အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
လွှတ်တော်တွေက ရေးရာကော်မတီသစ်တွေမှာ နအဖ စစ်အစိုးရခေတ်က ၀န်ကြီး ဟောင်းတွေနဲ့ တပါတီ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။
မနေ့ကစတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မတီ ၁၈ ခု၊ အမျိုးသား လွှတ်တော်မှာ ၈ ခု ဖွဲ့စည်းအတည်ပြုပါတယ်။ ဒီကော်မတီတွေမှာ ဥက္ကဋ္ဌတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖွဲ့ဝင် ၀န်ကြီးဟောင်းတွေက အများစုပါဝင်နေတဲ့အပေါ် ဒီ့ပြင်ပါတီခေါင်းဆောင်တွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက “အမှန်မှာတော့ ကော်မတီ ဥက္ကဋ္ဌနေရာမှာ ပါတီစုံကနေ သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါမယ်ဆိုရင်တော့ မြင်ကွင်းပိုလှတာပေါ့” လို့ ပြောပါတယ်။
“မပါနိုင်ဘူးဆိုတော့ တချက်စောင့်ကြည့်ရမှာက အဲဒီကော်မတီထဲမှာ တခြားပါတီထဲက ပုဂ္ဂိုလ်တွေရော ကော်မတီဝင်တွေအဖြစ် ဆက်ပါလာဦးမလားဆိုတာ ဆက်ကြည့်ရမှာပေါ့။ ကော်မတီထဲမှာ ဒီမိုကရက်တစ်အင်အားစုတွေကို ဥက္ကဋ္ဌနေရာတွေ မရတာတော့ သာမန်မျက်စိနဲ့ ကြည့်ရင်တော့ သိပ်ကြည့်မကောင်းဘူးပေါ့။”
ဝန်ကြီးဟောင်းတွေကို အဓိက ခန့်တာဟာ ပြည်ခိုင်ဖြိုးပါတီတွင်း ဗျူဟာ ဖြစ်နိုင်တယ်လို့လည်း ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။
“သူတို့အခက်အခဲလည်း ရှိကောင်းရှိမှာပေါ့။ ဒီလိုပုဂ္ဂိုလ်တွေကို ကော်မတီဥက္ကဌလောက် တော့ ပေးမှဖြစ်မယ်ဆိုတဲ့ internal strategy တွေလည်း ရှိကောင်းရှိမှာပေါ့။ ကျနော်တို့ မမြင်နိုင်တဲ့ကိစ္စတွေကို သွားဝေဖန်လို့တော့ မရဘူးပေါ့။ အရေးကြီးတာက အဲဒီကော်မတီတွေက ပြည်သူတွေကို တကယ်ပဲ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ပေးမပေးဆိုတဲ့ အချိန်အခါနဲ့ တိုင်းတာရမှာကိုး။ တဆင့်ထပ်ကြည့်ရမှာပေါ့။”
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကတော့ လုပ်ငန်းအတွေ့အကြုံရှိသူတွေကို ကော်မတီတာဝန်တွေပေးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“၀န်ကြီးအဆင့်မဟုတ်တဲ့လူတော့ အနည်းအကျဉ်းပဲ တွေ့ရတယ်။ တတ်နိုင်သမျှ ၀န်ကြီးအဆင့်က ပုဂ္ဂိုလ်တွေ၊ အရင်တုန်းက ၀န်ကြီးတွေ၊ ပါတီအနေနဲ့ ပြောမယ်ဆိုရင် တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေကို တာဝန်ပေးအပ် တာ တွေ့ရတော့ လုပ်ငန်းအတွေ့အကြုံအရ ဆိုရင်လည်း လက်ရှိ အတွေ့အကြုံရှိနေပြီး သားလည်း ဖြစ်တယ်။ နောက်တခါ ဒီဟာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အခါ သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ဆက်စပ်မှုယူပြီးတော့ လုပ်ရင်တော့ ချောမွေ့တဲ့သဘောမျိုး အဲလိုမျိုးရည်ရွယ်ပြီးတော့ တာဝန်ပေးသလားလို့ မြင်ပါတယ်။”
လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေမှာတော့ လွှတ်တော်တွေဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနဲ့ နိုင်ငံခြားရေးတို့အပြင် တခြားရေးရာကိစ္စတွေကို လေ့လာတင်ပြနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကော်မတီတွေကို ကာလသတ်မှတ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ဒီကော်မတီတွေရဲ့ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းကိုပါ တခါတည်း သတ်မှတ်ပေးရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်က တခြားကိစ္စတွေကို လေ့လာဖို့ လိုအပ်လာရင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖြစ်စေ၊ တခြားနိုင်ငံသားတွေနဲ့ဖြစ်စေ ဖွဲ့စည်းခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
Leave a Reply