အံ့ဘုန်းမြတ် (၂၂ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
သတင်းမီဒီယာအပါအ၀င် ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ ဝေဖန် အကြံပြုချက်တွေကို ခံယူမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့ ပြန်စတဲ့ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက ဒီလိုပြောလိုက်တာပါ။
ဒီလွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ အထူးဧည့်သည်တော်တွေ၊ သတင်းမီဒီယာတွေပါ ရောက်နေကြပြီဖြစ်လို့ ဒီမိုကရေစီ ပီပြင်စွာ ဖြစ်ထွန်းစေတဲ့ အင်္ဂါရပ်တွေ စုံညီစွာ ပါဝင်လာပြီလို့လည်း ဦးရွှေမန်းက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့လည်း
“အတိတ်က သင်ခန်းစာတွေကို ရယူပြီး ယနေ့ မျက်မှောက်ကာလမှာ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို မိမိတို့အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
“ဒါကြောင့် လွှတ်တော်မှာ အရည်အချင်းရှိဖို့ လိုပါတယ်။ ခိုင်မာတောင့်တင်းဖို့လည်း လိုပါတယ်။ ခိုင်မြဲအောင် တည်ဆောက်နေဖို့လည်း လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အသီးသီး၊ အရည်အချင်း တိုးတက်မြင့်မားနေအောင် ပုံစံမျိုးစုံနဲ့ လေ့ကျင့်နေကြဖို့လည်း လိုအပ်သလို စည်းလုံးညီညွတ်စွာ ရှိနေစေရေးအတွက် တဦးနှင့်တဦး နားလည်လေးစားကြရန်နဲ့ ပြုမူဆောင်ရွက်ကြဖို့လည်း လိုပါတယ်။”
လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူအကျိုး၊ ပြည်ထောင်စုအကျိုး၊ နိုင်ငံအကျိုး ဆောင်ရွက်နေကြတယ်လို့ ခံယူပြီး ပြောဆိုပြုမူ ဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်းလည်း ပြောသွားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းမယ့် ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်လို့
“နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ ဖြစ်ထွန်းစေမယ့် ဥပဒေတွေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေ အလျင်အမြန် ဖြစ်ပေါ်လာဖို့ လိုအပ်နေပါတယ်။ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရေး အတွက်လည်း ဆောင်ရွက်ပေးကြရမယ်” လို့လည်း ပြောသွားပါတယ်။
Leave a Reply