အစိုးရသစ်တာဝန်ရှိသူများ၏ လွှတ်တော်တွင်းပြောဆိုချက်အပေါ် ဝေဖန်


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

လွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောဆိုဖြေကြားချက်တွေဟာ လိုရာမရောက်ဘဲ ဆင်ခြေပေး ပြောကြားမှုတွေ များနေတယ်လို့ လွှတ်တော်တက် ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တဦးက “အများအားဖြင့်တော့ သူတို့ဖြေရမယ့် ဥစ္စာ ဇဝေဇ၀ါ ဖြစ်တဲ့ ဥစ္စာတွေပေါ့လေ။ နောက်တခါ သူတို့မှာ အဖြေက တိတိကျကျ မရှိတဲ့ဥစ္စာမျိုးကတော့ အဲဒီလိုမျိုး မေးတဲ့မေးခွန်းက တခြား သူတို့ဖြေတာက တမျိုး အဲလို ဖြစ်ကုန်တယ်ဗျ။ အထူးသဖြင့်တော့ ၀န်ကြီးတွေက သူတို့ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးပြီးတော့ ဖြေသွားတာ များတယ်လေ။ သူတို့ လုပ်နေပါတယ်။ လုပ်နေဆဲ၊ လုပ်ပါမယ်ဆိုတဲ့ စကားမျိုးနဲ့ နောက်ဆုံး ပိတ်ပိတ် သွားတာပဲ တွေ့ရတယ်လေ။ သူတို့က တိတိကျကျ ဖြေဖို့ ကြိုစားတာထက် အဆိုတွေကို ပြန်ရုပ်သိမ်းဖို့အတွက် ဆင်ခြေဆင်လက်တွေ ပေးနေတာပဲ တွေ့ရပါတယ်” လို့ ပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌတွေက အချိန်ကို တန်ဖိုး ထားဖို့၊ မေးခွန်းတွေကို တိတိကျကျဖြေဖို့ မဆိုင်တာတွေ မပြောဖို့ သတိပေး ထားပေမယ့် ၀န်ကြီးတွေက အလေးအနက် မထားဘဲ ပြောဆိုနေကြတယ်လို့လည်း အခြား ကိုယ်စားလှယ် တချို့က ဆိုပါတယ်။

ဒီလိုပြောဆိုတဲ့ ၀န်ကြီးတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှတ်တမ်း တင်ပြီးသား ဖြစ်မယ်လို့လည်း ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောပါတယ်။

“၀န်ကြီး အကုန်လုံးကိုတော့ ကျနော်က ပြောစရာ မရှိဘူး။ ကျနော်တို့ အားရတဲ့ သဘောကျရတဲ့ ၀န်ကြီးတွေလည်း ရှိတာပေါ့။ သူ့ဝန်ကြီးဌာနက သဘောထားကို သူတို့နားလည်သလို ဖြေတဲ့ သူတွေလည်း ရှိတာပေါ့။ ဒီအပေါ်မှာ လွှတ်တော် ဥက္ကဋ္ဌကလည်း စနစ်ကျဖို့အတွက်၊ အချိန်တွေ တန်ဖိုးရှိရှိ သုံးကြဖို့အတွက် ထိန်းကျောင်းပေးနေပါတယ်။  လွှတ်တော်ကို ဖြေကြပြုကြတဲ့ အခါမှာ လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိန်းကျောင်းမှုက အဓိကပဲလေ။ အဲတော့ လွှတ်တော်မှတ်တမ်းထဲမှာ ပါပြီးသားပဲ။ ”

ဝန်ကြီးတွေရဲ့ ဖြေကြားမှုတွေအပြီးမှာ အဆိုတွေ ပြန်ရုပ်သိမ်းပေးရတာ များနေတယ်လို့လည်း ကိုယ်စားလှယ်က ဆိုပါတယ်။

“သူတို့ ၀န်ကြီးတွေက အဲလိုမျိုး ပြောလာပြီဆိုရင် အဲဒီအဆိုက ရှုံးရင်လည်း ရှုံးမယ်။ ရုပ်သိမ်းရင်လည်း ရုပ်သိမ်းရမယ်။ နောက်ဆုံးတော့ သူတို့ ဒီဘက်ကို ဂုဏ်သိက္ခာ ပေးချင်တယ် ဆိုရင်တော့ မှတ်တမ်းအဖြစ်တင် ထားရှိမယ်ပေါ့ဗျာ။ အဲလောက်နဲ့ပဲ နောက်ဆုံး အဆုံးသတ်သွားတာ တွေ့ရတယ်။”

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ၀န်ကြီးတွေက မေးခွန်းပေါင်း ၁၅၀ ကျော် ဖြေကြားတာ၊ အဆိုပေါင်း ၅၀ ၀န်းကျင်မှာ ပါဝင် ဆွေးနွေးထားပါတယ်။

လွှတ်တော် နှစ်ရပ်လုံးမှာ တင်သွင်းခဲ့တဲ့ အဆိုပေါင်း ၅၀ ၀န်းကျင်ထဲက ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုတွေသာအများစု အတည်ပြုခံခဲ့ရပြီး ဒီမိုကရက်တစ်အင်အားစုကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆို အများစုက ပြန်လည်ရုပ်သိမ်းပေးခဲ့ရသလို မဲခွဲဆုံးဖြတ်ရာမှာလည်း မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: