အံ့ဘုန်းမြတ် (၅ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)
လွှတ်တော်အတွင်း အဆိုတွေကို မဲခွဲဆုံးဖြတ်တဲ့နေရာမှာ လျှိုဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲပေးစနစ်ကို မကျင့်သုံးတော့ဘဲ ဗြောင်မဲပေးစနစ်ကို အမြဲတမ်း ကျင့်သုံးတော့မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သူရ ဦးရွှေမန်းက ကြေညာလိုက်ပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည် ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလို ကြေညာတာလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။“စက်ခလုတ်ခုံက ထိန်းချုပ်ထားတဲ့ အခန်းရှိတယ်။ အဲဒီနေရာက ဘယ်သူဘာမဲပေးတယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး တချို့ကလည်း ပြောတယ်။ တချို့ကလည်း အဲဒီစက်ခလုတ်ခုံရဲ့ ထိန်းတဲ့အခန်းကနေ ဘာကိုဘယ်လို လုပ်လို့ရတယ်။ ပြောင်းလို့ရတယ် ဆိုပြီးတော့ ပြောတာပေါ့။ အဲဒီအပေါ်မှာ ဥက္ကဋ္ဌကြီးက ကြားသွားတယ် ထင်ပါတယ်။ အဲဒါကို စက်ခလုတ်ခုံကို အများစုက သံသယဖြစ်တဲ့အတွက် အဲဒါကို မပေးတော့ဘူးဆိုပြီး ဗြောင် မတ်တပ်ရပ်တဲ့ စနစ်ကိုပဲ သုံးတော့မယ်ဆိုပြီး ကြေညာတယ်။”
ဗြောင်မဲစနစ် ကျင့်သုံးဖို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ကိုလည်း ဦးဖေသန်းက ဝေဖန်ထားပါတယ်။
“လျှို့ဝှက်မဲပေးစနစ်ကို ဒီမိုကရက်တစ်ဘက်က ကြိုက်တယ်။ အခုဟာက ဗြောင်ကြီးဆိုတော့ ဘယ်သူမှ သူတို့ဘက်က သင်းကွဲပြီးတော့ ဦးတို့ဘက်ကို အဆို ဘယ်လောက်ကောင်းကောင်း လာပြီးတော့ ထောက်ခံမယ့် အခြေအနေ မရှိတော့ဘူး။ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကိုယ်စားလှယ်တွေက သဘောပေါက် လွယ်တယ်။ သူတို့က ထရင်လည်း အကုန်လုံး၊ ထိုင်ရင်လည်း အကုန်လုံးပဲ။ ဇာတ်တိုက်ထားသလိုပဲ ညီညီညာညာနဲ့ သဘောပေါက်ကြတယ်။ အဲဒါမျိုးပေါ့။”
အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ အခြား ယုံကြည်စိတ်ချရတဲ့ လျှို့ဝှက်မဲပေးစနစ်မျိုးတွေ လွှတ်တော်တွင်း ကျင့်သုံးဖို့ ဆန္ဒရှိနေကြပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ ဗြောင်ဆန္ဒမဲပေးမှုကြောင့် အရေးယူမှုတွေ မရှိစေရဘူးလို့ အာမခံ ပြောကြားထားတယ်လို့လည်း ဦးဖေသန်းက ဆိုပါတယ်။
“အဲဒီလိုဗြောင်မဲပေးလို့ အရေးယူတာတို့ အနှောင့်အယှက်ပေးဖို့ ဆိုတာ မရှိဘူးတဲ့။ အဲဒီလို လုပ်ပိုင်ခွင့်လည်း မရှိဘူးတဲ့။ အဲဒါကြောင့် ကိုယ်နှစ်သက်တယ် ဆိုရင် ဗြောင်မတ်တပ်ရပ်ပြီးတော့ ထောက်ခံ-ကန့်ကွက် လုပ်နိုင်တယ်။ ဘယ်သူမှ အရေးယူလို့လည်း မရဘူး။ အရေးယူပိုင်ခွင့်လည်း မရှိဘူး။ အဲဒါတော့ ပြောပါတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာတော့ ဗြောင်မဲပေးစနစ်ကြောင့် ကိုယ်စားလှယ်အချို့ရဲ့ အဆိုတွေ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံတဲ့ ကိုယ်စားလှယ် အနည်းငယ်ပဲရပြီး မဲအပြတ်အသက်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
Leave a Reply