စစ်ရေး, ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, အစိုးရအဖွဲ့, ၀န်ကြီးဌာနများ, နိုင်ငံရေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရိုးသားဟု ပြန်ကြားရေးဝန်ကြီး ထပ်မံပြောကြား


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးမျိုးတောင်းဆိုပြီး မရိုးမသား အခွင့်အရေးယူတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးက ပြည်သူ့လွှတ်တော်မှာ ထပ်ပြီးပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့စည်းရေး၊ အစိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆွေးနွေးမှုအခြေအနေတို့နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်နန်းဝါနုက မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အဲဒီလို ပြောသွားတာပါ။ဒီပြောဆိုချက်မျိုးးကို ဦးကျော်ဆန်းဟာ ပြီးခဲ့တဲ့ ၁/၂၀၁၁ သတင်းစာရှင်းလင်းပွဲ တုန်းကလည်း ပြောကြားသွားဖူးပါတယ်။

“အစိုးရကနေ အပစ်အခတ် ရပ်စဲခဲ့တာကို အခွင့်ကောင်းယူပြီးတော့ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ရေးလှုပ်ရှားမှုတွေ၊ လူသစ်စုဆောင်းမှုတွေ ရှိပါ တယ်။ အစကတည်းက မရိုးမသား အခွင့်အရေးတွေ ယူခဲ့တာကြောင့် ဆွေးနွေးပွဲတွေက မပြေမလည်ဖြစ်ခဲ့ရတယ်” လို့ ဦးကျော်ဆန်းက ပြောသွားကြောင်း အစည်းအဝေးတက်တဲ့ မြေပုံမြို့နယ်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ တဖက်တည်း ဆောင်ရွက်လို့မရဘူး။ နှစ်ဖက်လုံး ပူးပေါင်း ဆောင်ရွက်မှ ရမယ်။ ကေအိုင်အေ၊ ကေအိုင်အိုအနေနဲ့ အတတ်နိုင်ဆုံး လိုက်လျောဆွေး နွေးခဲ့သော်လည်း ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့များအနေနဲ့ တောင်းဆိုမှုတွေ တခုပြီးတခု လုပ်လာတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးတာ အဆင်မပြေဖြစ်ခဲ့တယ်” လို့ ပြောသွား တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက် ကော်မရှင်တွေဖွဲ့စည်းစေလွှတ်ပြီး ပထမအဆင့် ယာယီ အပစ်အခတ် ရပ်စဲရေးနဲ့ ဒုတိယအဆင့် လုံးဝငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမယ်လို့ လည်း ဦးကျော်ဆန်းက ပြောကြားသွားတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းကို ရောက်လာအောင် ဆောင်ရွက်ကြဖို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေကို ၀န်ကြီးက တိုက်တွန်း တယ်လို့ ဦးဖေသန်းက ပြောပြပါတယ်။

“နောက်ကွယ်က ကြိုးကိုင်မှုကင်းတဲ့ ရိုးသားတဲ့ စိတ်ကောင်းစေတနာကောင်းတွေ အခြေခံပြီးတော့ ဆွေးနွေးပွဲများ ဖြစ်ပေါ်အောင် တိုက်တွန်းပြောဆိုပေးကြပါလို့ ပြောပါတယ်။ အခြေခံဥပဒေနဲ့ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောသွားပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဒို့တာဝန်အရေးသုံးပါကို အခြေခံဖို့ အဆိုကို ဒီနေ့ လွှတ်တော်မှာ အတည်ပြုထားတယ်။

ငြိမ်းချမ်းရေးကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်တဦး ပါဝင်ဖို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဆွေးနွေးထားတာကိုတော့ လက်ခံမထားပါဘူး။

အစိုးရစစ်တပ်နဲ့ ကချင်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: