စာနယ်ဇင်း, ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, အစိုးရအဖွဲ့, နိုင်ငံရေး

လွှတ်တော်အစည်းအဝေး သတင်းယူခွင့် စီမံခန့်ခွဲရေးပိုင်း အားနည်းချက်များရှိဟုဆို


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

ဒီကနေ့ နေပြည်တော်မှာ စတင်ပြုလုပ်နေတဲ့ ဒုတိယအကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးဖွင့်ပွဲအခမ်းအနား သတင်းယူခွင့်အစီအစဉ်တွေမှာ စီမံခန့်ခွဲရေးပိုင်း အားနည်းချက်တွေ ရှိတယ်လို့ သတင်းယူနေကြတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေက ဝေဖန်ပြောကြားလိုက်ကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့အတူ လွှတ်တော်သတင်းထုတ်ပြန်ရေးနဲ့ ပြန်ကြားရေးကော်မတီရဲ့ သတင်းယူခွင့် စီစဉ်ပေးမှုတွေအပေါ် အဆင်မပြေမှုတွေ ရှိခဲ့တဲ့အပေါ် သတင်းမီဒီယာသမားတွေက ပြောကြားလိုက်ကြတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ဖွင့်ပွဲမှာ တက်ရောက် သတင်းယူနေတဲ့ သတင်းသမားတဦးက အခုလိုပြောပါတယ်။

“ဥပမာဆိုပါတော့ သမ္မတပြောတဲ့ မိန့်ခွန်းကို တက်တဲ့သတင်းထောက်က အယောက် ၅၀ လောက်မှာ ကော်ပီကူးတာ၊ အစောင် ၂၀ လောက်ဆို အမှန်က ဒါတွေကို လုယူနေစရာ မလိုအပ်တဲ့ကိစ္စ။ နောက်တခါ နှစ်မိနစ်၊ သုံးမိနစ် အချိန်ပေးတယ်။ အပြည်ပြည်ဆိုင်ရာ ပုံစံမျိုး။ နှစ်မိနစ် အထဲဝင်လိုက်၊ ပြီးရင် အပြင်မှာပြန်ဆုတ်ပေါ့။ အဲဒီမှာ လူကြီးက စကားထပြောပြီဆိုမှ ၀င်ရိုက်ဆိုတော့မှ တ၀ုန်းဝုန်းနဲ့ နေရာပြေးယူရတယ် အဆင်မပြေဘူး။ အဲဒီအားနည်းချက်တွေ ရှိတယ်။ အခုမှ စတာဆိုတော့ စနစ်တကျ မရှိဘူး။”

သတင်းဂျာနယ် အယ်ဒီတာတဦးကလည်း  အတွေ့အကြုံတွေကို အခုလိုပြောပြပါတယ်။

“ကျနော်တို့မီဒီယာတွေကို သပ်သပ် အပေါ်ထပ်မှာမီဒီယာအုပ်စုဆိုပြီး မှန်တွေထဲက လှမ်းမြင်နေရတယ်။ အသံကတော့ အထဲမှာ အသံချဲ့စက်တွေ ရှိတော့ ကြားနေရတယ်။ ဓာတ်ပုံရိုက်တဲ့အချိန်ကျရင် လွှတ်တော်ဥက္ကဋ္ဌကို ဓာတ်ပုံသွားရိုက်လို့ ရတယ်။ လွှတ်တော်ဥက္ကဋ္ဌ လာပြီဆိုရင် ဓာတ်ပုံရိုက်ခွင့် ၅မိနစ်ပေးတယ်။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မေးခွန်းမေးမြန်းဖို့ မပြုလုပ်ဖို့ မေတ္တာရပ်ခံထားတာတော့ ရှိတယ်။ ဒါပေမယ့် ဟိုမှာတော့ ဘာပဲဖြစ်ဖြစ် သိတဲ့လူနဲ့ တွေ့တဲ့အချိန်မှာ စကားအနည်းငယ်ပြောပြီးတော့ အချို့လည်းမေးကြတယ်။ အရမ်းတော့ တင်းတင်းကျပ်ကျပ် မဟုတ်ပေမယ့် ဓာတ်ပုံရိုက်ရတာ ကန့်သတ်တော့ အခက်အခဲ ရှိတာပါ။ ကျန်တာတော့ အခက်အခဲလို့ မမြင်ဘူး။”

အခု နှစ်နှစ်ဆယ်ကျော်ကာလအတွင်း ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေမှာ သတင်းမီဒီယာတွေကို သတင်းယူခွင့် ပေးတဲ့အပေါ် ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာအချို့ကတော့ ကြိုဆိုထားကြသလို လွှတ်တော်ပြန်ကြားရေး ကော်မတီတွေအနေနဲ့ သတင်းယူခွင့်တွေမှာ ဒီထက်ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်း ပြောကြားထားတာမျိုးတွေရှိပါတယ်။

ဒီလွှတ်တော်ဖွင့်ပွဲ သတင်းယူဖို့အတွက် ပြည်တွင်းပြည်ပ မီဒီယာတွေကို လွှတ်တော် ပြန်ကြားရေးကော်မတီက အချက် (၁၆) ချက်ပါ စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန် ပေးထားပြီး သတင်းမီဒီယာသမားတွေအနေနဲ့ လိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အဲ့ဒီထဲမှာတော့ လွှတ်တော်ရဲ့ လျှို့ဝှက်ကိစ္စတွေ မပေါက်ကြားစေရေး၊ ပြင်ပလွှမ်းမိုးမှုများ မရှိစေရေးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် သတင်းမီဒီယာသမားတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀န်ထမ်းတွေကို လွှတ်တော်ပရ၀ဏ်အတွင်း ပြန်ကြားရေးကော်မတီရဲ့ ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန် အချက်တွေ ပါဝင်ထားပါတယ်။

ဒါ့အပြင် လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ စပ်လျဉ်းပြီးတော့လည်း လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့၊ အများပြည်သူတို့ကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ သတင်းရေးသားဖော်ပြခြင်းတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: