အံ့ဘုန်းမြတ် ၂၂ သြဂုတ် ၂၀၁၁ (ဒီဗွီဘီ)
အမြတ်ခွန်ဥပဒေ လုံးဝဖျက်သိမ်းရေး ဥပဒေမူကြမ်း အပါအ၀င် ဘဏ္ဍာအခွန်နဲ့ သက်ဆိုင်တဲ့ ဥပဒေမူကြမ်းတွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ပါတယ်။
တံဆိပ်ခေါင်းအက်ဥပဒေ၊ ကုန်သွယ်လုပ် ငန်းခွန်ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ၊ ရုံးခွန် ဥပဒေ ၀င်ငွေခွန်ဥပဒေ၊ ရုံးခွန်ဥပဒေ စတဲ့ဥပဒေတို့ကို ပြင်ဆင်ရေးအတွက် ဥပဒေမူ ကြမ်းတွေကိုလည်း ၀န်ကြီးက တင်ပြသွားပါတယ်။
ဒီဥပဒေမူကြမ်း ပြင်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကြည်မြင့် (လသာ) က ခုလို သုံးသပ်ပြောကြားပါတယ်။
“ထင်တိုင်းကြဲတဲ့ ကိစ္စတွေ၊ သူတို့ပြောတဲ့ စကားမှာ ၂ ချက်ပဲ ခံပါတယ်။ ဥပဒေတွေက အလွန်ကြာညောင်းလာတော့ သဘာဝမကျတော့တာနဲ့ ဈေးကွက်စီးပွားရေးအရ ဒီဟာတွေက အဟန့်အတားဖြစ်စေတဲ့ အတွက် ဒီ ၂ ချက်ကို ခံပြီးတော့ ဒီ ၅ ခုလုံးကို တခါထပြောတိုင်း ဒီနှစ်ခုကို ခံပြောတယ်။ ကျနော်တို့ကို လွှတ်တော်အစည်းအဝေးမှာ ပေးပါတယ်။”
ပြည်ထောင်စုလွှတ်တော်နာယက ဦးတင်အောင်မြင့်ရဲ့ ပြောကြားသွားချက်က ထူးခြားတယ်လို့လည်း ဦးကြည်မြင့်က ပြောပါတယ်။
“ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးတင်အောင်မြင့်ရဲ့ နောက်ဆုံးစကားလေးက လှတယ်။ အဲဒါကတော့ အခုလွှတ်တော်မှာလည်း ဆောင်ပုဒ်လေးတခု ရေးထားတယ်။ အဲဒါထည့်ပြောတယ်။ နောက်တခါ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူ့သဘောထား၊ လွှတ်တော်က အရေးတယူ ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို အဲဒါလေးကို ပြောရင်းနဲ့ သူက အခုကျင်းပမယ့် လွှတ်တော်မှာ အထွေထွေ မေးခွန်းတွေ မြန်မြန်ဆန်ဆန်လေးနဲ့ စုံစုံလင်လင်လေး လုပ်ကြပါစို့လို့ ပြောပြီး နိဂုံးချုပ်သွားတယ် အဲ့စကားလေးကတော့ လှပါတယ်။”
မနက်ဖြန် ဒုတိယနေ့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေမှာ အဆိုတွေ တင်သွင်းဖို့ရှိသလို ဥပဒေမူကြမ်းတချို့ကိုလည်း ထပ်မံဆွေးနွေးဖို့ သင့်မသင့် ဆုံးဖြတ်ဖို့ ရှိပါတယ်။
Leave a Reply