အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)
အစိုးရက အသစ်ထပ်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမှန်တကယ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူတွေက ပြောပါ တယ်။
ဒီလ ၅ ရက်နေ့ ရက်စွဲနဲ့ အစိုးရက အငြိမ်းစားသံအမတ်ကြီးတွေ၊ အငြိမ်းစား တက္ကသိုလ်ပါမောက္ခတွေ၊ အစိုးရ၀န်ကြီးဌာနတွေက အငြိမ်းစားအရာရှိတွေနဲ့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ ကော်မရှင်ကို ပြည်တွင်းပြည်ပလူ့အခွင့်အရေး အဖွဲ့အစည်းတွေက သံသယနဲ့ ကြိုဆိုပြောကြားလိုက်ကြတာပါ။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်လေးက “အခုပေါ်ပေါက် လာတဲ့ လူ့အခွင့်အရေး ကော်မရှင်က တကယ်ပဲ လူ့အခွင့်အရေးတွေကို တိုးတက် ဖြစ်ပေါ်လာဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို တကယ်အကာအကွယ်ပေးဖို့ အဲဒီ ရည်ရွယ်ချက်တွေနဲ့ တကယ်ဖွဲ့တာလား။ တကယ်ရော အဲဒီအဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်ပါ့မလားဆိုတာတော့ အများ ကြီး စောင့်ကြည့်ရမှာပါ။ နောက်တချက်က နိုင်ငံတကာမှာ အစိုးရရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖာထေးဖို့ နိုင်ငံတကာနဲ့ အမြင်တွေကို ငြင်းဆန်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့လားဆိုတာ ဒါက အင်မတန်အရေးကြီးပါတယ်။
“ကျနော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင် မြန်မာပြည်မှာ ပေါ်လာတာကို မူအားဖြင့် ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့က အစိုးရအကျိုးအတွက် လုပ်မှာလား။ လူ့အခွင့်အရေးနဲ့ လူတွေရဲ့ အခြေခံအခွင့်အရေးတွေအတွက် တကယ်အကျိုးပြုမယ့် အလုပ်ကိုလုပ်မှာလားပေါ့၊ လူ့အခွင့်အရေး အသိတရားတွေ တကယ်မြှင့်တင်တဲ့ အဖွဲ့ကြီးဖြစ်ဖို့ဆိုတာတော့ အများကြီး စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။
ဒီလို လူ့အခွင့်အရေးကော်မတီမျိုး အရင် စစ်အစိုးရလက်ထက်ကရှိခဲ့ပေမယ့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ပြောဆို လုပ်ဆောင်မှုတွေသာ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အလုပ်နဲ့သက်သေပြပါ၊ ဒါဆိုရင် ကျနော်တို့ ယုံကြည်မှာဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ဒီလိုမျိုး ဟန်ပြအနေနဲ့ လုပ်ဆောင်တာတွေ၊ တကယ်တန်းမဟုတ်ပဲ နိုင်ငံရေးခုတုံးလုပ်ပြီး လုပ်ဆောင်တာတွေကြောင့် ကျနော်တို့မှာ အမြဲတမ်းသံသယ ရှိနေရတယ်၊ အဲလိုဖြစ်နေရတာ သံသယရှိသူရဲ့ အပြစ်လား၊ သံသယဖြစ်အောင် လုပ်ခဲ့တဲ့ အစဉ်အလာတွေကြောင့်လားဆိုတာတော့ သဘောပေါက်စေချင်ပါတယ်” လို့ ပြောပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ခေါင်းဆောင်တွေအဖြစ် တာဝန်ယူဆောင်ရွက်မယ့်သူတွေဟာ အရစစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခုခံပြောဆိုခဲ့သူတွေ ပါဝင်နေတယ်ဆိုတာကိုလည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
“သူတို့တွေက တကယ်တမ်းလွတ်လပ်တယ်လို့ ပြောနိုင်မလား၊ အစိုးရရဲ့ သြဇာလွှမ်းမိုးမှု ဆက်လက်ရှိနေတဲ့သူတွေ ဖြစ်နေမလား၊ ဒါမှမဟုတ် အရင်ပုံစံအတိုင်း အစိုးရကိုယ်စား ကာကွယ်ပြောဆိုမယ့်သူတွေ ဖြစ်လာမလား၊ ဒီအချက်က အရမ်းအရေးကြီးပါတယ်၊ ဒီအထဲမှာ ပညာရှင်ပိုင်းအရ ကျနော်တို့ လေးစားရတဲ့ ဆရာ/ ဆရာမကြီးတွေ ပါပါတယ်၊ ဒါပေမယ့် ဒီဆရာ / ဆရာမကြီးတွေရဲ့ လုပ်ဆောင်နိုင်တဲ့ အနေအထားက ကန့်သတ်ထားတဲ့အရာတွေ၊ တကယ်တမ်း လူ့အခွင့်အရေးကို ကာကွယ်ချင်တာ မဟုတ်ဘဲနဲ့ ဟန်ပြအနေနဲ့ ဒါကို လုပ်ပြတဲ့သဘောမျိုး ဖြစ်နေရင် သူတို့အပေါ်မှာ လူတွေလေးစားတဲ့ အရာတွေ ထိခိုက်နိုင်ပါတယ်။”
အခုဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် မိသားစုနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေကိုကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ပိုင်ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပထမဆုံးအနေနဲ့ ထုတ်ဖော်လုပ်ဆောင်ဖို့ လိုအပ်မယ်လို့လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။
Leave a Reply