိုးထားတဲ့ ဆင်ရုပ်ထဲ ကမယ့်သူတွေဟာ အကလေ့ကျင့်ထားကြရတယ်။ လေ့ကျင်ထားတဲ့လူတွေဟလည်း သူ့အဖွဲ့နဲ့သူ ရှိကြတယ်။ အဖွဲ့လိုက် အဖွဲပလိုက်ရှိတဲ့ ကမယ့်အဖွဲ့တွေဟာ ပါတီသဘောဆောင်ပါတယ်။ ဆင်ရုပ်ထဲဝင်ကခွင့်ရတဲ့ အဖွဲ့ဟာ အစိုးရအဖွဲ့ပါပဲ။ ဆင်ပုံစံချိုးထားတဲ့ ဆင်ရုပ်ကြီးကတော့ နိုင်ငံတော်သဘောဆောင်ပါတယ်။ ဆင်ပုံပိတ်စကြီးဟာ နယ်ပယ်သဘောလည်း ဆောင်တယ်။ အတည်တကျ အခြေကျနေထိုင်တဲ့ ပြည်သူသဘောလည်း ဆောင်တယ်။ ဥပဒေပြုခွင့် အာဏာလည်းဖြစ်တယ်။ အုပ်ချုပ်မှု အာဏာသဘောလည်း သတ်ဝင်ပါတယ်။ ၀င်ရောက် ကပြကြသူတွေကတော့ နိုင်ငံတော်က ဆင်းသက်လာတဲ့ အခွင့်အာဏာရပ်တွေကို သက်ဝင်လာအောင် လှုပ်ရှားပေးကြရတဲ့ ယန္တယားသက်သက်ပါပဲ။ ကတဲ့သူ၊ ကတဲ့အဖွဲ့တွေသာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြောင်းသွားမယ်။ နိုင်ငံတော်နဲ့တူတဲ့ ဆင်ရုပ်ကြီးကတော့ ပျောက်မသွားဘဲ တည်ရှိနေမှာပါ။ ဒါဟာ အစိုးရနဲ့ နိုင်ငံတော်ရဲ့ သဘောပါပဲ။

အစိုးရနဲ့ နိုင်ငံတော် ကွဲကွဲပြားပြား ခွဲခွဲခြားခြားရှိသွားပြီဆိုရင် နိုင်ငံတော် State or State Power ပေါ်ပေါက် လာပုံအကြောင်း အကြမ်းဖျင်းကြည့်ရအောင်။ လူဟာ တစ်ယောက်တည်း နေလို့မရတော့ စုပေါင်းနေထိုင်ကြ တယ်။ အုပ်စုဖွဲ့နေကြတာ သဘာဝပါပဲ။ ဒီလို အုပ်စုဖွဲ့နေထိုင်ရင်း၊ စုပေါင်းနေထိုင်ကြရင်းကနေ လူ့အဖွဲ့အစည်းဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။ လူ့အဖွဲ့အစည်းဆိုတာ ဖြစ်ပေါ်လာတော့ လူဟာ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းလာရတာပဲပေါ့။ လူ့အဖွဲ့အစည်းရဲ့ကိစ္စရပ်ဆိုရာမှာ စားဝတ်နေရေး လူမှု ဆက်ဆံရေး၊ အခါအားလျော်စွာ ဖြစ်ပေါ်လာတတ်တဲ့ အဆင်မပြေမှုများနဲ့ လူမှုပဋိပက္ခတွေဖြစ်တယ်။ ဒါတွေကို စီမံကွတ်ကဲဖို့ လိုအပ်လာတယ်။ ဖြေရှင်းပေးဖို့ လိုလာတယ်။ ဒီလိုတွေ ဖြေရှင်းပေးဖို့အတွက် ဖြေရှင်းပေးမယ့်သူကို လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းပေးကြရပါမယ်။ အဲ့ဒီလုပ်ပိုင်ခွင့် အဏာကို လုမှုရေးဆိုင်ရာ အခွင့်အာဏာရပ် (Social Authority) လို့ ခေါ်တာပါပဲ။ ကာလကြာတဲ့အခါဒီ (Social Authority) လူမှုရေးဆိုင်ရာ အခွင့်အာဏာရပ်အစား နိုင်င့တော် (State Or State Power) လို့ ခေါ်လာကြပါ တော့တယ်။ လူတစ်ဦးချင်းတစ်ဦးချင်းဆီဟာ မိမိတို့ဘ၀ ရှင်သန်ရေးအတွက် မိမိတို့ဆန္ဒအလျှောက် မိမိတို့ အသိတရားအရ သဘောတူစွာ ဖန်တီးတည်ဆောက်ထားတဲ့ အကျိုးတူ လူနေမှုဘ၀ကနေ နိုင်ငံတော် (State) ဆိုတာ ပေါ်လာတာပါပဲ။ ဒါကိုပဲ အကျိုးတူလူနေမှုအယူအဆ (Social Contracl Theory) လို့ ပညာရှင်တွေက ခေါ်ကြပါတယ်။

အချုပ်အားဖြင့်ကြည့်ရင် လူ့အဖွဲ့အစည်းတစ်ရပ် စုစုစည်းစည်းနေထိုင်ရာဒေသကို တိုင်းပြည် (Country) လို့ခေါ်ပြီး အစိုးရဆိုတဲ့ ဝေါဟာရကတော့ ဥပဒေကို ပြုလုပ်ပြဌာန်းခြင်း၊ အကောင်အထည်ဖော် ကျင့်သုံးခြင်း၊ လိုက်နာစေခြင်း စတာတွေနဲ့ ဆက်စပ်ဖွဲ့စည်းမှုကို ညွှန်းဆိုတာပါ။ ပိုင်းခြားကန့်သတ်တဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင် အစိုးရဆိုတာ နိုင်ငံတော်တစ်ရပ်အတွက် အုပ်ချုပ်ရေးအာဏာ ဆွဲကိုင်ထားကြသူတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ အုပ်ချုပ်ရေးအာဏာဟာ ပြည်သူ့ထံက ဆင်းသက်လာတာမို့ အစိုးရဆိုတာ ပြည်သူ့ အစေအပါး။ ပြည်သူ့ခိုင်းဖတ်ပဲ ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ ဖခင်လည်းမဟုတ်ဘူး။ မိခင်လည်း မဟုတ်ဘူး။ ရှိခိုးစရာလည်း မလိုဘူး။ သူတို့ဟာ ပြည်သူ့အစေအပါး သက်သက်မျှသာဖြစ်တယ်။

ဒီနေရာမှာ ဂျွန်လော့ (John Locke) ရဲ့ အယူအဆလေးနဲ့အတူ ဒီကဏ္ဍကို အဆုံးသတ်ချင်ပါတယ်။ ဂျွန်လော့က နိုင်ငံတော်အာဏာ (State Or State Power) ဟာ နိုင်ငံသားများထံတွင်သာ အစည်အမြဲ ကိန်းဝပ်တယ်။ နိုင်ငံကို အုပ်ချုပ်သူအစိုးရဟာ နိုင်ငံသားတို့ အကျိုးစီးပွားကို ဆောင်ရွက်ရတဲ့ အလုပ်အကျွေးပြု ကျေးကျွန်မျှသာဖြစ်တယ်။ နိုင်ငံတော်အာဏာကို နိုင်ငံသား ပြည်သူတို့ထံကနေ ဘယ်သောအခါမှ အတင်းအကြပ် လုယူလို့မရသလို၊ နိုင်ငံသားတိုင်းဟာလည်း နိုင်ငံတော်အာဏာကို ဘယ်သောအခါမျှ စွန့်လွှတ်လို့မရ လို့ ဆိုခဲ့ပါတယ်။ ဆိုလိုတာက နိုင်ငံသားပြည်သူတို့ထံကနေ နိုင်ငံတော်ဆီကို စီးဆင်းတယ်။ နိုင်ငံတော်ကနေ အစိုးရဆီကို စီးဆင်းတာဖြစ်တယ်။ ကဲ … ဒီမိုကရေစီဘက် ခြေဦးလှည့်ကြဦးစိုး။

