အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)
မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ လုပ်ဖို့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ်မှာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ပြောကြားလိုက်တာပါ။
ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက “အမေရိကန် ကိုယ်စားလှယ်ကပြောတာတော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့ အမြဲမပြတ် စောင့်ကြည့်နေတယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ ကိစ္စနောက်ဆက်တွဲ ဘာတွေဖြစ်လာမလည်းဆိုတာ လက်တွေ့ဖြစ်ရပ်ကို အနီးကပ် သူတို့က သိချင်တယ်တဲ့၊တွေ့ဆုံမှုရဲ့ နေက်ကွယ်မှာ ရှိနေတဲ့ လက်တွေ့ လုပ်ဆောင်မှုကို သူတို့ အဓိက စောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြန်လည်ဆွေးနွေးမှုတွေကိုလည်း ဒေါက်တာသန်းဝင်းက အခုလို ပြောပါတယ်။
“ဥက္ကဋ္ဌကြီးကလည်း တိုင်းပြည်အကျိုးပဲ ကြည့်မယ်ပေါ့။ ပါတီအကျိုး ကျန်တဲ့ လူတွေအကျိုး မကြည့်ဘူးပေါ့။ တိုင်းပြည်လူထု အကျိုးစီးပွား ဖြစ်ထွန်းမယ့် ကိစ္စပဲ လွှတ်တော်က လုပ်မယ်။ နောက်ပြီးတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စကိုလည်း လွှတ်တော် တရပ်လုံးက အတည်ပြုပြီးပြီ၊ သမ္မတထံကို တင်ပြပြီးပြီ လွှတ်တော်ရဲ့ သဘောထားကို အဲဒါတွေ ပြောတယ်။”
အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်နဲ့ အမျိုးသားလွှတ်တော်က တာဝန်ရှိသူတွေ တွေ့ဆုံမှုမှာလည်း ပြောကြားခဲ့တယ်လို့လည်း တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ အစိုးရအာမခံချက် စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ်တဦးနဲ့ အစိုးရသစ် တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာအေးမောင်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။
“တရုတ်နဲ့လည်း အိမ်နီးနားချင်းဆိုတော့ ဆက်ဆံရေးက တော်တော်ကောင်း နေတယ် အင်မတန် အလှမ်းဝေးတဲ့ အင်အားကြီး နိုင်ငံတခုက လာတယ်၊ ဗမာပြည်အရေး စိတ်ဝင်စားတယ် ဆိုတော့ ကျနော်တို့ကတော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို့ပဲ မြင်တယ်၊ နောက်ပိုင်းမှာ အကြိမ်ကြိမ် တွေ့ပြီးခါမှ စီးပွားရေးပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းဖို့ကိုလည်း အိုဘားမားအစိုးရ သဘောပေါက်အောင် ရှင်းပြပေးနိုင်မယ်၊ လက်ရှိဖွဲ့စည်းပုံနဲ့သွားနေတဲ့ အစိုးရသစ် အပေါ်မှာလည်း ပိုပြီး ထဲထဲဝင်ဝင် ဆက်ဆံတာများလာလို့ သဘောပေါက် လာမယ်၊ ဒီလိုဆိုရင် ကာလလေးတခုအတွင်းမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ ပြန်လည် တည်ဆောက်မှု လုပ်ငန်းတွေကို အစိုးရသစ်က အောင်အောင်မြင်မြင် ဆောင်ရွက် သွားနိုင်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။”
အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ နိုင်ငံရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုတွေရှိခဲ့ပြီး ညနေပိုင်းမှာတော့ တိုင်းရင်းသားညီနောင်ငါးပါတီက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
ဒဲရက်ခ် မစ်ချဲလ်နဲ့အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီခေါင်းဆောင်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
Leave a Reply