အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)
ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ကို ဆွေးနွေးပြီး ပြင်ဆင်မှုတွေ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
မနေ့ကလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် တင်သွင်းတဲ့ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြင်ဆင်ဖို့” အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးပြီး ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ဒီလိုရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ ကော်မရှင်က တင်ပြလာတဲ့ အထဲမှာတော့ ဥပဒေဖောက်ဖျက် ကျူးလွန်မှုတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်မှုတွေ အပါအ၀င် ပြစ်ဒဏ်တွေကိုပါ ပြင်ဆင်သတ်မှတ်ဖို့ ရှိနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပြပါတယ်။
“ပြင်ဆင်ချက်ကတော့လေ ကော်မရှင်က ပြည်သူ့ကိုယ်စားလှယ် အဖြစ်က ရပ်တည်ခွင့် မရှိဘူးဆိုတဲ့ အခြေအနေမှာ အမှုကို လိုက်ပြီးတော့ နိုင်ငံတော် ပုန်ကန်တဲ့ အဆင့်မျိုး ဆိုရင်တော့ ရာသက်ပန် ရွေးကောက်ပွဲ မ၀င်ရဘူး။ အဲဒါမျိုးပေါ့။ သာမန်ပြစ်မှု ၁၀ နှစ်အထိ ကျခံနိုင်တဲ့ ပြစ်မှုမျိုးဆိုရင်တော့ လက်ရှိ ရွေးကောက်ပွဲအပြင် နောက်ရွေးကောက်ပွဲ တဆက်လောက်ကို မ၀င်တဲ့ပုံစံမျိုးပေါ့။ အရည်အချင်း ပျက်ပြယ်တယ်ဆိုတဲ့ ပုံစံမျိုးကျတော့ လက်ရှိရွေးကောက်ပွဲအပြင် လာမယ့်ရွေးကောက်ပွဲ တခု အတန်းတန်း အစားစားပေါ့။ အဲဒါမျိုးကို ပြန်ပြီး ဆွေးနွေးကြမယ့် ပြင်ဆင်ချက်ပေါ့။”
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက် အရေးယူနိုင်တဲ့ ဥပဒေတွေထဲမှာတော့ တည်ဆဲဥပဒေတွေအရ မတရားသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ၊ လက်နက်ကိုင်ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ အစိုးရက သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ကြောင်း သတ်မှတ်ခံရသူ စတဲ့ အချက်တွေ အဓိက ပါဝင်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်တွေက ထုတ်ပြန်ကြေညာပုံတွေကိုပါ ပြောင်းလဲဖို့ အဆိုပြုခဲ့တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။
“မူလပုဒ်မအရ အရွေးခံရတဲ့ ပုဂ္ဂိုလ်တွေကို မြို့နယ်ကော်မရှင်အဖွဲ့က ကြေညာပိုင်ခွင့်ရှိတယ်။ ကော်မရှင်အဖွဲ့က ပြင်ဆင်ချက်က မြို့နယ်က ခရိုင်ကို ပို့ပေးရမယ်။ ခရိုင်ကပဲ ကြေညာခွင့်ရှိတယ်ဆိုပြီး ပြန်ပြင်တာပေါ့။ အဲဒါကို ဥပဒေကြမ်းကော်မတီက ဝေဖန်တင်ပြတဲ့နေရာမှာ အဲလိုမျိုး မြို့နယ်က မဆုံးဖြတ်ဘဲ ခရိုင်က ဆုံးဖြတ်မယ်ဆိုရင် အများကြီး ကြန့်ကြာသွားမယ့် အခြေအနေရှိတယ်။ သက်ဆိုင်ရာ မြို့နယ်က မဆုံးဖြတ်သေးခင် ခရိုင်က ဆုံးဖြတ်တဲ့အတွက် သံသယ ၀င်လာစရာ အကြောင်းအများကြီး ရှိတယ်ဆိုပြီး ဝေဖန်တင်ပြတယ်။ အဲဒါကြောင့် ဒီဥပဒေကို မပြင်ဆင်သင့်ဘူး။ မူလအတိုင်းပဲ ထားသင့်တယ်ဆိုပြီး ပြောသွားတယ်။”
ဒီဥပဒေကြမ်းကို ဒီလ ဒုတိယပတ်မှာ ဆွေးနွေးဆုံးဖြတ်နိုင်ဖို့အတွက် ပြင်ဆင်လိုတဲ့ ဥပဒေတွေကို အပိုဒ်တွေ၊ အပိုဒ်ခွဲတွေနဲ့ အကြောင်းအရာတွေကို အတိအကျ ဖော်ပြပြီး ကိုယ်စားလှယ်တွေ တင်သွင်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားထားပါတယ်။
Leave a Reply