ဒီမိုကရေစီအကြောင်း အနည်းအကျဉ်းပဲ ပြောပါမယ်။ ဒါကြောင့် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ဖွင့်ချက်တွေ၊ ဆင်းသက်ရာတွေ၊ ပေါ်ပေါက်လာပုံတွေ၊ သမိုင်းကြောင်းတွေကို ပြောမှာမဟုတ်ပါဘူး။ လစ်ဘရယ် ဒိမိုကရေစီအကြောင်းပဲ ပြောပါမယ်။ လစ်ဘရယ် ဒီမိုကရေစီဆိုတာကတော့ ကိုယ်စားပြု ဒီမိုကရေစီပုံစံမျိုးပါပဲ။ ကိုယ်စားပြုတယ်ဆိုတာ မိမိအကျိုးကို ဆောင်ရွက်ဖို့အတွက် မိမိရဲ့ ကိုယ်စားလှယ်အဖြစ် ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ခြင်းပါပဲ။ ကိုယ်စားပြု ဒီမိုကရေစီမှာတော့ ပါလီမန်ဒီမိုကရေစီနဲ့ သမ္မတစနစ်ဆိုပြီး ၂ မျိုးရှိပါတယ်။ သမ္မတစနစ်လည်း မကျ၊ ပါလီမန် ဒီမိုကရေစီစနစ်လည်း မဟုတ်ပဲ ဖားတစ်ပိုင်း ငါးတစ်ပိုင်းလို ဟိုမရောက် ဒီမရောက် ဒီမိုကရေစီ နိုင်ငံတော်မျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုဖွဲ့စည်းပုံမျိုးကို ကျွန်တော်က အသိအမှတ်မပြုတဲ့ အတွက် ဘေးဖယ်ထားလိုက်ကြပါစို့။

အဲ့ဒီလို လူထုက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေကို ဆုံးဖြတ်လုပ်ဆောင်ခွင့်အာဏာ အပ်နှင်းထားတဲ့ စနစ်ကို လစ်ဘရယ်ဒီမိုကရေစီလို့ ခေါ်တာပါ။ ကိုယ်စားပြု ဒီမိုကရေစီလို့ ခေါ်ကြတာပါ။ လူထုက ရွေးချယ်တင်မြှောက်ထားခြင်း မခံရသူဟာ လွှတ်တော်ထဲ ၀င်ခွင့်မရှိဘူး။ လုပ်ဆောင်ခွင့်အာဏာအပ်နှင်း မထားကြရပါဘူး။ လူထုက ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ရင် ပြည်သူ့ကို ကိုယ်စားပြုသူ မဟုတ်ဘူး။ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ခဲ့ရင်တောင်မှ လစ်ဘရယ်ဒီမိုကရေစီမှာ အစိုးရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်ထားပြီး အာဏာကို ခွဲဝေကျင့်သုံးကြရတယ်။

အရေးအကြီးဆုံးက ဒီမိုကရေစီနိုင်ငံတော်တစ်ခုမှာ အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူလူထုက ထိန်းချုပ်ကန့်သတ်ထားခြင်းမရှိရင် အဲ့ဒါ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် မဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် ပြင်သစ်ဒဿနပညာရှင် ရူးဆိုးကလည်း နိုင်ငံသားအားလုံး အဆုံးအဖြတ်တွေကို စုဝေချမှတ်ခြင်းလည်း မရှိဘဲ အစိုးရကို ထိန်းချုပ်မှုလည်း မရှိဘူးဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ မရှိဘူး။ လို့ ဆိုထားပါတယ်။ ဘင်သန် (Bentham) ကတော့ လွှတ်တော်အမတ်များကို ပြည်သူက အမှန်တကယ် ရွေးချယ်ပေးရမယ်။ ရွေးချယ်ခွင့်နဲ့ ဖယ်ရှားခွင့်ကို ဖွဲ့စည်းပုံအရ အာမခံချက်ရှိရုံသာမက လက်တွေ့လည်း လုပ်ပိုင်နိုင်ကြရမယ်။ ဒါမှသာ ပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့ ကိုက်ညီမယ်လို့ သူ့ရဲ့ (Resolutions on Parliamentary reform) မှာ ဖော်ပြ ထားတာဟာလည်း မှတ်သားဖွယ်ကောင်းလှပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံတော်တစ်ခုရဲ့ အခြေခံ ပေါ်လစီတွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ နိုင်ငံသား ရပိုင်ခွင့်တွေကို အာမခံချက်ရှိစေရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့ဘ၀မှာလည်း အမှန်တကယ် သက်ဝင်စေရပါမယ်။ ဒီမိုကရေစီဆိုတာ သဘောတရားသက်သက် မဟုတ်ဘူး။ ကိုယ်တိုင်ကျင့်ကြံကြရမယ့် ကျင့်စဉ်တခုပါပဲ။ ပြည်သူသာ ကျင့်ကြံနေထိုင်ကြရမှာ မဟုတ်ဘူး။ အစိုးရမင်းများကိုယ်တိုင် စံနမူနာအဖြစ် ကျင့်ကြံလုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။ ဆိုကြပါစို့ အစိုးရအဖွဲ့ တွေဟာ ပြည်သူက ကန့်သတ်ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီး လုပ်ဆောင် လာပြီဆိုရင် အစိုးရအဖွဲ့ဝင် လူကြီးကိုယ်တိုင်က ဒီမိုကရေစီ ယဉ်ကျေးမှုကင်းမဲ့နေသူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အစိုးရအဖွဲ့ဝင်အဖြစ်က မလွဲမသွေ နှုတ်ထွက်ပေးရပါ့မယ်။ အဲ့ဒါမျိုးကိုလည်း စတုထ္ထမဏ္ဍိုင်များက အမြဲမပြက် ကြည့်ရှု့ဖော်ပြပေးကြရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အနေနဲ့ ပြည်သူဟာ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ ယူဆနေရင်လည်း အဲ့ဒီအစိုးရအဖွဲ့ဟာ ဒီမိုကရေစီယဉ်ကျေးမှု ကင်းမဲ့သူတွေ ဖြစ်တယ်။ ဒါအတွက် ပြည်သူအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို သူတို့ထံက ပြန်လည် ရုပ်သိမ်းကြရမှာပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောချင်တာကတော့ ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖော်ဆောင်ပေးကြရတဲ့ စနစ်ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောတူညီမှုဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သဘောတူညီမှုရအောင် စည်းရုံးပြီး လုပ်ဆောင်ကြရပါတယ်။ အမိန့်ပေးပြီး လုပ်ဆောင်ခွင့် မရှိပါဘူး။ အတင်းအကြပ် စေခိုင်းခွင့် မရှိပါဘူး။ ပြည်သူတို့အနေနဲ့ကလည်း ဒီမိုကရေစီအောင်မြင်ဖို့အတွက် ဒီမိုကရေစီစနစ်ကို လိုလိုလားလား လက်ခံကြရပါမယ်။ ဒီမိုကရေစီရဲ့ မူဝါဒ အခြေခံစည်းတွေကို လိုက်နာကျင့်သုံးကြရပါမယ်။ ဒီမိုကရေစီ ရေရှည်တည်တန့်ခိုင်မြဲအောင် နိုင်ငံတော်ရဲ့ လွတ်လပ်မှုကို ကာကွယ်ထိန်းသိမ်းကြရပါ့မယ်။ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ကြရပါမယ်။ နိုင်ငံသားတိုင်းရဲ့ တာဝန်တွေ ရပိုင်ခွင့်တွေကို အပြည့်အ၀ ထမ်းရွက်ကြရပါမယ်။ ရပိုင်ခွင့်တွေကို ကာကွယ် စောင့်ရှောက်ကြရပါမယ်။ အဲ့ဒီလိုမှ ဒီမိုကရေစီအကာအကွယ်တွေ လုပ်မထားဘူးဆိုဂရင် မင်းသားမျက်နှာဖုံး စွတ်ထားတဲ့ ဘီလူးတွေ အလွယ်တကူ ၀င်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီလို အာဏာရှင်တွေ ခြေရာဖျောက် ၀င်မလာနိုင်အောင် ဒီမိုကရေစီကာကွယ်ရေးဟာ ခင်ဗျားတို့ ကျွန်တော်တို့ တာဝန်မဟုတ်ပါလားခင်ဗျာ။

ထွန်းဇော်ဌေး

One thought on “အစိုးရနိုင်ငံတော်နှင့် ဒီမိုကရေစီအကြောင်း

Add yours

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: