အံ့ဘုန်းမြတ် (၂၂ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ရေးရာကော်မတီ အသီးသီးကို ဖွဲ့စည်းဖို့ နေပြည်တော်မှာ ဒီနေ့လုပ်တဲ့ ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွေမှာ အဆိုပြုပြီး ကော်မတီဥက္ကဋ္ဌနေရာတွေကိုလည်း လွှတ်တော် ဥက္ကဋ္ဌတွေက အဆိုပြုကြပါတယ်။
အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားရေးရာ၊ အမျိုးသမီး၊ ကလးသူငယ်၊ တောင်သူလယ်သမား စတဲ့ ရေးရာကော်မတီ ၈ ခုကို အဆိုပြုသွားကြတာပါ။
ပြည်သူ့လွှတ်တော်မှာတော့ အထက်ပါ ကော်မတီ ၈ ခု အပါအ၀င် ကော်မတီ ၁၈ ခု ဖွဲ့စည်းဖို့ အဆိုပြုသွားကြပါတယ်။
ကော်မတီဥက္ကဋ္ဌတွေအဖြစ် နအဖ စစ်အစိုးရ လက်ထက်တုန်းက ၀န်ကြီးဟောင်း တွေ အများစုပါဝင်လာပြီး ကော်မတီဝင်တွေ အဖြစ် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုပါတီတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်နေတယ်လို့ အမျိုးသားလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် အဆိုပြုခံရတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ ပြောပြချက်အရ သိရပါတယ်။
“၀န်ကြီး တော်တော်များများ ကော်မတီမှာ ပြန်ပါသွားပါတယ်။ အရင် ၀န်ကြီး ဟောင်းတို့၊ မြို့တော်ဝန် ဦးအောင်သိန်းလင်းလည်း ပါတယ်ပြောတယ်။ ဦးသိန်းမြင့်လည်း ပါတယ်။ ဥက္ကဋ္ဌတွေအနေနဲ့ပြောတာ။ ကျန်တာတွေတော့ အကုန် မျှဝင်သွားတယ်၊ လွှတ်တော်ကိုယ်စားလှယ်ထဲက။”
အမျိုးသားလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ အနေနဲ့ ဆောင်ရွက်မယ့်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးခင်ရွှေက “လူတွေရှိတဲ့နေရာ ကျောင်းသွားထားမလား။ ကျောင်းတွေရှိတဲ့နေရာ ကျောင်းသားတွေသွားမလား။ အဲဒါတွေက ပြန်သုံးသပ်ပြီး အလုပ်ရုံဆွေးနွေးပွဲ လုပ်ဖို့လိုပါတယ်။ အဲဒါပြန်သုံးသပ်ရမယ်” စသည်ဖြင့် ရှင်းလင်းပြောပြပါတယ်။
“ကျောင်းတွေက မြို့ပြင်တွေ ရောက်ကုန်ရော။ ကလေးတွေအတွက် လမ်းစရိတ်က အစ၊ အကျင့်စာရိတ္တကအစ သိပ်မကောင်းဘူး။ ပညာရေးစနစ်တွေ ပြန်သုံးသပ်ရမယ်။ ကြံ့ခိုင်ကျန်းမာတဲ့ ပညာရေးစနစ်ပေါ့။ ကိုယ့်ကိုကိုယ် အားကိုးတဲ့ ပညာရေးစနစ်တို့ အဲဒါတွေ အကုန်လုံးပြန်ပြီးတော့ အကောင်အထည်ဖော်ရမယ်။ ကြက်တူရွေးလို စာသင်ပြီး အလွတ်ကျက်ပြီး စာမေးပွဲဖြေတာမျိုး ပညာရေးစနစ်ကနေ ပြောင်းရမယ်။”
မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ဖူးတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ဒီလုပ်ငန်းတွေမှာ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ဦးခင်ရွှေက ပြောပါတယ်။
“ရည်ရွယ်ချက်ချင်းက အကုန်တူညီကြတယ်လေ။ ကောင်းတာလုပ်ဖို့ တူကြတဲ့ လူတွေချည်းပဲ။ ညှိနှိုင်းဖို့ မခဲယဉ်းပါဘူး။”
ပြီးခဲ့တဲ့မတ်လမှာ ပြီးဆုံးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတုန်းကတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် နှစ်ရပ်စလုံးမှာ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း၊ လွှတ်တော်အခွင့်အရေး၊ အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး စတဲ့ ကော်မတီ ၄ ခုစီကို ဖွဲ့စည်းခဲ့ပါတယ်။
Leave a Reply