လူ့အခွင့်အရေး, သတင်း, အင်တာဗျူး, အစိုးရအဖွဲ့, နိုင်ငံရေး

လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ HRDP ကို မေးမြန်းခြင်း


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

အစိုးရသစ်က ဒီလ ၅ ရက်မှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ မြှင့်တင် ရေး၊ ကာကွယ်ရေး ဆောင်ရွက်ဖို့ ဒီကော်မရှင်ကို ဖွဲ့စည်းတာလို့ အစိုးရကြေညာချက်က ဆိုပါတယ်။

ကော်မရှင်ရဲ့ ခေါင်းဆောင်တွေအဖြစ် ပါဝင်ဆောင်ရွက်မယ့်သူတွေဟာ စစ်အစိုးရ လက်ထက်တုန်းက မြန်မာ့လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုခဲ့ သူတွေ အများစုပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာကို အပြုသဘောဆောင် ကြိုဆိုသူရှိသလို ဒီကော်မရှင်ရဲ့ လုပ်ဆောင်နိုင်မှုအပေါ် သံသယရှိနေသူလည်း ရှိပါတယ်။

ဒီကော်မရှင်ဖွဲ့စည်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP-Human Rights Defenders and Promoters network) ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်လေးကို မေးမြန်းထားပါတယ်။

အစိုးရသစ်က  လူ့အခွင့်အရေးကော်မရှင်တရပ် ဖွဲ့စည်းလိုက်တဲ့အပေါ် ဦးမောင်မောင်လေး တို့ အမြင်သဘောထား ဘယ်လိုရှိလဲ။

“အခုပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေး ကော်မရှင်က တကယ်ပဲ လူ့အခွင့်အရေးတွေကို တိုးတက်ဖြစ်ပေါ်လာဖို့၊ လူ့အခွင့်အရေး  ချိုးဖောက်ခံနေရမှုတွေကို တကယ် အကာအ ကွယ်ပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့တာလား၊ တကယ်ရော အဲဒီအဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်ပါ့မလားဆိုတာ ကျနော်တို့ အများကြီးစောင့်ကြည့်ရမှာပါ။ နောက်တချက်က အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖာထေးဖို့ နိုင်ငံတကာရဲ့အမြင်တွေကို ငြင်း ဆန်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းလားဆိုတာ အင်မတန်အရေးကြီးပါတယ်။

“ကျနော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင်ကို ဗမာပြည်မှာ ပေါ်လာတာကို မူအားဖြင့်တော့ ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့က အစိုးရအကျိုးအတွက် လုပ်မှာလား။ လူအခွင့်အရေးနဲ့ လူတွေရဲ့ အခြေခံအခွင့်အရေးတွေအတွက် တကယ်အကျိုးပြုတဲ့ အလုပ်တွေကို လုပ်မှာလား။ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေကို တကယ် အကာအကွယ်ပေးဖို့ လူ့အခွင့်အရေး အသိတရားတွေကို တကယ်မြှင့်တင်တဲ့ အဖွဲ့ကြီးဖြစ်ဖို့ဆိုတာတော့ အများကြီး စောင့်ကြည့်ရမှာပါ။”

ဒီကော်မရှင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ ကို ကာကွယ်မြှင့်တင်ဖို့လို့ ဆိုပါတယ်။ ဘယ်အတိုင်းအတာအထိများ လုပ်နိုင်ဆောင်နိုင်ပါ့ မလဲ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက စစ်တပ်နဲ့ပတ်သက်လာတဲ့ အဖြစ်အပျက်ကိစ္စ မှန်သမျှကို စစ်တပ်အတွက်ကျင့်သုံးမယ့် တရားဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ကနေ ကိုင် တွယ်ခွင့်ရှိတာကို၊ ဒီအမှုတွေဆို အရပ်သားရုံးတွေတောင် ရောက်ခွင့်မှ မရှိဘူး။ ဖွဲ့စည်းပုံ အနေအထားအရကို လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်နိုင်ဖို့ဆိုတာ အင်မတန် အခက်အခဲတွေ့မှာပါ၊ လုပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။

“နောက်တချက်က လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာတာက ဘာလုပ်မလို့ လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတဲ့ အခန်း ၈ မှာ နိုင်ငံသားများရဲ့ မူလတာဝန် နှင့် အခွင့်အရေးများဆိုတဲ့ အခန်းပေါ့၊ အဲ့ဒီအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပြောတယ်၊ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုရင် ဒီအခန်း ၈ မှာ ပြဋ္ဌာန်းထားတာကို က နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ပုံစံမျိုးစုံနဲ့ ချုပ်နှောင်ထိန်းချုပ်ထားတာတွေ ပါ တယ်၊ အခြေခံလူ့အခွင့်အရေးနဲ့ မညီတဲ့ကိစ္စတွေ အများကြီးရှိနေတယ်၊ အဲဒီမှာတင် သူတို့ ရဲ့ လုပ်နိုင်မှုအနေအထားက ပိုပြီးအလှမ်းကွာသွားမယ်လို့ ကျနော်တို့ ထင်ပါတယ်။”

ဒီကော်မရှင်အနေနဲ့ ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြဿနာတွေထဲက ဘယ်လိုကိစ္စရပ်တွေကို ပထမဆုံး ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ ထင်မိလဲ။

“သူတို့ဖြေရှင်းရမယ့်ကိစ္စက နိုင်ငံရေးအယူအဆတွေ မပြောခင်၊ ကျနော်တို့ လူ့အခွင့်အရေး အနေနဲ့ပြောရင် မိမိရဲ့ လွတ်လပ်စွာစုဝေးပိုင်ခွင့်ကိုသော်လည်းကောင်း၊ မိမိရဲ့လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်ကိုသော်လည်းကောင်း၊ မိမိရဲ့ လွတ်လပ်စွာ ဝေဖန်မှုကိုသော်လည်း ကောင်း ပြုကျင့်ခဲ့လို့ လက်ရှိထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေကို ချက်ချင်းလွှတ်ရမှာ ပေါ့၊ ယုံကြည်ချက်ကြောင့်၊ လူ့အခွင့်အရေးကြောင့်၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူ တွေကို ချက်ချင်းလွှတ်ပေးရမယ်။ ဒါဆိုရင်တော့ ပထမဆင့်အနေနဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အချက်တချက်ကို ကုစားပေးနိုင်တဲ့ အချက်ဖြစ်မှာပါ။

“အခြားအလားတူ ကိစ္စလေးတွေ ဗမာပြည်မှာ အများကြီးရှိသေးတယ်။ ပထမဆုံး အဲဒီအချက်ကို လုပ်ပေးသင့်ပါတယ်။ တခြားကိစ္စတွေက ပြောရမယ်ဆိုရင် ဥပမာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေစပြီး ပြည်တွင်းပြဋ္ဌာန်းတဲ့ ဥပဒေအများစုက လူ့အခွင့်အရေးနဲ့ မညီတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒီကိစ္စတွေကို အခု အသစ်ပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေးကော်မ ရှင်အနေနဲ့ ဗမာပြည်တွင်းမှာရှိတဲ့ ဥပဒေတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာ တမ်းကြီးနဲ့အညီ   ဥပဒေတွေကို ပြုပြင်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ပြောင်းလဲသင့်တာတွေ ဒုတိဆင့်အနေနဲ့ လုပ်ရပါလိမ့်မယ်။”

အမျိုးသားအဆင့်လူ့အခွင့်အရေးကော်မရှင်ဝင်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ အစိုးရအဖွဲ့ကိုရော ဦးမောင်မောင်လေးတို့အနေနဲ့ ဘာတွေများ တိုက်တွန်းပြောကြားလိုတာတွေ ရှိမလဲ။

“လူ့အခွင့်အရေးကော်မရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြစ်တဲ့အတွက် ပါဝင်ဆောင်ရွက်မယ့် ပညာရှိပုဂ္ဂိုလ်များကို သော်လည်းကောင်း၊ ဒီအဖွဲ့အစည်းကိုသော်လည်းကောင်း ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် ဗမာပြည်မှာဖြစ်ပျက်နေတဲ့ ပြဿနာအားလုံးကို ဘက်လိုက်မှုတွေ၊ ချဉ်းကပ်မှုတွေ ကင်းကင်းရှင်းရှင်းနဲ့ လူ့အခွင့်အရေး အမြင်၊ အဓိကအားဖြင့် အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းကြီးကို သူတို့အနေနဲ့ လက်ကိုင်ပြုစေချင်ပါတယ်။ အဲကြေညာစာတမ်းမှာပါဝင်တဲ့၊ အမြင်တွေ၊ အတွေးအခေါ်တွေနဲ့ အညီ ဆောင်ရွက်ဖို့တော့ ကျနော်တို့က အဲဒီအဖွဲ့အသီး သီးကို မေတ္တာရပ်ခံချင်ပါတယ်။

“အခြေခံလူ့အခွင့်အရေး အချက် ၃၀ ထဲက အပိုဒ်တွေအရ ဒီကိစ္စတွေ ပြုပြင်ပေးဖို့၊ ပြောင်းလဲပေးဖို့ အစိုးရအနေနဲ့ ဒီကိစ္စတွေမှာ အဓိက လုပ်သင့်ပါတယ်။ အဲဒါတွေ လုပ်နိုင် မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတင် မဟုတ်ဘူး။ တခြား နိုင်ငံရေးပြဿနာ၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေပါ ဖြေရှင်းနိုင်တဲ့လမ်းကြောင်းပေါ်ကို ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စတွေကို ဆောင်ရွက် သင့်ပါတယ်။ ဆောင်ရွက်ဖို့လည်း တိုက်တွန်းချင်ပါတယ်၊ အကြံပေးချင်ပါတယ်။”

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: