အံ့ဘုန်းမြတ် (၂၂ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
အုပ်ချုပ်ရေးပိုင်းမှာ ခေတ်အဆက်ဆက် ရှိနေတဲ့ ကြိုးနီစနစ် အမူအကျင့်တွေကို တိုက်ဖျက်အရေးယူသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ဖွင့်ပွဲ မိန့်ခွန်းမှာ ထည့်ပြော သွားတာပါ။
ဒုတိယသမ္မတကအစ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအထိ ကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကိုလည်း ကတိပြုပြောကြားသွား တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပြပါတယ်။
“ကျနော်တို့ တွေ့နေရတဲ့အခက်အခဲလေးတွေကလည်း ရပ်ကွက်အုပ်ချုပ်ရေး တော်တော်များများက ထင်တိုင်းကြဲတဲ့ ဆရာကြီးတွေ များတယ်။ အများစုခံရတာလည်း အဲဒါတွေပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူပြောသွားတော့လည်း ကျနော်တို့ မျှော်လင့်ချက် ကောင်းကောင်းထားတယ်။”
သမ္မတမိန့်ခွန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသူတွေနဲ့ပတ်သက်ပြီး သဘောထား ပြောင်းလဲလာတာ တွေ့ရပုံကိုလည်း ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
“ပထမဆုံး သမ္မတအဖြစ် ရာထူးလက်ခံတဲ့အချိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို ဥပဒေအရ လုပ်မယ်ဆိုတဲ့သဘောတွေ သူကပြောတယ်။ အဲဒါက ပထမအချိန်ပေါ့။ အခုဒုတိယအချိန်ကျတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လက်မခံတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေအတွက် ပဋိပက္ခတွေ လျော့ပါးအောင် ညှိနှိုင်းဆောင်ရွက်မယ့် သဘောပြောတယ်။ အဲဒါက ကွာသွားတယ်။”
သမ္မတဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ လက်ရှိအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အဓိကထား ပြောကြားသွားပါတယ်။
Leave a Reply