အံ့ဘုန်းမြတ် (၂ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)
ကြိုးနီစနစ်တွေ တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အထက်အောက်ချုပ်ကိုင်မှု (ကြိုးနီစနစ်) လွန်ကဲနေတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်အချို့က ဝေဖန်လိုက်ကြပါတယ်။
လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း ဆန္ဒမဲပေးနေတာ၊ ပါတီဝင် ကိုယ်စားလှယ် အချင်းချင်း အဆိုတွေကို ကန့်ကွက်ဆွေးနွေးမှု မရှိတာ စတဲ့အချက်တွေကို ထောက်ပြပြီး ဝေဖန်ထားကြတာပါ။ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေကို အခြား တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဒေသဆိုင်ရာ အကျိုးစီးပွားတွေအတွက် တူညီတာတွေကို တွဲဖက်ပြီး အဆိုနဲ့ မေးခွန်းတွေ တင်သွင်းတာမျိုးတွေ ညှိနှိုင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တွေကိုပါ လက်မခံကြတာပါလို့ အစည်းအဝေး တက်နေတဲ့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။
“အထက်က ခွင့်ပြုချက် မရှိရင် ဘာမှ လုပ်ရဲတာ မဟုတ်ဘူးလေ။ အဲဒါ အမတ်တွေ အတူတကွ ကြံ့ခိုင်ရေးပါတီ ဆိုပြီးတော့ မခွဲဘဲ ကိုယ့်ဒေသအတွက် လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးကြမယ်လို့ အတွင်းကြိတ်ပြီး တော့ ဖိတ်ခေါ်လိုက်တာကို သူတို့ မလာရဲဘူးဗျ။ အဲဒါမျိုးတွေလည်း ရှိတယ်လေ။ အခုက အပေါ်က ခွင့်ပြုချက် မရရင် ဘာမှ လုပ်ရဲမယ့် အခြေအနေ မရှိပါဘူး။ သူတို့က ဘာကို ကြောက်နေမှန်းလည်း ကျနော်တို့လည်း မသိဘူး။”
ကြံ့ခိုင်ရေးပါတီရဲ့ ဒီမူဝါဒတွေဟာ အခြေခံ ဒီမိုကရေကစီစံနှုန်းတွေနဲ့ ကွာခြားနေတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“အခြေခံဒီမိုကရေစီ စံနှုန်းတွေမှာတော့ ကွာနေတာ ဖြစ်တာပေါ့ဗျာ။ ဒီမိုကရေစီခေတ်ကို သွားဖို့ စစ်မှန်တဲ့ ဒီမိုကရေစီပါတီ ဖွဲ့စည်းပုံမျိုးနဲ့ ကျနော်တို့က ဖွဲ့စည်းကြတာကိုး။ ဒါတွေက လွှတ်တော်ထဲမှာပဲ ကိုယ့်ပါတီအတွင်းက ဆန့်ကျင်ဘက်ကို တင်တာလည်း ကျနော်တို့က ပြဿနာ မရှိဘူးလေ။ ကွဲပြားတဲ့ အမြင်တွေကို လက်ခံနိုင်တဲ့ ဒီမိုကရေစီကျင့်စဉ်ကို ကျနော်တို့က ကျင့်သုံးကြတာကိုး။ သို့သော်လည်းပဲ သူတို့အဖို့ကတော့ အထက်အောက်ဆိုတဲ့ လိုင်းရှိတာကိုး။ အထက်က ဆုံးဖြတ်ထားတဲ့ဟာကို ကျော်လွှားလို့ မရတဲ့ အပိုင်းတွေ ရှိကောင်း ရှိမှာပေါ့။ အဲဒီအခါကျတော့ သူတို့ အထက်က ခွင့်မပြုလို့ရှိရင် ညှိလို့ မရဘူးဆိုတဲ့ အနေအထားမျိုးက ရှိနေမှာပေါ့။ ကျနော်တို့ ပါတီတွေနဲ့ ကွာတာက အဲဒီမှာ သွားကွာတာပေါ့။”
ဒီလို ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပါတီကြီးတခုရဲ့ ဦးဆောင်မှုကြောင့် အစိုးရသစ်ရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာပါ အခက်အခဲတွေ ဖြစ်စေနိုင်တယ် လို့လည်း အခြားပါတီခေါင်းဆောင်အချို့က ဝေဖန်နေကြပါတယ်။
ဒါ့အပြင် အထက်အောက်ချုပ်ကိုင်မှုစနစ် လွန်ကဲနေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေပဲ လွှမ်းမိုးနေတဲ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလာမယ့် ဥပဒေတွေဟာလည်း ပြည်သူတွေအပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေ ဖြစ်လာမှာကိုလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုတွေက သံသယ ရှိနေကြပါတယ်။
Leave a Reply